ပုံနှိပ်မီဒီယာဥပဒေနှင့် ပတ်သက်၍ .. (လူထုဦးစိန်ဝင်းနှင့် Eleven Media အင်တာဗျူး)

kaiMarch 22, 20121min28422

“မီဒီယာဖွံ့ဖြိုးတိုးတက်စေချင်တယ်၊ စတုတ္ထမဏ္ဍိုင် ကြံ့ခိုင်စေချင်တယ်ဆိုရင်၊ မီဒီယာဖွံ့ဖြိုးတိုးတက်အောင်၊ လုပ်ကိုင်နိုင်တဲ့ အခြေအနေကို ဖန်တီးပေးဖို့ပဲ ဖြစ်တယ်။ မီဒီယာတွေကို ထပ်ပြီးတော့ ချုပ်ကိုင်ဖို့ မလုပ်သင့်ဘူး” ဝါရင့် သတင်းစာဆရာ လူထုဦးစိန်ဝင်းနှင့် တွေ့ဆုံခြင်း
Wednesday, 21 March 2012 22:44

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) တို့ ပူးပေါင်းပြီး Conference on Media Development in Myanmar အလုပ်ရုံ ဆွေးနွေးပွဲကို မတ်လ ၁၉ရက်နှင့် ၂ဝရက်နေ့တွင် ရန်ကုန်မြို့ရှိ ချာထရီယမ် ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲအပေါ် အမြင်များနှင့် အစိုးရမှ ရေးဆွဲပြဋ္ဌာန်းရန် ပြင်ဆင်နေသော ပုံနှိပ်မီဒီယာဥပဒေနှင့် ပတ်သက်ပြီး ဝါရင့် သတင်းစာဆရာ လူထုဦးစိန်ဝင်းအား မေးမြန်းထားခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး – မတ်လ ၁၉၊ ၂ဝ မှာ Conference on Media Development in Myanmar အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မှာ လုပ်ခဲ့ပါတယ်။ လုပ်တဲ့အခါမှာ ပြည်တွင်းက လူတစ်ချို့ကို ခေါ်တယ်။ ပြည်ပက လူတစ်ချို့ကို ခေါ်တယ်။ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ UNESCO တို့ ပူးပေါင်းပြီး လုပ်ခဲ့တယ်။ နိုင်ငံတကာ မီဒီယာ ထောက်ပံ့ရေးအဖွဲ့(IMS) လည်း ပါတယ်လို့ သိရပါတယ်။ တပ်ထားတဲ့ ခေါင်းစဉ်ကတော့ Media Development in Myanmar လို့ ဆိုပါတယ်။ သတင်းတော်တော်များများမှာ ဖော်ပြခဲ့တာကတော့ ဆွေးနွေးပွဲက ရလာတဲ့ အကြံပြုချက်တွေကို ပုံနှိပ်မီဒီယာ ဥပဒေအတွက် ဒုတိယမူကြမ်း ရေးဆွဲတဲ့နေရာမှာ ထည့်သွင်းမယ်လို့ ဖော်ပြထားကြပါတယ်။ အခု ပုံနှိပ်မီဒီယာ ဥပဒေအတွက် ဒုတိယမူကြမ်း ရေးဆွဲတဲ့အခါမှာ ပိုပြီးပြည့်စုံအောင် ပြည်တွင်း၊ ပြည်ပကလူတွေကို ဖိတ်ခေါ်ပြီး အခုလိုမျိုး Conference လုပ်တာ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးက မဇ္ဈိမသတင်းဌာန အင်တာဗျူးမှာ ဖြေထားတာ ဖတ်ရပါတယ်။ ဆရာ့ အမြင်ကရော ဘယ်လိုရှိပါသလဲ။

ဖြေ – ဆရာလည်း ဒီဟာကို ဖတ်ကြည့်လိုက်တယ်။ ဖတ်ကြည့်လိုက်တော့ Conference ခေါင်းစဉ်က ဘာလဲဆိုတော့ Media Development in Myanmar ၊ မြန်မာ မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ခေါင်းစဉ်နဲ့ လုပ်တာဖြစ်တယ်။ လာပြီး တော့ ဖတ်ကြားတဲ့ ပြည်ပက ပုဂ္ဂိုလ်တွေကလည်း မီဒီယာဖွံ့ဖြိုး တိုးတက်ရေးအတွက်ပဲ ပြောသွားကြပါတယ်။ Media Law ဆိုတာက အစိုးရဘက်က ဖတ်တဲ့ စာတမ်းတွေမှာပဲ သွားပါတယ်။ အဲဒီတော့ ဒီ Conference ဟာ ရောင်တော်ပြန်နဲ့ ရောတဲ့ Conference လို့ပဲ ဆရာက သတ်မှတ်တယ်။ မီဒီယာ ဥပဒေတွေ၊ ဥပဒေအမျိုးမျိုးနဲ့ သူတို့က ထိန်းချုပ်ဖို့ လုပ်ကိုင်ကြတယ်။ ဥပဒေဆိုတဲ့ သဘောကိုက ထိန်းချုပ်ဖို့ပဲ။ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေ၊ ထိန်းချုပ်ဖို့အတွက် တည်ဆဲအစိုးရ တည်တည်ငြိမ်ငြိမ်နဲ့ ရှိဖို့၊ သူတို့ အာဏာတည်မြဲဖို့အတွက် နောက် ပြည် သူလူထုကို ချုပ်ကိုင်ထားဖို့ ဖိနှိပ်ထားဖို့
လုပ်တဲ့ ဥပဒေတွေ ဖြစ်တယ်။ ဥပဒေတွေဟာ မရှိလည်း မကောင်း၊ ရှိလည်း မကောင်း သဘောဆောင်တယ်။ မရှိလို့လည်း မဖြစ်ဘူး။ သို့သော် ရှိရင်လည်းပဲ လိုတာထက်ပိုပြီး များလာရင်လည်း မကောင်းဘူး။ ဥပဒေအနည်းဆုံး ရှိတဲ့ နိုင်ငံဟာ အေးချမ်းသာယာမှာပဲ။ ဥပဒေ အများဆုံးရှိတဲ့ နိုင်ငံဟာ ဘယ်တော့မှ အေးချမ်းသာယာမှု မရှိဘူး။

ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့က သူတို့ပြောသလို မီဒီယာ ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ စတုထ္ထမဏ္ဍိုင် ကြံ့ခိုင်စေချင်တယ်ဆိုရင် မီဒီယာဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ကိုင်နိုင်တဲ့ အခြေအနေကို ဝန်ကြီးဌာနအနေနဲ့က ဖန်တီးပေးဖို့ပဲ ဖြစ်တယ်။ မီဒီယာတွေကို ထပ်ပြီးတော့ ချုပ်ကိုင်ဖို့ မလုပ်သင့်ဘူး။ ဘာကြောင့် မလုပ်သင့်လဲဆိုတော့ ရှိတဲ့ ဥပဒေတွေကိုက သိပ်များနေပါပြီ။ အသရေဖျက်မှု၊ အစိုးရကို အကြည်ညိုပျက်စေမှု ၊ ဆူပူအောင် လှုံ့ဆော် စည်းရုံးမှု၊ အီလက်ထရောနစ် အက် ဥပဒေ၊ ရုံးတော်ကို အကြည်ညို ပျက်စေမှု စသည်အားဖြင့် ဥပဒေတွေက အများကြီး ရှိပါတယ်။ အဲဒီ ဥပဒေတွေကို လိုချင်သလို ဆွဲဆန့်လို့လည်း ရတယ်။ ကြိုက်သလို ကျယ်အောင် ပုံကြီးချဲ့လို့လည်း ရတယ်။ အဲဒီလို လုပ်ခဲ့ကြလို့လည်းပဲ ရှေးခေတ်အဆက်ဆက်ကလည်းပဲ သတင်းစာတွေ အသရေဖျက်မှုနဲ့ တရားစွဲခံရတာတွေ၊ ပုဒ်မ ၅နဲ့ ချိတ်ပိတ်ခံရတာတွေ၊ အဖမ်းခံရတာတွေ အများကြီး ရှိခဲ့တယ်။ တကယ်တန်း သတင်းလွတ်လပ်ခွင့်ရှိမှ စတုထ္ထမဏ္ဍိုင်ဟာ ကြံ့ခိုင်မယ်။ သတင်းလွတ်လပ်ခွင့် မရှိဘူး၊ အမှန်တရားကို ဖော်ထုတ်လို့ မရဘူးဆိုရင် စတုထ္ထမဏ္ဍိုင် ဆိုတာလည်းပဲ အပြောပဲ ရှိမယ်။ လက်တွေ့ ဘာမှ မရှိဘူး။

