ပုံးထဲသို့ ယာဉ်စီးခထည့်၍ စီးနင်းခြင်းစနစ် ပါရမီ ၂၃၂ ယာဉ်လိုင်းတွင်သာ ဆောင်ရွက်မည်

wailynnooJune 9, 20101min1045

ရန်ကုန်မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းများတွင်  ကျသင့်သည့် ယာဉ်စီးခငွေကို ပုံးထဲသို့ ကိုယ်တိုင် ထည့်သွင်းစီးနင်းရသည့် စနစ်ကိုပါရမီ ၂၃၂ ယာဉ်လိုင်းတစ်လိုင်းတွင်သာ ခရီးသည်များ အလေ့အကျင့် ဖြစ်ပေါ်စေရန် ရည်ရွယ်၍ စီစဉ်ဆောင်ရွက် ပေးထားမည်ဖြစ်ကြောင်း ဗန္ဓုလသယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီလီမိတက် မှ  တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။
”ယာဉ်ပေါ်တက်လာတာနဲ့ ကျသင့်ငွေကို ပုံးထဲထည့်တဲ့ စနစ်နဲ့ အလေ့အကျင့် လေးဖြစ်သွားအောင် စမ်းသပ် စီစဉ်ကြည့်ခြင်းပဲဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ ခရီးသည်တင်ယာဉ် တွေမှာ ယာဉ်နောက်လိုက်မလိုပေမယ့် ဒီမှာတော့ယာဉ်တစ်စီးကို တစ်ယောက်မက လိုအပ်နေတာတွေ့ ရပါတယ်။ အဲဒါတွေကို တဖြည်းဖြည်းနဲ့ လျော့နည်းသွားအောင်ရယ် ခရီးသည်တွေ အလေ့အကျင့်တွေ ဖြစ်အောင်ရယ် ၂၃၂ ယာဉ်လိုင်းတစ်လိုင်းမှာရှိတဲ့ အစီး ၂ဝ လုံးမှာ ပိုက်ဆံပုံးတွေ တပ်ဆင်ပြီး ဆောင်ရွက်စေခဲ့တာပါ။ ဒါတောင်မှ ကျော်သွားတာ၊ မေ့သွားပြီး ပိုက်ဆံ မထည့်တာ၊ ငွေအကြွေအခက်အခဲတွေ ရှိနေတာကြောင့် ယာဉ်နောက်လိုက် တစ်ယောက်ကိုတော့ ထားရပါသေးတယ်။ ဒီစနစ်ကို စမ်းသပ်ကျင့် သုံးတဲ့အတွက် ဒီလိုင်းမှာ ဝင်ငွေလျော့နည်းတာတော့ ရှိခဲ့ပါတယ်။ဒါပေမဲ့ အလေ့အကျင့် ဖြစ်ပေါ်စေဖို့နဲ့ နောင်ကတ်စနစ်တွေနဲ့ သွားနိုင်လာတဲ့ အခါအဆင်ပြေစေဖို့ စမ်းသပ်ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီယာဉ်လိုင်း မှာ အခုလို ဆောင်ရွက်ခဲ့တာလည်း ၈ဝ ရာခိုင်နှုန်းလောက် အောင်မြင်မှုရှိတယ်လို့ သုံးသပ်ရပါတယ်”ဟု ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက် မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ပိုက်ဆံထည့်သွင်း၍ စီးနင်းသည့်စနစ်ကို တရုတ်နိုင်ငံမှ နမူနာယူ ဆောင်ရွက်ခြင်းဖြစ်ပြီး ပါရမီ ၂၃၂ ယာဉ်လိုင်းရှိ ယာဉ်အစီးရေ ၂ဝ လုံးတွင် ပိုက်ဆံပုံးများ တပ်ဆင်ထားပြီးဖြစ်သည်ဟု သိရှိရသည်။

Source: first-11

5 comments

  • etone

    June 9, 2010 at 9:57 am

    အဲ့ဒါကောင်းတယ် … ဒါပေမဲ့ ဘယ်သူက ပိုက်ဆံ အတိအကျထည့်မလဲဆိုတာ ကားမောင်းတဲ့လူက ဘယ်လိုသိမလဲ။
    အကြွေလည်း ကြိုရှာရမယ် ထင်ပါ့ ။ 232 လိုင်းက ဘယ်ကနေဆွဲတာလဲ သိဘူး ။

    • panchitthu

      August 17, 2010 at 10:02 am

      232 လိုုင်းက သန်လျင်ကနေဆွဲတာလေ…

  • intro

    June 9, 2010 at 11:56 am

    အင်း… အကြွေ ပြသနာ ကတော့ တတ်နေဦးမှာပဲ….

  • khinmintatthu

    June 9, 2010 at 8:30 pm

    စည်းစနစ်တော့ရှိလာပါပြီ…..ဘယ်အချိန်ပြန်ပျက်မလဲတော့ မသိသေးပါဘူး…..အကောင်းဘက်ကိုဦးတည်လာတာကတော့ ကောင်းတဲ့လက္ခဏာပါပဲ… ဝမ်းသာစရာပေါ့

  • toyo1960

    August 6, 2010 at 4:24 am

    မဖြစ်နိင်တာတွေပါ…

Leave a Reply