အထိမခံနိုင်လောက်အောင် အားနည်း ပျော့ခွေနေတဲ့ မြန်မာ့ ငွေကြေးဈေးကွက် ဟာ မနေ့က စလို့ မြန်မာ ကျပ်ငွေ မာပြီး တန်ဖိုးတက်လာလို့ နည်းနည်း မျက်လုံးလေးတွေ ပျာကလပ် ပျာကလပ်ဖြစ်နေကြပါပြီ။ စီးပွါးရေး လောက က လူတွေ စုလို့ ဘာကြောင့်တုန်း ဘာညာ ထင်ကြေးတွေပေးကြနဲ့ ပေါ့။ မြန်မာ့စီးပွါးရေး ဟာ အဓိက အားဖြင့် သူများနိုင်ငံတွေလိုပါပဲ နောက်ဆုံးတော့ နိုင်ငံတကာ ကုန်သွယ်မှု ပေါ်မှာ မှီတည်နေရတာပါပဲ။ ဒါပေမယ့်လည်း တရားဝင်လမ်းကြောင်းမှ ကုန်သွယ်မှုကတော့ တစ်နှစ်လုံးမှ အမေရိကန်ဒေါ်လာ ၅ ဘီလီယံ လောက်သာ ရှိတဲ့စီးပွါးရေးစနစ်ပါ။ ဒါဟာ အိမ်နီးချင်း ထိုင်းနိုင်ငံထက် ၁၀ဆ မက နည်းပါးပြီး ကမ္ဘာ့ကုန်သွယ်မှု မှာလည်း အနည်းဆုံး အဆင့်မှာ ပါပါတယ်။ ဒီတော့ တစ်ခါတစ်လေ ကမ္ဘာ့ ကုန်သွယ်မှု ကမောက်ကမ များ ရဲ့ အကျိုးဆက်တွေကို မြန်မာ ပြည်မှာ ချက်ခြင်း မြင်သာထင်သာ မရှိတာဖြစ်ပါတယ်။ အထူးသဖြင့် ကုန်သွယ်မှု ပမာဏ ကနည်းလေတော့ တော်ရုံတန်ရုံ ငွေကြေး ပမာဏ အတိုင်းအတာ တစ်ခု ဟာ မြန်မာ့ ထုတ်ကုန် နဲ့ ငွေကြေးဈေးကွက်ကို ကိုင်လှုပ်နိုင်ပါတယ်။ ဖြစ်သွားခဲ့တဲ့ သာဓက တွေလည်း ရှိပါတယ်။ လူလိမ် ကုလားလေးတစ်ကောင်က ဒေါ်လာ သန်းနှစ်ရာလောက် အလွဲသုံးစားလုပ်တာနဲ့ ပြည်တွင်း ငွေကြေးဈေးကွက်က ကမောက်နဲ့ ကမတွေ ဖြစ်ကုန်တာတို့၊ ဘယ်သူကတော့ ဘာကို အ၀ယ်ရပ်လိုက်လို့ ဘယ်ဈေးတွေတော့ ဘယ်လိုကျကုန်တာတို့ပါပဲ။