လူတိုင်း လွတ်လပ်စွာ ပြောကြားခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ မိမိယုံကြည်ချက်ကို လွတ်လပ်စွာ ကိုင်စွဲထားခွင့်၊ လွတ်လပ်စွာ စည်းရုံးလှုံ့ဆော်ခွင့်ဆိုတာတွေကို အခြေခံဥပဒေကနေ အာမခံချက် ပေးထားပြီးသား။ လူသားတိုင်း ခံစားရမယ့် အခြေခံ လူ့အခွင့်အရေးဖြစ်တယ်။ အခု မီဒီယာဥပဒေတွေ လုပ်ခြင်းဟာ ဒီအခြေခံဥပဒေကို ဆန့်ကျင်ရာလည်း ကျတယ်။ အခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေးကို တခြားဘယ်သူကမှ ပိတ်ပင်တားဆီးလို့ မရဘူး။ အခြေခံဥပဒေဟာ တိုင်းပြည်မှာ အာဏာအရှိဆုံး ဖြစ်တယ်။ အခြေခံဥပဒေက ပေးထားတဲ့ဟာကို ပိတ်ပင် တားဆီးလုပ်လို့ရှိရင် ပိတ်ပင်တားဆီး ခံရသူတွေက တရားစွဲလို့ရတယ်။ ဒါ အခြေခံဥပဒေကို မလေးစား မလိုက်နာမှု နိုင်ငံသားတွေရဲ့အခွင့်အရေးကို ချိုးဖောက်ရန် ကြံစည်မှုနဲ့ တရားစွဲလို့ရတယ်။
အခုရှိနေတဲ့ မီဒီယာဥပဒေ အပါအဝင် အီလက်ထရောနစ် ဥပဒေတို့ ဘာတို့ အစိုးရကို အကြည်ညိုပျက်စေတဲ့တို့ စတဲ့ ဥပဒေတွေအားလုံးကတော့ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေဖြစ်တယ် …

မေး- ပြန်ကြားရေးဝန်ကြီး ပြောသွားတဲ့ အထဲမှာတော့ အသစ် ပြန်လည်ရေးဆွဲနေတဲ့ ပုံနှိပ်မီဒီယာဥပဒေဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးဖို့ မဟုတ်ဘူး၊ စာနယ်ဇင်း လွတ်လပ်ခွင့်ကို မှန်မှန်ကန်ကန် သုံးနိုင်ဖို့ လုပ်နေတာလို့ ပြောပါတယ်။ နောက်ပြီး မီဒီယာဥပဒေကို စတင် ကန့်ကွက်စဉ်က မီဒီယာဥပဒေသမားတွေ ပြောခဲ့ကြတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်း Article 19 ပါ အခွင့်အရေးတွေအတိုင်း လုပ်ဖို့ ပြောခဲ့တာတွေကိုလည်း ပြန်လည် ချေပခဲ့တာ ဖတ်ရပါတယ်။ ဥပမာ Article 19 ကို သုံးတဲ့အခါ Article 29 မှာ ဖော်ပြထားတဲ့ အချက်ကို သတိထားဖို့ ဆိုပြီး ပြောလာပါတယ်။ ဒီလိုပြောလာတဲ့ အပေါ်မှာရော ဆရာ့အမြင်က ဘယ်လိုရှိပါသလဲ။

ဖြေ – လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့် ဆိုကတည်းက စကားလုံးက ရှင်းနေပြီလေ။ ဒါ လွတ်လပ်ခွင့် ပဲ။ အဲဒီ လွတ်လပ်စွာ ပြောကြားခွင့်ကို ထိန်းချုပ်တယ် ဆိုကတည်းကိုက ဒီထိန်းချုပ်တဲ့ ဥပဒေဟာ မှားနေပြီ။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ချိုးဖောက်ရာ ကျတယ်။ မလေးစားရာ ကျတယ်။ လက်တစ်လုံးခြား လုပ်ပြီးတော့ ကိုယ်လိုချင်ရာ ဆွဲတဲ့သဘော ရောက်တယ်။ ဆရာ့အနေနဲ့ကတော့ ဒါကို လုံးဝလက်မခံဘူး။ ဒါဟာ လုံးဝဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျူးကျော် စော်ကားမှုလို့ပဲ သတ်မှတ်တယ်။ မီဒီယာသမား တစ်ယောက်အနေနဲ့ကတော့ မီဒီယာကို ချုပ်ကိုင်ဖို့လုပ်တဲ့ စည်းကမ်းဥပဒေ မှန်သမျှကို ဆန့်ကျင်ရမှာပဲ။ ဒီလို ဆန့်ကျင်တာ ဘာကြောင့်လဲဆိုရင် စတုထ္ထမဏ္ဍိုင် ပီသစေချင်လို့။ စတု ထ္ထမဏ္ဍိုင် ပီပီသသ ထွန်းကားမှ အဲဒီတိုင်းပြည်ဟာလည်းပဲ အေးအေးချမ်းချမ်း သာသာယာယာနဲ့ ထွန်းကား တိုးတက်လာနိုင်တယ်။
စတုထ္ထမဏ္ဍိုင် မှောင်ချသွားပြီဆိုရင် တိုင်းပြည်တစ်ခုလုံး မှောင်ချတာနဲ့ အတူတူပဲ။ ဒါကြောင့် စတုထ္ထမဏ္ဍိုင်ကို မှောင်ချတဲ့ ဥပဒေမှန်သမျှကို ဆရာကတော့ ကန့်ကွက်တယ်။

အဲဒီတော့ သတင်းမီဒီယာတွေကို မချုပ်ကိုင်ရဘူးလားလို့ မေးစရာ ရှိတယ်။ မဟုတ်ပါဘူး။ ချုပ်ကိုင်ရမယ်။ စစ်သားတွေမှာလည်း စစ်သားတွေ လိုက်နာဖို့ စည်းကမ်း ဥပဒေတွေနဲ့ ချုပ်ကိုင်တယ်။ ဆရာဝန်တွေမှာလည်း ဆရာဝန်တွေ လိုက်နာဖို့ စည်းကမ်း ကျင့်ဝတ်တွေ ရှိတယ်။ အလားတူပဲ ကျောင်းဆရာတွေမှာလည်း ကျောင်းဆရာ ကျင့်ဝတ်တွေနဲ့ ချုပ်ကိုင်တယ်။ သတင်း မီဒီယာသမားကိုလည်း သတင်းမီဒီယာ ကျင့်ဝတ်တွေ အများကြီးရှိပါတယ်။ နိုင်ငံအသီးသီးမှာ ကိုယ့်နိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်တဲ့ သတင်းစာဆရာ ကျင့်ဝတ် ဥပဒေတွေ၊ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ရှိတယ်။ အဲဒီကျင့်ဝတ်တွေက သတင်းမီဒီယာတွေကို ထိန်းချုပ်ပါတယ်။ မလုပ်သင့်တာတွေ မလုပ်ဖို့၊ မမှန်မကန်တာတွေ မလုပ်ဖို့၊ အကျင့် စာရိတ္တတွေ မဖောက်ပြားဖို့၊ ဒါတွေကို ထိန်းချုပ်ပါတယ်။ အဲဒီ ထိန်းချုပ်တဲ့ ကျင့်ဝတ်၊ စည်းကမ်းတွေကို သတင်းမီဒီယာသမားတွေက သာလျှင် ရေးဆွဲရပါတယ်။ ဆရာဝန်တွေရဲ့ ကျင့်ဝတ်ကို မြန်မာနိုင်ငံ ဆရာဝန်အသင်းကပဲ ရေးဆွဲတယ်။ ပြည်ထဲရေး ဝန်ကြီးဌာနက ဝင်ဆွဲလို့ မရဘူး။ ဥပဒေဌာနက ဝင်ဆွဲလို့ မရဘူး။ ဆရာဝန်တွေရဲ့ သဘောသဘာဝကို ဆရာဝန်တွေမှ သိတယ်။ ဒါကြောင့်မို့ ဆရာဝန်တွေအတွက် ကျင့်ဝတ် စည်းကမ်းတွေကို ဆရာဝန်တွေကပဲ ချမှတ်ရတယ်။ အလားတူပဲ သတင်းမီဒီယာသမားတွေရဲ့ သဘောသဘာဝကို ရှေ့နေချုပ်ရုံးက ဘာမှ နားမလည်ဘူး။ ပြည်ထဲရေး ဝန်ကြီးဌာနဆိုရင် နကန်းတစ်လုံး မသိဘူး။

