မတ်လ ၁၉ ရက်တုန်းက ရန်ကုန်မှာ မီဒီယာဖွံဖြိုးတိုးတက်ရေး ညီလာခံကျင်းပတယ်။ မတ်လ ၁၈ ရက်နေ့က အမျိုးသားသတင်းဆုပေးပွဲကျင်းပတယ်။ ခင်မင်ရင်းနှီးသူတွေကော၊ မခင်မင် မရင်းနှီးသူတွေကော တက်ရောက်ဆင်နွှဲကြတာကို တွေ့ရတယ်။ အာဏာရှင်တွေ အဆင့်ဆင် ပြဋ္ဌာန်းချုပ်နှောင်ခြင်း နှစ်ပေါင်းများစွာ ခံစားနေရတဲ့ စာနယ်ဇင်း မီဒီယာလောကမှာ သူတို့တွေရဲ့ ဥပဒေ စည်းမျဉ်းတွေ မလိုဘူး၊ သူတို့တတွေရဲ့ ကျောသပ်၊ ရင်သပ် အလုပ်ခံရတာမျိုး မလိုဘူး၊ သူတို့တွေဆီက ဥပဒေတွေနဲ့ ကာကွယ်စောင့်ရှောက်ခြင်း အသနားခံစရာ မလိုဘူးလို့ ပြောလိုက်ချင်တာပဲ။ “စာနယ်ဇင်း” ဆိုမှတော့ “မီဒီယာ” ဆိုမှတော့ ပြည်သူတွေနဲ့ တန်းတူ လွတ်လပ်ခွင့်ပဲ လိုတယ်။ ပြည်သူတွေကို ကန့်သတ်တားဆီးပြီးမှ အာမခံတာတွေ ကာကွယ်တာတွေ လုပ်တဲ့ ဥပဒေတွေ မလိုအပ်ဘူးလို့ ထင်တယ်။

စာပေစိစစ်ရေးအဖွဲ့တို့၊ စာပေစိစစ်ရေးဥပဒေစည်းမျဉ်းတွေက အိုမင်း ဟောင်းနွမ်းနေပြီ။ ဒီတော့ အဲသည်အဖွဲ့ကြီးတွေ၊ စည်းမျဉ်းတွေကို ဖျက်ပြီးတော့ ခေတ်မီတိုးတက်တဲ့ အဖွဲ့ကြီးတွေ၊ ပိုမို လက်တွေ့ကျတဲ့ ထိရောက်တဲ့ စည်းမျဉ်း အာမခံချက်တွေ ရေးဆွဲကြမယ်ဆိုတာက ကာတွန်းစကားနဲ့ ပြောရရင် ကြိုးစင်အဟောင်းကြီးကို ဖျက်ပြီး ကြိုးစင်အသစ်တွေ ဆောက်တာနဲ့ အတူတူပဲလို့ ပြောချင်တယ်။

လက်ရှိ မီဒီယာအသစ်တခုဖြစ်တဲ့ အင်တာနက်မီဒီယာမှာ ဘယ်အာဏာပိုင်တွေနဲ့ ဘယ်ဥပဒေတွေကမှ အသင်းအဖွဲ့တွေ ၀င်ခိုင်း၊ စည်းကမ်းဥပဒေတွေ စည်းကြပ် အရေးယူနေတာတွေ မရှိဘူး ဆိုတာကို ကြည့်စေချင်တယ်။ ရည်ရွယ်ချက်ချင်း၊ အယူဝါဒချင်းတူသူတွေ မိတ်ဆွေဖွဲ့ကြတာ၊ အချင်းချင်း ကျီးမြှောက် ဘုတ်မြှောက်လုပ်ကြတာတွေ ရှိတယ်။ တဖက်နဲ့ တဖက် ပြောဆို ဆွေးနွေး ပြိုင်ဆိုင် ကြတာရှိတယ်။ ရာဇ၀တ်မှုမြောက်ရင်၊ နိုင်ငံတခုခုရဲ့ ဥပဒေကို ထိပါးရင် အဲသည် ဥပဒေအရ အရေးယူကြတာ၊ တရားတဘောင်ဝင်ကြတာ ရှိတယ်။ အင်တာနက်ဥပဒေနဲ့၊ မီဒီယာ ဥပဒေနဲ့ မီဒီယာသမားတွေကို လည်ပင်းကြိုးကွင်းစွပ်တာမျိုး မရှိဘူး။