အခုလည်း ပို့ကုန်သမားတွေအတွက် ဈေးတွက်ရမယ့် အခြေခံ ငွေလည်းနှုန်းရှင်ဖြစ်တဲ့ ပို့ကုန်ရငွေ(Export Earning) လဲလှယ်နှုန်း ဈေးဟာ ရုတ်တရက် အောက်ဆင်းလာတာ ဒီနေ့ဆိုရင် ၁ဒေါ်လာကို ကျပ်၁၀၀၀ ပြည့်ရအောင် မနည်းရောင်းနေရပါတော့တယ်။ ပို့ကုန် သမားတွေအတွက် မျက်ဖြူဆိုက် စရာအခြေအနေပါ။ ပုံမှန်အားဖြင့် ပို့ကုန်သမားတစ်ယောက်က ပြည်တွင်း ကုန်ကြမ်း ဈေးကိုပို့ကုန်ရငွေ(Export Earning) လဲလှယ်နှုန်း ကိုအခြေခံလို့ ဒေါ်လာဖွဲ့လို့ ၁၀%နှုန်းပေါင်းပြီး ဒေါ်လာနဲ့ ရန်ကုန် ဆိပ်ကမ်းတင် ဈေး (FOB Yangon price in US$ )ကို ပြောကြရတာပါ။ ၁၀% ဆိုတာကတော့ အစိုးရက ပို့ကုန် တန်ဖိုးပေါ်က ဖြတ်တဲ့ အခွန်ပါ၊ သိသလောက်တော့ မြန်မာပြည်မှာ ပဲ ဒီလို ပို့ကုန်ပေါ် တိုက်ရိုက်အခွန်ကောက်စနစ်ရှိပါတော့တယ်။ ဒီလို ပို့ကုန်ဈေးနှုန်းတွက်ချက်မှု အတွက် ငွေလဲလှယ်နှုန်း က အဓိက ဖြစ်တာ လူတိုင်းနားလည်မှာပါ။ အခုလိုမျိုး ငွေလဲလှယ်နှုန်းမှာ မြန်မာ ကျပ်ငွေဈေး မြင့်လာတော့ ပို့ကုန်သမားတွေအတွက် နိုင်ငံတကာဈေးကွက်မှာ ဈေးမကိုက်ဖြစ်ရပါတော့တယ်။ စာချုပ်ထားပြီး သားသူတွေအတွက်လည်း အရှုံးပေါ် အမြတ်မကျန် ဖြစ်ကြရတာပေါ့။ ဒီလို ငွေလဲနှုန်း မှာ မြန်မာငွေမာလာ လို့လည်း ပြည်တွင်း ဈေးကွက် မှာ ထူးခြားပြီး ဘာကုန်ဈေးနှုန်းမှ ကျတယ် မရှိပါဘူး။ တောင်သူ လယ်သမားတွေ နဲ့ နယ်က ကုန်သည် ပွဲစားတွေ သာ ရန်ကုန် ၀ယ်လက် က ဈေးနှိမ်တာ ခံရချက်နာ ဖြစ်ရတာပါ။

ဘာကြောင့် ငွေလဲလှယ်နှုန်း ဒီလောက်ကျသွားတာတုန်း ဆိုတာကတော့ စောစောက ပြောသလို မြန်မာ့စီးပွါးရေး နဲ့ ကုန်သွယ်မှု ပမာဏလေးက သေးလွန်းလို့ နိုင်ငံခြားကဖြစ်စေ ပြည်တွင်းက ဖြစ်စေ ငွေကြေးရွှေ့ပြောင်းမှု သေးသေးလေးလုပ်လာရင်တောင် မခံနိုင်လို့ပါ။ ( ဥပမာအားဖြင့် မြန်မာနိုင်ငံထက် ၁၀ဆ မကကြီးမားပါတယ်ဆိုတဲ့ ထိုင်းနိုင်ငံ ရဲ့ စီးပွါးရေးတောင် ၁၉၉၇ ခုနှစ် က ဒီလို ရိုက်ခတ်မှုကို အလူးအလဲ ခံခဲ့ရတာပါ။ ဒီ၁၉၉၇ ကိစ္စ ကတော့ ငွေကြေး ပမာဏ အရမ်းများပြီး လှုပ်ရှားမှု နယ်ပယ် အတိုင်းအတာက ကြီးမားပါတယ်။ ) မြန်မာ့ပြည်မှာ နိုင်ငံတကာ ကုန်သွယ်မှုကို လုပ်ကိုင်ပေးနိုင်တာက ဘဏ်နှစ်ခုပဲရှိပါတယ်။ MFTB လို့ခေါ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ရယ် ၊ MICB လို့အသိများတဲ့ မြန်မာ့ရင်းနှီးမြှုတ်နှံမှု ဘဏ် တို့ပဲဖြစ်ပါတယ်။ ဒီတစ်ပါတ် ထင်သာမြင်သာ ရှိတဲ့ ငွေကြေးဆိုင်ရာအပြောင်းအလဲတစ်ခု ကတော့ အဲဒီ ဘဏ်နှစ်ခုမှာ ဖြစ်ခဲ့ပါတယ်။ ဒါကတော့ အချုပ်အားဖြင့်ပြောရရင်  “အိမ်ငှား၍ဖြစ်စေ၊ လခရ၍ဖြစ်စေ ရလာသောFEC ကို ၁၀% အခွန်ပေးဆောင်ပြီး ငွေစာရင်း ဖွင့်လှစ်ရင် ထိုငွေများကို သွင်းကုန် သွင်းခွင့် ပြုမယ်လို့ ” စာထုတ် ပြီး ကပ်ထားတာဖြစ်ပါတယ်။ ဒါကတော့ တကယ်တမ်း လက်ရှိ FEC ဈေးနှုန်းနဲ့ Export Earning ဈေးနှုန်းရယ်အရ ဘာမှ သက်ရောက်မှု ကြီးကြီးမရှိ နိုင်သေးပါဘူး။