ပြန်ကြားရေးဝန်ကြီးဌာနလည်း မသိပါဘူး။ ပြန်ကြားရေး ဝန်ကြီးဌာနသိတာက သတင်းတွေကို ဘယ်လို ချုပ်ကိုင်ရမလဲ ဆိုတာပဲ သိတယ်။ သတင်းမီဒီယာ ဖွံ့ဖြိုးအောင် ဘာလုပ်ရမလဲဆိုတာ သူတို့မသိဘူး။ ဒါက သတင်း မီဒီယာသမားမှ သိမယ်။ သတင်း မီဒီယာသမားကသာလျှင် ဒီကျင့်ဝတ်တွေ၊ စည်းမျဉ်းတွေကို ရေးဆွဲရမယ်။ ဒီဟာကို ပြင်ပကလူတွေ လာရေးဆွဲတာကို လုံးဝ လက်မခံဘူး။ ဒီလိုအဖွဲ့အစည်းမှာ ပြင်ပ ပုဂ္ဂိုလ်တွေပါလည်း လက်မခံဘူး။ သတင်းမီဒီယာဟာ လွတ်လပ်တဲ့ သတင်းမီဒီယာသမားတွေပဲ ဖြစ်ရမယ်။ အစိုးရ သတင်းစာ ဆရာတွေ ပါလာတာ လက်မခံဘူး။

မေး- Conference ဖွင့်ပွဲနေ့မှာပဲ ပြန်ကြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ မီဒီယာ ပြုပြင်ပြောင်းလဲမှုတွေအတွက် အဆင့်သုံးဆင့် ခွဲပြီး လုပ်နေတယ်။ ပထမအဆင့်က ဖြေလျော့ပေးမယ်။ ဒုတိယ အဆင့်က ၁၉၆၂ ပုံနှိပ်ထုတ်ဝေ ဥပဒေကို ဖျက်သိမ်းပြီး ပုံနှိပ်မီဒီယာ ဥပဒေရေး ဆွဲမယ်။ တတိယအချက်က ပုံနှိပ်မီဒီယာ ဥပဒေ ပြဋ္ဌာန်းပြီး စာနယ်ဇင်းတွေ လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရား ဟန်ချက်ညီအောင် ပြန်ကြားရေးဝန်ကြီးဌာနက ကူညီပံ့ပိုး ဆောင်ရွက်ပေးမယ်ဆိုတော့ သူပြောခဲ့တာအပေါ် ဆရာ့အနေနဲ့ရော ဘယ်လို မှတ်ချက်ပေးချင်ပါလဲ။

ဖြေ – ခုနက ပြောသလိုပဲ။ ဒါဟာ ထိန်းချုပ်မှုပဲ။ ထိန်းချုပ်မှု မှန်သမျှကို ဆန့်ကျင်တယ်။ ဘယ် သတင်းမီဒီယာသမား စစ်စစ်၊ ဘယ် Professional မဆို ကိုယ့်လည်ပင်းကို စွပ်မယ့် ကြိုးကွင်းကို ဘယ်သူမှ ဝင်ပြီးတော့ ကျစ်မပေးဘူး။ အဲလိုဆိုရင် အဲဒီလူဟာ Professional သတင်းသမား စစ်စစ် မဟုတ်တော့ဘူး။ ဒါကို ဝင်ပြီးတော့ ကြိုးကျစ်တဲ့အထဲမှာ ဝင်ပါတဲ့သူတွေဟာ ခေတ်ပျက်ဂျာနယ်လစ်တွေ၊ သူတို့ အခွင့်အရေးကို မျှော်ကိုးပြီးတော့၊ သူတို့ အကျိုးစီးပွားတစ်ခု အတွက် ဒီထဲမှာ ရောယိမ်းလိုက် ဘသားယိမ်းလိုက် ဝင်ယိမ်းကြတာဟာ ခေတ်ပျက် ဂျာနယ်လစ်တွေပဲ ဖြစ်တယ်။ Professional ဂျာနယ်လစ်တွေ မဟုတ်ဘူး။

မေး – ဒါပေမယ့် အဲဒီ Conference မှာ ပြည်ပအခြေစိုက် မီဒီယာ (exile media) တွေလည်း ပါဝင် ဆွးနွေးခဲ့ကြပါတယ်။ သူတို့ ပြန်ရေးကြတဲ့ သတင်းတွေအရ Conference အပေါ် အကောင်းမြင် ရှုထောင့်က ရေးခဲ့တာ ဖတ်ရပါတယ်။ မတ်လ ၁၉ ရက်နေ့တုန်းက DVB၊ ဧရာဝတီအပါအဝင် ပြည်ပအခြေစိုက် မီဒီယာ ၁၁ ခုက အစိုးရ ရေးဆွဲနေတဲ့ မီဒီယာ ဥပဒေနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် တင်းကြပ်တဲ့ ဥပဒေတွေ ဖျက်သိမ်းပေးဖို့ ကြေညာချက်တစ်ခု ထုတ်ခဲ့ပါတယ်။ ဆရာလည်း သူတို့ ဝက်ဘ်ဆိုက်တွေကို မပြတ်ဖတ်နေတဲ့သူဆိုတော့ ဒီအပေါ်မှာ ဘယ်လို သုံးသပ်ချင်ပါသလဲ။

ဖြေ – တချို့တွေက ဆရာနဲ့ တွေ့တဲ့အချိန်မှာ ပြောတဲ့ စကားက တစ်မျိုးပဲ။ သူတို့ ဝက်ဘ်ဆိုက်မှာ ပြန်ရေးတဲ့ အခါကျတော့ တစ်မျိုးပဲ။ သူတို့ ဆရာနဲ့ တွေ့တဲ့ အချိန်ကျတော့ ဆရာတို့နဲ့ တစ်သဘောတည်း ကိုက်ညီနေတာပဲ။ ပြန်ရေးတဲ့အခါကျမှ အစိုးရက ပွင့်လင်းလာပါပြီ။ ဒီမိုကရေစီ လမ်းစကိုတော့ ခြေလှမ်းနင်းနေပါပြီ။ လျှောက်လှမ်းနေတာ ကျွန်တော်တို့ တွေ့နေရပါပြီ။ ဒါတွေ ပြောတာပဲ။ ဆရာတို့နဲ့ တွေ့တဲ့အခါကျတော့ ဒါတွေ သူတို့ လုံးဝမယုံဘူးတဲ့။ အပြောင်းအလဲတွေ လုံးဝမယုံ ပါဘူး။ ဒီမိုကရေစီ လမ်းစ မြင်တယ်ဆိုတာလည်း လုံးဝသူတို့ မမြင်ပါဘူးလို့ သူတို့ ပြောတာပဲ။ ဒါဟာ သူတို့ ဒီမှာလာပြီးတော့ လုပ်ခွင့်သာဖို့အတွက် အခွင့်အရေး မျှော်ကိုးပြီးတော့ လာပြီးတော့ ရောယောင်နေကြတာပဲ။ ဂျာနယ်လစ် စစ်စစ်တွေ မဟုတ်ပါဘူး။