အခုဟာက မြန်မာပြည်မှာ ဖြစ်နေတဲ့ပုံက ပြည်သူတွေရဲ့ စကားပြန်၊ ပြည်သူတွေရဲ့ အသိဥဏ်ပညာကို စောင့်ရှောက်ကာကွယ် စကားပြန်ရမယ့်၊ မှောင်ရိပ်ခို အလစ်အငိုက် တိုက်ခိုက်မယ့် သူခိုး၊ ဒါးပြတွေကို ဟောင်ရ၊ ဟိန်းရမယ့် မီဒီယာဂုတ်ကျားတွေ၊ အောင်နက်တွေ၊ ရန်လုံတွေ၊ ခွေးဝဲစားတွေက အမြီးတနံ့နံ့နဲ့ အာဏာရှင်တွေ၊ လက်နက်ကိုင်တွေဆီ သွားပြီးတော့ သူခိုး ဒါးရိုးကမ်းနေတာမျိုး၊ အရိုးသွားတောင်းနေတာမျိုး၊ လည်ပတ်စီးပေးဖို့၊ သံကြိုးချည်ပေးဖို့ ပတတ်ရပ်ပြနေသလိုမျိုး ဖြစ်နေတယ်လို့ ခံစားမိတယ်။

မီဒီယာလုပ်ငန်းရှင်တွေ၊ မီဒီယာဝန်ထမ်းတွေကတော့ သူု့ဆန်စား ရဲရမှာပေါ့လေ။ ခိုင်းတာလုပ်၊ ဖိတ်တာသွား၊ ပေးတာရေး၊ ကျွေးတာယူ၊ အချိန်တန် လခလေး၊ ဆုကြေးငွေလေးတွေ ထုတ်၊ ဆန်ဝယ်၊ ဆီဝယ်၊ အိုင်ပက်ဒ်တွေ ၀ယ်၊ အိုင်တွေ့ ခြေဆေးတွေ လုပ်တာကို အထူး စိတ်ထိခို်က်မှု မဖြစ်ပါဘူး။ သံသရာမှာ ဒါမျိုးတွေက ဖြစ်နေကြပါ။

အခုဟာက ပြည်သူအတွက် မီဒီယာသမား၊ စာနယ်ဇင်းသမားဆိုပြီး ခါးတောင်းမြောင်အောင်ကျိုက်၊ ပြည်သူ့အတွက်၊ ဒီမိုကရေစီအတွက် တပြားမှ မလျော့၊ တဒေါ်လာ၊ တယူရို၊ တဘတ်၊ တရင်းဂစ်၊ တစ်ယန်းမှ ဈေးမလျော့နိုင်ဘူး ဆိုတဲ့သူတွေက စစ်အာဏာရှင်တွေမြှောက်စားလို့ အာဏာပုလ္လင်ပေါ်ရောက် တောင်ပြော မြောက်ပြော ခေါင်းပေါင်းစတလူလူတွေကို ညီလာခံတွေ လိုက်တက်၊ ဥပဒေစကား၊ အာမခံချက်စကား၊ ဆုပေး၊ ဒဏ်ပေးစကားတွေ အမြှုပ်တစီစီ နောက်က တကောက်ကောက်နဲ့ လိုက်ပြောနေကြတာကို မျက်စိစပါးမွှေးစူးလွန်းလို့ ရေးမိတာ ဖြစ်ပါတယ်။

မီဒီယာမှာ စာနယ်ဇင်းမှာ လွတ်လပ်ခွင့်ပဲလိုတယ်။ တခြားဘာမှ မလိုဘူး။ အဖွဲ့အစည်းတွေ အာဏာပိုင်တွေက ပေးအပ်တဲ့ “သင်သာလျင် လွတ်လပ်တဲ့ စာနယ်ဇင်းသမားဖြစ်တော့သကိုး” ဆိုတဲ့ လည်ပတ်သံကြိုး မလိုဘူး။ “ငဒို့ အာမခံတဲ့ စာနယ်ဇင်းသမားလေးပါကွယ့် အဖမ်းအဆီး အတားအမြစ် ကင်းလွတ်ခွင့်ရှိစေသတည်း …” ဆိုတဲ့ ပီယဆေးလိုလို ဂမ္ဘီရအဆောင်လိုလို အဆောင်အယောင်တွေ မလိုဘူး။ ပြည်သူတွေနဲ့ တသားတည်း အတူတူ သူလည်း လွတ်လပ်၊ ကိုယ်လည်း လွတ်လပ်တဲ့ တန်းတူညီမျှ အတားအဆီး အနှောက်အယှက်မရှိတဲ့ လွတ်လပ်ခြင်းကို ကိုယ်တိုင် ရယူ ဆောင်ရွက်နိုင်တဲ့ နိုင်ငံသားစာနယ်ဇင်းသမားတွေဖြစ်ဖို့ပဲ လိုတယ် ထင်တယ်။