တကယ် ထိရောက်မှု ကို ဖန်တီးလိုက်တာကတော့ မြင်သာထင်သာမရှိ ပေမယ့် ဈေးကွက်ကို လှုပ်ရမ်းသွားစေတဲ့ “ ပြည်တော်ပြန် ပိုက်ဆံ ” တွေကြောင့်ပါ။ ဘယ်လို ပြည်တော်ပြန် ပိုက်ဆံတွေပါလဲ လို့ ရှုပ်မသွားပါနဲ့ဦး။ ရှင်းမပြခင် ပြီးခဲတဲ့ အပတ်က ထွက်ပေါ်လာတဲ့ ပုဂ္ဂလိက ဘဏ်အသစ်လေးခုအကြောင်း ပြန်ပြောင်းလို့ ခေါင်းထဲ ပြန်ထည့်ထားပါ။ ဟုတ်ပါတယ် ဘဏ်ဖွင့်မယ့် သူကောင့်သားများက ငွေပင်ငွေရင်း အလို့ငှာ သွင်းယူလာသော ၎င်းတို့၏ ပြည်ပအဝေးရောက် ငွေကြေးများ သာဖြစ်ပါတယ်။ အဲဒီ ပြည်တော်ပြန် ပိုက်ဆံ ကလည်း သိပ်အများကြီးမဟုတ်ပါဘူး ( တကယ့်တမ်း နိုင်ငံတကာ စံနှုန်းအရ ဆိုရင်ပေါ့လေ ) အမေရိကန် ဒေါ်လာ သန်းလေးဆယ် ပတ်ဝန်းကျင်ပဲရှိပါတယ်။ ဒါပေမယ့်လည်း သိတယ် ဟုတ် အပေါ်မှာ ရှင်းပြသလို ဒါက မြန်မာပြည်လေ။ ဒါတောင် ဘဏ်ဖွင့်ခွင့်ပြုထားတဲ့ လေးခု လုံးက ပြည်တော်ပြန် ပိုက်ဆံ တွေ သွင်းလာတာ မဟုတ်သေးဘူးနော်။ အဲဒီ ထပ်သွင်းမှာတွေ က အလွန်နီးကပ်သော အနာဂတ်မှာ သာ ဆိုရင် ဘာတွေ ထပ်ပြီး ဖြစ်ပြန်ဦးမလဲလို့ ရင်မောမိပါသေးတယ်။ ကဲ ခိုင်မာ သော ငွေကြေးစနစ် ဖြစ်ပေါ်လာပါစေ လို့ ဆန္ဒမွန်ဖြင့်သာ ဘက်မလိုက်ပဲ ရေးလိုက်ပါတယ်။

About လင်းဝေ

LIN KYAW has written 154 post in this Website..

Man in the middle of nowhere…. But in the heart full of hope with pragmatic view in optimism