မေး- တစ်ချို့ exile media တွေကို သူတို့ အခြေစိုက်ထားတဲ့ နိုင်ငံက အဲဒီနိုင်ငံထဲမှာ မနေစေချင်တော့ပဲ မြန်မာပြည်ကို ပြန်ဖို့ တွန်းအားပေးတာတွေ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် တစ်ချို့တွေဆိုရင်လည်း ထောက်ပံ့ထားတဲ့ အဖွဲ့အစည်းတွေက အထောက်အပံ့ပေးတာတွေ ရပ်ဆိုင်းလိုက်တယ်။ ထပ်ပြီး ရပ်ဆိုင်းခံရမယ့် အခြေအနေတွေ ရှိနေတယ်လို့လည်း သိနေရပါတယ်။ နောက်ပြီး အခုလုပ်ခဲ့တဲ့ Conference ကို နော်ဝေအစိုးရက ထောက်ပံ့ ကူညီပေးတယ်ဆိုတဲ့ အသံတွေလည်း အပြင်မှာ ကြားရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလပိုင်းတွေမှာ မြန်မာနိုင်ငံထဲ ပြန်ဝင်ဖို့ လုပ်လာတဲ့ exile media တွေနဲ့ပတ်သက်ပြီး သုံးသပ်မှုတွေကတော့ လှုပ်လှုပ်ခတ်ခတ် ရှိခဲ့ပါတယ်။ exile media တွေနဲ့ နှစ်ပေါင်းများစွာ ထိတွေ့ ပြောဆိုမှုတွေ ရှိနေခဲ့တဲ့ ဆရာ့ဆီမှာရော ဘယ်လိုအမြင်မျိုး ရှိနေမလဲ။

ဖြေ – ဒီလူတွေက ဒီမှာ အစိုးရ၊ အခု ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ပေါင်း၊ ပြန်ကြားရေးဝန်ကြီး ဌာနရဲ့ ခွင့်ပြုချက်နဲ့ သတင်းဌာနတွေ ထူထောင်မယ်၊ သတင်းစာတွေ ထုတ်ခွင့်တောင်းမယ်ဆိုခဲ့ရင် ဒါဟာ သူတို့ကလည်း အခွင့်အရေး မျှော်ကိုးပြီးလုပ်တဲ့ သတင်းသမားလို့ပဲ သတ်မှတ်ရမှာပေါ့။ ပြည်တွင်းမှာတောင်မှ ဘယ်သူမှ လွတ်လွတ်လပ်လပ် သတင်းစာတွေ ထုတ်ခွင့်မပေး၊ ဂျာနယ်တွေ ထုတ်ခွင့်မပေးတာကို သူတို့က ဒီအခွင့်အရေးကို ရအောင်ယူ ချင်တယ်ဆိုတာကိုက ဒါဟာ မမှန်ကန်တဲ့ လုပ်ရပ်ပဲ။ သိက္ခာရှိ သတင်းသမားဆိုရင် ဒါမျိုးဘယ်တော့မှ မလုပ်ဘူး။ ကောင်းတဲ့ ဂျာနယ်လစ်တွေရှိ ပါတယ်။ ကောင်းတဲ့ နိုင်ငံရေးသမားတွေလည်း ရှိပါတယ်။ သတင်းသမား ပီသအောင် ကြိုးစားနေတဲ့ လူငယ်တွေလည်း ရှိပါတယ်။ မရှိဘူးလို့ မဟုတ်ဘူး။
အဲဒီထိန်းချုပ်တဲ့ ကျင့်ဝတ်၊ စည်းကမ်းတွေကို သတင်းမီဒီယာသမားတွေကသာလျှင် ရေးဆွဲရပါတယ်။ ဆရာဝန်တွေရဲ့ကျင့်ဝတ်ကို မြန်မာနိုင်ငံ ဆရာဝန်အသင်းကပဲ ရေးဆွဲတယ်။

မေး – DVB မှာ ဖော်ပြခဲ့တဲ့ အင်တာဗျူးမှာတော့ မြန်မာနိုင်ငံထဲကို ပြည်ပမီဒီယာတွေ လာခွင့်ပေးပြီး အခုလုပ်နေတဲ့ လုပ်ငန်းစဉ်တွေမှာ ပါတနာအနေနဲ့ ပါလာတာဟာ တိုးတက်မှုတစ်ခု ဖြစ်တယ်။ ဒီပါတနာဆိုတဲ့ ကိစ္စရပ်ကို ပြန်ကြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က သူပြောတဲ့အထဲမှာ ထည့်ပြောသွားတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဆရာကရော တိုးတက်မှုလို့ ယူဆပါသလား။

ဖြေ – တိုးတက်မှုလို့ မယူဆပါဘူး။ တစ်ဖက်က ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေပြီလို့ ပြောလာခဲ့တာ တစ်နှစ်ရှိပြီ။ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေတယ်ဆိုရင် လူတွေ လွတ်လပ်စွာ ဝင်ထွက်သွားလာ လုပ်ကိုင်နေခြင်းဟာ အဆန်းမဟုတ်ပါဘူး။ ဘာတိုးတက်မှုမှ မဟုတ်ပါဘူး။

မေး – နှစ်ငါးဆယ်လုံးလုံး အလွန်အကျွံ ဖြစ်ခဲ့မှုတွေကို ရှောင်ကြဉ်လိုကြောင်း ဦးရဲထွဋ်က Conference မှာပြောခဲ့တယ်လို့ မဇ္ဈိမသတင်းမှာ ရေးထားပါတယ်။ လက်ရှိဖြစ်နေတဲ့ အနေအထားတွေအရ နှစ်ငါးဆယ်လုံး အလွန်အကျွံ ဖြစ်ခဲ့တာတွေကို ပြန်ကြားရေး ဝန်ကြီးဌာနက ရှောင်ကြဉ်သွားမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။

ဖြေ – လုံးဝ မဖြစ်နိုင်ပါဘူး။ နှစ် ၅ဝ အတွေ့အကြုံ၊ နှစ် ၅ဝ အတွေ့အကြုံအရ လုံးဝ မဖြစ်နိုင်ပါဘူး။

မေး – ဘာ့ကြောင့်လို့ ဆရာထင်သလဲ။

ဖြေ – ဘာကြောင့်လဲဆိုရင် ဦးရဲထွဋ်က ဘယ်သူလဲ။ စစ်ဗိုလ်က လာတဲ့လူ၊ ပြန်ကြားရေးဝန်ကြီးက ခိုင်းလို့ဆိုရင် ခိုင်းတဲ့အတိုင်း လုပ်မှာပဲ။ ပြန်ကြားရေးဝန်ကြီးက ဘယ်သူလဲ။ ခိုင်းရင် ခိုင်းတဲ့အတိုင်း လုပ်မှာပဲ။ သူယုံတာ လုပ်လို့ မရဘူး။ သူယုံကြည်ရာ ပြောလို့ မရဘူး။ ဒီသဘာဝတရားကြီးက ပျောက်မသွားပါဘူး။ အခု လက်ရှိအတိုင်းလည်း ရှိနေတာပဲ။ ရှိနေတဲ့အတွက် ဒီအစိုးရ ဒီပုံစံအောက်မှာ လုံးဝ မဖြစ်နိုင်ဘူး။