၁၉၆၂ တော်လှန်ရေးအစိုးရတက်တော့ စစ်အာဏာရှင်နဲ့ မဆလတပါတီ အာဏာရှင် ဦးနေ၀င်း အဆွယ်ကောင်းလို့ ကိုယ့်အဖိုးနဲ့ အဖွား ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့ အစိုးရသတင်းစာတွေမှာ ၀င်လုပ်တယ်။ ၁၉၆၈ မှာမှ အာဏာရှင်တွေ သရုပ်သဘောကို ဘွားဘွားကြီး သိလို့ (အဲသည်ပတ်ဝန်းကျင်မှာ စာပေစိစစ်ရေးတွေ အတော် စခန်းထကြတယ် ပြောတယ်) အလုပ်ကနေ ထွက်ကြ၊ အငြိမ်းစားယူကြရတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဆိုတဲ့ မြန်မာစာပေရဲ့ မီးရှူးတန်ဆောင်ကြီးဟာ အဲသည်တုန်းက ငြိမ်းချမ်းရေးလှုပ်ရှားမှုရဲ့ တပ်ဦးမှာ ရှိနေတယ်။ တော်လှန်ရေးကောင်စီရဲ့ သတင်းစာအလုပ်တွေ၊ စာပေလုပ်သားညီလာခံတွေ ခါးတောင်းကျိုက်ပြီး လိုက်တက်နေတယ်လို့ သမိုင်းမှာ မကြားမိဘူး။ လူထုဒေါ်အမာတို့၊ လူထုဦးလှတို့ကို တော်လှန်ရေးကောင်စီက မျက်မုန်းကျိုးလိုက်သမှ၊ အသက်အန္တရယ်ကို ရန်ရှာတဲ့ အထိပဲ။ အဲသည်တုန်းက စာပေနဲ့ စာနယ်ဇင်းဥပဒေတွေနဲ့ သူတို့လူထုမောင်နှံကို ကာကွယ်စောင့်ရှောက်ပေးတယ် တခါမှ မကြားမိပါဘူး။ နိုင်ငံတော်အရေးပေါ်ဥပဒေတွေနဲ့ ဖမ်းတယ်၊ သိမ်းတယ်၊ တားတယ်ပဲ ရှိခဲ့ပါတယ်။

လွတ်လပ်တဲ့ တိုင်းပြည်မှာ သာမန်လမ်းဘေးပြည်သူကလည်း အစိုးရကို မကျေနပ်ရင် လမ်းပေါ်ထွက် ဆဲချင် ဆဲတာပဲ။ ဆန္ဒပြချင် ပြတာပဲ။ စာနယ်ဇင်းသမားတွေကလည်း သူတို့ စိတ်မလိုရင် မလိုသလို ရေးသားဝေဖန် ပြစ်တင်နေတာပဲ။ သူတို့ကို အာမခံတဲ့ အခြေခံဥပဒေက တခုတည်းပဲ ရှိတယ်။ လူသားတိုင်း မိမိစိတ်ဆန္ဒရှိသည့်အတိုင်း လွတ်လပ်စွာ ထုတ်ဖော်၊ ပြောဆို၊ ရေးသား၊ ဖြန့်ချိခွင့် ရှိသည် ဆိုတာပဲ။ သတင်းစာဆရာလည်း လူပဲ။ လူသားအားလုံး အတူတူ လွတ်လပ်ခွင့် ရှိရမယ်။ ငါတို့က စာနယ်ဇင်းသမားတွေမို့လို့ သာမန်လူသားတွေထက် တမူးပိုရှုချင်ရင် အာဏာသမား၊ ငွေသမား၊ အခွင့်အရေးသမားနောက်လိုက်တဲ့ ဘိန်းစားပဲ ဖြစ်လိမ့်မယ်။

မှတ်ချက်။ ။ မိုးမခ မောင်ရစ်ဆီမှ ကူးယူသည်။
http://moemaka.com/2012/03/maung-yit-%E1%80%99%E1%80%AE%E1%80%92%E1%80%AE%E1%80%9A%E1%80%AC%E1%80%86%E1%80%AD%E1%80%AF%E1%80%AF%E1%80%90%E1%80%AC-%E1%80%9C%E1%80%BC%E1%80%90%E1%80%B9%E1%80%9C%E1%80%95%E1%80%B9%E1%80%81/

kai

About kai

Kai has written 933 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.