အမေရိကန်နိုင်ငံတို့၊ အင်္ဂလန်နိုင်ငံတို့ ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ ပြန်ကြားရေး ဝန်ကြီးဌာနဆိုတာ လုံးဝ မရှိဘူး။ မီဒီယာ ဥပဒေဆိုတာ မပြောနဲ့တော့။ ပြန်ကြားရေး ဝန်ကြီးဌာနဆိုတာကို မရှိဘူး။ စင်ကာပူလို နိုင်ငံမှာ ထိုင်ဝမ်လို နိုင်ငံမှာတော့ ရှိမှာပေါ့။ စင်ကာပူလို နိုင်ငံက ဒီမိုကရေစီနိုင်ငံမှ မဟုတ်တာပဲ။ ဒီမိုကရေစီ နိုင်ငံစစ်စစ်တွေမှာ ပြန်ကြားရေး ဝန်ကြီးတောင် မရှိပါဘူး။ မီဒီယာ ဥပဒေရှိဖို့ဆိုတာ ထားတော့။ ရုပ်ရှင်ဆင်ဆာဆိုတာ ရုပ်ရှင်သမားတွေက သူတို့ဖာသာသူတို့ ဖွဲ့ထားတဲ့ အဖွဲ့အစည်းကနေပြီးတော့ rating သတ်မှတ်ပြီးတော့ ပေးတာပဲ ရှိတယ်။ ဆင်ဆာလုပ်တယ်ဆိုတာ မရှိဘူး။

မေး – အီလက်ထရောနစ် ဥပဒေဟာ မီဒီယာသမားတွေအတွက် အန္တရာယ်အရှိဆုံး ဥပဒေ ဖြစ်နေပါတယ်။ ဒီနေ့ခေတ်မှာ အိုင်တီနဲ့ ကင်းနိုင်တဲ့သူလည်း မရှိပါဘူး။ ဒီလို ဥပဒေကို မဖျက်ပဲ မီဒီယာ ဥပဒေပါ ထပ်လုပ်လာတော့ ပိုပြီးကြပ်ဖို့ဆိုတဲ့ အမြင်တွေ ရှိပါတယ်။ အီလက်ထရောနစ် ဥပဒေအပေါ်မှာ ဆရာ ဘယ်လိုမြင်လဲ။

ဖြေ – ဆရာလုပ်ခဲ့ဖူးတော့ ဆရာ့တပည့်တွေက ကမ္ဘာအနှံ့ ရှိတယ်။ ရှိနေတော့ တပည့်တွေနဲ့ ဆရာနဲ့က အီးမေးလ်နဲ့ စကားပြောကြတာ ရှိတယ်။ အီးမေးလ် ပို့ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်၊ သူတို့ ဖတ်စေချင်တဲ့ ဆောင်းပါးတစ်ပုဒ်တွေ့ရင် အဲဒီဆောင်းပါးကို အီးမေးလ်က ပို့ပေးလိုက်တယ်။ သူတို့ကလည်း သူတို့ဖတ်စေချင်တဲ့ ဆောင်းပါးလေးတွေ ဆရာဖတ်ဖို့ဆို ပြီး ပို့ပေးတယ်။ ဒါတွေကိုပဲ အီလက်ထရောနစ် ဥပဒေနဲ့ အရေးယူလို့ ရတယ်။ လက်ရှိ တည်ဆဲ ဥပဒေအရ၊ ရှေ့မှာလည်း ဒါတွေနဲ့ အရေးယူ ခံခဲ့ရသူတွေ ရှိတယ်။ အဲတာကြောင့် ဒီဥပဒေ မှန်သမျှကို ဆရာက ဆန့်ကျင်တယ်။ ဥပဒေဆိုတာ ဘယ်ဥပဒေမှကို မကောင်းဘူး။ ကောင်းတဲ့ ဥပဒေဆိုတာ ရှိကို မရှိဘူး။ ပြည်သူလူထုကို တိုင်းသူ ပြည်သားကို ချုပ်ကိုင်ဖို့ပဲ။ သို့သော်လည်း မရှိမဖြစ်တဲ့အတွက် မရှိမဖြစ်တာတွေကိုတော့ ထားရမယ်။ ဒါဟာ ထားရမယ်။

ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ ထားတာပဲ ဖြစ်ရမယ်။ ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ဖို့ ထားတာ မဖြစ်စေရဘူး။ အခုရှိနေတဲ့ မီဒီယာဥပဒေ အပါအဝင် အီလက်ထရောနစ် ဥပဒေတို့ ဘာတို့ အစိုးရကို အကြည်ညိုပျက်စေတဲ့တို့ စတဲ့ ဥပဒေတွေ အားလုံးကတော့ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေ ဖြစ်တယ်။ ဒါကြောင့် လုံးဝကို ကန့်ကွက်တယ်။ တကယ်တန်း ဒီမိုကရေစီနိုင်ငံ ဖြစ်ချင်လို့ဆိုရင် ပြန်ကြားရေး ဝန်ကြီးဌာနပါ ဖျက်ပစ်လိုက်ပါ။ ဒါမှ ဒီမိုကရေစီ နိုင်ငံစစ်စစ် ဖြစ်မယ်။ ပြန်ကြားရေး ဝန်ကြီးဌာနဆိုတာ ရှိနေသရွေ့ကို ဒီမိုကရေစီနိုင်ငံလို့ မခေါ်နိုင်ဘူး။

မေး – ပြီးခဲ့တဲ့ နှစ်ရက်မှာ ပြုလုပ်ခဲ့တဲ့ Conference နဲ့ ပတ်သက်လို့ ဘာများဖြည့်စွက် ပြောချင်ပါသေးလဲ ဆရာ။

ဖြေ – ဒီပေါ်မှာတော့ အသေးစိတ်တွေတော့ မသိရဘူးပေါ့။ ဒီအစည်းအဝေးလည်း မတက်ရဘူး။ ဘာတွေ ဆွေးနွေးတယ်ဆိုတာကိုလည်း အသေးစိတ် မကြားရဘူး၊ မသိရဘူး။ အသေးစိတ်တွေတော့ မပြောချင်ဘူး။ သို့သော် ယေဘူယျ ခြုံပြောရ မယ်ဆိုလို့ရှိရင် ဒီ Conference မှာ ပြည်ပကနေလာပြီး စာတမ်းဖတ်တဲ့ နိုင်ငံခြားသားတွေနဲ့ တွေ့ရတာ လည်းရှိပါတယ်။ ခြုံပြီးတော့ ပြောမယ်ဆိုရင်တော့ ခေါင်းစဉ်က Media Development in Myanmar၊ စာတမ်းဖတ်သွားတဲ့ ပုဂ္ဂိုလ်တွေကလည်း Media Development in Myanmar ဆိုတဲ့ အကြောင်းပဲ ဖတ်သွားကြတာပဲ။ အဲဒီတော့ ဒီမီဒီယာ ဥပဒေဆိုတဲ့ဟာက ပြန်ကြားရေး ဝန်ကြီးဌာနက နောက်ဖေးပေါက်က ဆွဲသွင်းလာတဲ့ဟာပဲ။ ပြောရလို့ရှိရင်တော့ ဝက်ခေါင်းချိတ်ပြီး ခွေးသား ရောင်းတဲ့ ပုံမျိုးဖြစ်နေတယ်။ ဒါကြောင့် ဒါဝက်ခေါင်းမှန်း၊ ခွေးသားမှန်း သိတဲ့အတွက် ဒီခွေးသားကို
လုံးဝ မဝယ်နိုင်ဘူး။

တစ်ခွန်းပဲ ပြောချင်တယ်လေ။ မီဒီယာ ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ စေတနာ ပြန်ကြားရေးဝန်ကြီးမှာ အမှန်တကယ် ရှိလို့ဆိုရင် ရှိနေတဲ့ ဥပဒေတွေကိုပဲ ရုတ်သိမ်းပေးလိုက်ပါ။ နောက်ထပ် မလုပ်ပါနဲ့တော့။ ဒီထက်ပိုပြီးတော့ ဒီမိုကရေစီ နိုင်ငံစစ် စစ်အဖြစ်နဲ့ အခေါ်ခံချင်လို့ရှိရင် ပြန်ကြားရေးဝန်ကြီးဌာနပါ ဖျက်သိမ်းပစ်လိုက်ပါ။ ဒါ နောက်ဆုံးပေးချင်တဲ့ အကြံဉာဏ်ပါ။

22 comments

  • kai

    March 22, 2012 at 6:00 am

    အောက်ကစာတွေကို..
    http://myanmargazette.net/106206/ မှာ.. ရေးထားခဲ့တာ..
    ပြန်တင်တယ်ဗျို့…။
    ကျုပ်ရဲ့ Profile မှာလည်း.. ယူအက်စ်အခြေခံဥပဒေကို တင်ထားခဲ့တာ..။
    မီဒီယာကို ထိမ်းချုပ်တဲ့ ဥပဒေဟူသမျှ.. အမြစ်ပြတ်ချေမှုန်းကြ…။
    First Amendment – Religion and Expression – Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.

    အမှန်တော့.. ယူအက်စ်မှလည်း မီဒီယာဥပဒေ(လို့ခေါ်လို့ရမယ့် ဥပဒေ) ရှိပါတယ်..။
    အခြေခံဥပဒေထဲကို ထည့်ထားတာ.. 😆

    လွတ်လပ်စွာရေးသားပြောဆိုကိုးကွယ်ခွင့်တွေကို ..တားမြစ်အနှောက်အယှက်ပေးမဲ့.. ဥပဒေတွေ.. မလုပ်ပါဘူးဆိုတဲ့..ဥပဒေပဲ..
    ဆိုတော့..
    မြန်မာပြည်မှာ.လည်း.. လွတ်လပ်ခြင်းကို မြတ်နိုးရင်… မီဒီယာဥပဒေ..ရှိရန်/ပြုရန်မလိုပါကြောင်း.. ❗

    First Amendment to the United States Constitution တဲ့..
    The First Amendment (Amendment I) to the United States Constitution is part of the Bill of Rights. The amendment prohibits the making of any law respecting an establishment of religion, impeding the free exercise of religion, abridging the freedom of speech, infringing on the freedom of the press, interfering with the right to peaceably assemble or prohibiting the petitioning for a governmental redress of grievances.

    Originally, the First Amendment applied only to laws enacted by the Congress. However, starting with Gitlow v. New York, the Supreme Court has applied the First Amendment to each state. This was done through the Due Process Clause of the Fourteenth Amendment. The Court has also recognized a series of exceptions to provisions protecting the freedom of speech.

    Text

    Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.

  • Khin Latt

    March 22, 2012 at 6:14 am

    ဟေ့ သူကြီး
    ကျွန်မတို့ ဂေဇက် က ဘာ အခွင့်အရေးကိုမှ မျှော်ကိုးပြီးတော့ လုပ်တာမဟုတ် ကြောင်း၊
    ပြည်သူလူထု ရဲ့ တိုးတက်မှု အတွက် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ လုပ်နေကြောင်း၊
    အီလက်ထရောနစ် ဥပဒေ ကို လုံးဝ ကန့်ကွက်ပတ်ကြောင်း၊
    အစိုးရကို အကြည်ညိုပျက်စေ တယ်လို့ ပြောရအောင် သူတို့က ကြည်ညိုစရာကောင်းမကောင်း ကိုယ့်ပုံကို မှန်ထဲပြန်ကြည့်ကျစေဖို့ တိုက်တွန်းကြောင်း။
    ဘယ်လို အော်ပြောကြမလဲ။ 😉

  • ဖားသက်ပြင်း

    March 22, 2012 at 6:18 am

    သိဝူး …သများ ဘာမှမသိဝူး..
    သများနဲ့ချိုင်ဘူး … သများသိတာ ..
    မစီးရတဲ့ မီးရထား ဂဲနဲ့ ထုသူတွေ့ရင် သမ မယ်
    ဒါဗျဲ ……

    တနေ့သေကြရမည် ..မသေခင်လုပ်ချင်တာလုပ်ကြ…
    😀
    ဥုံ..
    လောင်းလစ်ဗ်သည် မားကတတ္တင်း..

    ဒက်ဂလောက်..ဒက်ဂလောက်..

    • Khin Latt

      March 22, 2012 at 6:26 am

      စောစောစီးစီး ပါလား။
      လက်ပကျွတ် အသစ်ရပြီထင်ရဲ့။
      သူကြီး – စောဒီး
      ရွာသား အချင်းချင်း ကြားမှာလဲ မီဒီယာလိုလို့။ 😉

      • kai

        March 22, 2012 at 7:00 am

        ဂီဂီက.. အိုင်ဘီအမ်အတုကြီးဆိုလားး တခါးရပေါက် တင်ထားတယ်ဆိုလား.. တဲ့..

        စကားအတင်းစပ်…
        ဟုတ်ပါ့နော..
        မြန်မာပြည်မှာ.. မီဒီယာညီလာခံလိုလိုဘာလိုလိုနဲ့..လုပ်နေတာ..
        ကျုပ်တို့များ.. ယူအက်စ်မှာ ရွာသူားအချင်းချင်းရော.. မြန်မာတွေကြားထဲရော.. ဆက်သွယ်ရလွယ်အောင်.. ကြားခံမီဒီယာလုပ်နေတာ.. ပြိုင်ဖက်မရှိ.. ပုံနှိပ်သတင်းစာထုတ်နေတာ..။ ၂၀၀၆ကတည်းက..

        ဘယ်အဖွဲ့အစည်းဆီကမှလည်း.. ငွေတပြားမှမယူ..မတောင်း..
        အောက်ခြေမြန်မာထုကို ..အခြေပြုထားတာစစ်စစ်…။

        ကျုပ်တို့တော့.. ဖိတ်လည်းမဖိတ်ပဲ.. ဘယ်သူတွေနဲ့ ဘာလုပ်သွားသလည်းမသိ..
        ခဲနဲ့ထုဟေ့..
        တိန်….။
        ဒေါင်..။

  • maungmoenyo

    March 22, 2012 at 8:41 am

    ဝန်ကြီးပြောသွားတဲ့ လွတ်လပ်မှု နဲ့တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ဆင်ခြင်တုံတရားမှာ ဒီမိုကရေစီအားပြိုင်မှုရဲ့ အသွင်လက္ခဏာ ချိန်ခွင်ရှာကို မျှတစေတဲ့ အချက်နဲ့ ချိန်ထိုးယူလို့မရပါဘူး။ သမိုင်းကိုသမိုင်းဆရာတွေက ရုပ်လုံးဖေါ်ပါတယ်။ ဘက်မလိုက်ဖူးလို့ဘဲဘယ်လိုဘဲပြောပြော ဘက်လိုက်မှု ဒိဌရှိပါတယ်။ အစိုရရဲ့ အလုပ်က လူထုအတွက်လိုအပ်ချက်ကို အတတ်နိုင်ဆုံးဖြည့်ပေးနိုင်တဲ့ executive power ရှိသူပါ။ လွှတ်တော်က လုပ်နိုင်အောင်လမ်းခင်းပေးတဲ့ legislature ပါ။ အစိုးရရော၊ လွှတ်တော်ကဘက်လိုက်မှုရှိပါတယ်။ မီဒီယာရဲ့ အားကို လမ်းတည့်မတ်ပေးရမှာက မီဒီယာတွေရဲ့တာဝန်တွေဘဲဖြစ်ပါတယ်။ ဒါပေမဲ့ လမ်းတည့်မတ်နိုင်ခွင့်ရအောင် လုပ်ပေးဘို့က လွှတ်တော်နဲ့ အစိုးရရဲ့တာဝန်ပါ။

  • ကြောင်ကြီး

    March 22, 2012 at 9:58 am

    ပြည်ပမီဒီယာ၊ အဖွဲ့အစည်းဆိုတာ ဆရာဦးစိန်ဝင်းပြောသလို သူများလခစား အထောက်အပံ့ ယူနေရလို့ သခင်မျက်နှာထောက်နေရတာ အမှန်ပါ။ သို့သော်ပေါ့လေ…ဘဝရပ်တည်ရေး ဖြစ်နေပြီကိုး..။ အဲဒီဆရာများ လွန်ခဲ့တဲ့ အနှစ်၂ဝလောက်က ကိုယ်ကျိုးစွန့်ရပ်တည်ခဲ့တာ မှန်ပေမယ့် အခုလို သက်လတ်ပိုင်းမှာတော့ ကိုယ့်ရှေ့ရေး ပါလာရပြီ။ မချမ်းသာခင်သာ ဆင်းရဲတဲ့ဒဏ်ခံနိုင်ကြတာပါ (များသောအားဖြင့်) ချမ်းသာပြီးသွားရင် ပြန်အဆင်းရဲခံနိုင်ဖို့ ခက်တယ်။ ဒီလိုပဲ ပညာမတတ်ခင်သာ စွန့်ရဲတယ်၊ ပညာတတ်လာရင် ဟိုတွေးဒီတွေးနဲ့ ချင့်ချိန်ကြ တွက်ဆကုန်ဂျတယ်။ ဒါကြောင့်ပဲ အတိုက်အခံကို ခြောက်မရရင် အစိုးရက ချော့ရတယ်။ အခုလည်း ဒီသဘောပါပဲ။ လက်ရှိ ပြည်ပမီဒီယာမှာ နေရာရထားသူများ သူတို့ခုံကို လွယ်လွယ်နဲ့ မစွန့်ရက်နိုင်ပါဘူး။ ဝေဖန်သူ အတော်များများ ဒီသဘောပဲ ရှိကြပါလိမ့်မယ်။ လုပ်လို့ဖြစ်ဖို့ သေချာရင်တော့ တပိုင်းပေါ့လေ၊ အခုဟာက လုပ်ရင် ကိုယ်ပဲပြုတ်မှာ သေချာနေတော့ ရေလိုက်ငါးလိုက် နေဂျတာ သူတို့အဖို့ လက်တွေ့အကျဆုံး ဖြစ်ပုံရပါတယ်။ ကျနော်တော့ ဒီလိုပဲ ခံစားနားလည်မိတယ်..။

  • ရွာစားကျော်

    March 22, 2012 at 11:06 am

    သူကြီးဦးခိုင်ကို တောင်းဆိုချင်တာလေးရှိပါတယ်
    နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်း အကြောင်း ဂဂနန သိချင်ပါတယ်
    article ဘယ်နှခုလောက်ရှိသလဲ.. အဲဒိ article တွေမှာပြောထားတဲ့ လူတစ်ယောက်ရသင့်တဲ့ အခွင့်အရေးတွေက ဘာတွေလဲ စသဖြင့်ပေါ့ဗျာ..
    ဟို အရီးခင်လတ်ရေးထားတဲ့ ဒီမိုကရေစီဖတ်စာ.. လိုမျိုး
    လူ့အခွင့်အရေး ကြေညာစာတမ်း အကြောင်း ကျနော်တို့လို လူပြိန်းတွေ အလွယ်ဖတ်ပြီး သိရှိနားလည်နိုင်အောင် ပြောပြပေးပါအုံး..
    စာအုပ်တွေဘာတွေ ရှိပြီးသားဆိုလည်း လင့်ခ်လေးဖြစ်ဖြစ်ပေးပါအုံး နော်

      • ရွာစားကျော်

        March 22, 2012 at 3:30 pm

        ကျေးကျေး ပါ ဂီ
        ဘာသာပြန်ပေးမည့် ဘော်လင်တီယာ လဲ
        ဟင့် ဟင့်
        လုပ်ကြပါအုံး အဟင့် :mrgreen:

  • kai

    March 22, 2012 at 3:01 pm

    သူတို့(ပြည်ပက။အက်တစ်ဗစ်မီဒီယာတွေ)ကိုခံစားနားလည်ပေးလို့ရပါတယ်..။
    ရပ်တည်ဖို့အတွက်.. လုပ်ရတာကိုး..
    မြန်မာလူထုအတွက်.. လုပ်ပေးခဲ့တာတွေလည်း မနည်းမှမနည်းတာပဲ..။ မြန်မာလူထုဆီကတော့ တပြားမှတောင်းတာ/ရတာလည်းမဟုတ်..။ 😆
    ဒါပေမဲ့.. မီဒီယာကိုချုပ်ကိုင်မဲ့ ဘယ်ဥပဒေမှမရှိသင့်တာကိုတော့..အဲဒီသွားတက်သူတွေ.. ပြောသင့်တယ်လို့ထင်မိတယ်..။
    (ပြောချင်လည်း ပြောမှာပါ)

    ကျုပ်အနေနဲ့ကတော့.. လူထုဦးစိန်ဝင်းပြောတာ အပြည့် ထောက်ခံပါတယ်.။
    ပိုဖြစ်နိုင်ရင်.. ယူအက်စ်အတိုင်း.. မီဒီယာကိုထိန်းချုပ်မဲ့..ဥပဒေတွေလုံးဝ(လုံးဝ)မပြုပါဘူးဆိုတဲ့.. လွတ်လပ်ခြင်းကိုအာမခံတဲ့..ဥပဒေမျိုးကိုတောင်.. အခြေခံဥပဒေထဲ အမဲမန့်နဲ့.. ထည့်ပေးလိုက်စေချင်တာပါ..။
    =

    မြန်မာပြည်လက်ရှိအစိုးရဟာ.. NLD လွှတ်တော်ထဲဝင်သွားရင်.. လွှတ်တော်တွင်းနဲ့.. (အပြင်)လူထု(မီဒီယာ) ချိပ်ဆက်ပြီး ဟန်ချက်ညီသွားမှာကို.. စိုးရိမ်ဟန်ရှိတယ်..။
    ဒါကို အုပ်မိအောင် သိသိသာသာလုပ်ယူနေတယ်လို့ ထင်မိတယ်..။

  • Khin Latt

    March 22, 2012 at 3:58 pm

    မနေ့ ည က ပြောဖို့ မေ့ သွားလို့။

    ကြားဖြတ် ရွေးကောက်ပွဲ ကို US နဲ့ EU က လေ့လာလိုသူ များ ကို ဖိတ် လိုက်ပြီ။
    ဆိုတော့ ….
    ဝင်လာကြမှာဘဲ။ နိုင်ငံခြား မီဒီယာ ဆိုတာ မဟုတ်တာ ကို ဖွဖို့ ကို အခွင့်ချောင်း နေရတာ။
    http://www.bbc.co.uk/news/world-asia-17455883

    အဲဒီ ထဲက ကို ပြောင်လိမ်ဖို့ ကြိုးစား နေတာ၊ မဲခိုးဖို့ ကြိုစဉ်းစား နေကြ သူများကတော့ တမင်ကို သတိ္တိပြောင်မြောက်လွန်းလို့လား၊ အသိ ဉာဏ်ကို တုံးအ လွန်းလို့လား၊ ပညာ ကို မရှိတာလား။ အပြင်ကို နဲနဲ လေး ကဲ ကြည့်ဖို့ ကောင်းပြီ။
    မဟုတ် ရင်တော့ ဇာတ်သိမ်း လှမှာ မဟုတ်ဘူး ထင်ရဲ့။

  • pooch

    March 22, 2012 at 7:47 pm

    အင်း .. ကျမလည်း ဆရာကြီး ပြောတာကို အပြည့်အဝကို ထောက်ခံတယ်။ အဲ့ဒီပြန်ကြားရေး ဝန်ကြီးဌာန ဆိုတာကြီးကိုပါ ဖျက်သိမ်းသင့်တယ်။ ဆရာကြီး ပြောသလို သူ့နယ်ပယ်နဲ့ သူ ကျွမ်းကျင်သူကို နေရာမပေးပဲ နားမလည်တဲ့ အသိဉာဏ်မရှိတဲ့ သူတွေ အုပ်ချုပ်ခြယ်လှယ်ခဲ့လို့ တိုင်းပြည်လည်း အဝီဇိဆင်းနေပြီ ။ ပညာရေးလောကလည်း ဇောက်ထိုးမိုးမျှော်ဖြစ်နေပြီ ။

    နေရာတိုင်းကို သူနေရာနဲ့သူ တတ်ကျွမ်းနားလည်တဲ့သူတွေကိုု ပြန်နေရာပေးဖို့ကောင်းနေပြီ။ သူတို့သာတိုင်းပြည်ကို တကယ်ချစ်ပြီး တကယ်အစစ်အမှန်ကောင်းစေချင်တယ် ဆိုရင်ပေါ့။ နှစ် ၅ဝ တောင်ရှိပြီလေ ။ တချက်လောက်တော့ ငဲ့ကြည့်ပါအုန်းလို့။

    ဒါနဲ့ သူကြီး မန္တလေးမှာ အမေရိကန်စင်တာ မရှိဘူးထင်တာပဲ ။ BC နဲ့ မှားသွားလို့ ။ ရန်ကုန်က လူကို လှမ်းမေးထားတယ် ။ ရှိရင် မေးလ်ပို့ပေးမယ်။ အရင်အမေရိကန် သံရုံးနေရာမှာ စာကြည့်တိုက်ဖြစ်နေလို့ ကျမတော့ ဒီနှစ်ထဲ လာဖွင့်ထားတယ်မှတ်တာပဲ ။ မနက်ဖြန်ဆို သေချာသိပြီ။

    • kai

      March 22, 2012 at 11:32 pm

      မန္တလေးအတွက် စုံးစမ်းပေးပါဥိး..
      ကျေးကျေး..
      ရန်ကုန်အမေရိကန်စင်တာကတော့ မန္တလေးဂေဇက်ကို… လက်ခံလိုက်ပြီ..
      အဲဒီမှာသွားဖတ်နိုင်ပါပြီ..။

      • Swal Taw Ywet

        March 23, 2012 at 11:55 am

        Good news,
        Hopefully, I can read MG ( real news paper ) at Yangon.
        but only 3???
        Dear ThaGyee,
        How much cost for sending Mandalay Gazette News paper to Yangon?
        Please let us know ASAP.
        I am thinking to raise a fund for it.

        With respect,
        Swal Taw Ywet.

  • နေဝန်းနီ

    March 22, 2012 at 10:03 pm

    စာပေလွတ်လပ်ခွင့် ဟောသည့်ဗေဒင် စိစစ်ရေးဖြုတ်

    ။ ။ မြန်မာသက္ကရာဇ် ၁၃၇၄ ခုအတွင်း စာပေ လွတ်လပ်ခွင့် အလားအလာမရှိကြောင်း
    ဟောကြားချက် ပါရှိသည့် ဆရာစံဇာဏီဘို၏ ဗေဒင် အမေးအဖြေ ကဏ္ဍကို ပြည်တွင်းထုတ် The Express Times ဂျာနယ်တွင် ထည့်သွင်း ဖေါ်ပြရန် စီစဉ်ခဲ့သော်လည်း စာပေစိစစ်ရေးမှ ခွင့်မပြုဟု ဂျာနယ် အယ်ဒီတာက မဇ္ဈိမကို ပြောသည်။

    တနင်္လာနေ့ထုတ် The Express Times ဂျာနယ်တွင် သက္ကရာဇ် ၁၃၇၄ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မြန်မာ့
    နိုင်ငံရေး အခြေအနေနှင့် စာပေလွတ်လပ်ခွင့်တို့ကို ဗေဒင်ဆရာ စံဇာဏီဘို အား ဂျာနယ်မှ မေးမြန်းရာတွင် “စာပေ လွတ်လပ်ခွင့် လုံးဝမမြင်ဘူး၊ တစုံတရာ အတိုင်းအတာထိ မမြင်ဘူး။ ဒါပေမယ့် ပုဂ္ဂလိက နေ့စဉ် သတင်းစာ
    ဖြစ်ပေါ်လာဖို့တော့ ဇွန် (၆ လ)မှာ မြင်တယ်” ဟု ဖြေကြားခဲ့သည်။

    ဆရာစံဇာဏီဘို၏ စာပေလွတ်လပ်ခွင့်နှင့် ပတ်သက်သည့် အဆိုပါဖြေကြားချက်ကြောင့် ဂျာနယ်အတွင်း ထိုမေးမြန်းခြင်းကို တားမြစ်ခြင်းဟု ယူဆကြောင်း The Express Times အယ်ဒီတာ ကိုကျော်ဇေယျာထွန်းက မဇ္ဈိမကို ပြောသည်။

    “(ဗေဒင်ဟောချက်အရ)နိုင်ငံရေးမှာ အပြောင်းအလဲတွေ ဖြစ်မယ်။ စာပေလွတ်လပ်ခွင့်ကလည်း ရမှာ မဟုတ်ဘူးပေါ့။ သတင်စာကလည်း နေ့စဉ်သတင်းစာ ၃ စောင်လောက်ပဲ ထုတ်ဖြစ်လိမ့်မယ်ပေါ့။ ကျနော်ထင်ပါတယ် အဲဒါတွေကြောင့်
    ဖြုတ်ပစ်တယ်လို့ ထင်ပါတယ်” ဟု ကိုကျော်ဇေယျာထွန်း က ပြောသည်။

    မတ်လ ၁၆ ရက်နေ့ထုတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက်ပါ “မဲစာရင်းများတွင် မှားယွင်းမှု၊ မပြည်စုံမှုများ မှာ အလွန်များပြားနေကြောင်း တွေ့ရှိရသည်” ဟူသည့် ကောက်နုတ်ချက်ကို သတင်းရေးသားရာတွင် ထည့်သွင်း
    ဖေါ်ပြခွင့်မရဟု ကိုကျော်ဇေယျာထွန်းက ပြောသည်။

    ထို့အပြင် မတ်လ ၁၄ ရက်နေ့ နေအိမ် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် “မီဒီယာ လွတ်လပ်မှုကို ကန့်သတ်တယ်ဆိုတာဟာ ဒီနိုင်ငံရဲ့ တိုးတက်မှုကို ကန့်သတ်တာနဲ့တူတူပဲ” ဟူသည့် စကားရပ်ကို ကိုးကားကာ တနင်္လာနေ့ထုတ် ဂျာနယ်တွင် ထည့်သွင်းဖေါ်ပြရန် စီစဉ်ခဲ့သော်လည်း စိစစ်ရေးက ဖြုတ်ပစ်ခဲ့သည်ဟု လည်း ကိုကျော်ဇေယျာထွန်းက ပြောသည်။

    စာပေစိစစ်ရေးမှ ထိုသို့ ဖြတ်တောက်မှုများ ပြုလုပ်နေချိန်နှင့် တိုက်ဆိုင်စွာပင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO တို့ ပူးတွဲကာ မီဒီယာ အလုပ်ရုံဆွေးနွေးပွဲများကို မဇ္ဈိမ အပါအဝင်
    ပြည်တွင်းပြည်ပမှ မီဒီယာသမားများ တာဝန်ရှိသူများနှင့် မတ်လ ၁၉-၂ဝ ရက်နေ့များတွင် ပြုလုပ်ခဲ့သည်။

    အဆိုပါ မြန်မာ့မီဒီယာ ဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဝန်ကြီး ဦးကျော်ဆန်းက “အနာဂတ်တွင် မြန်မာ့မီဒီယာ
    လောကသည် ပိုမိုလွတ်လပ် ပွင့်လင်းလာတော့မည် ဖြစ်ပါကြောင်း” ပြောဆိုခဲ့သည်။

    ဝန်ကြီးက ဆက်လက်၍ “ပုံနှိပ်မီဒီယာဥပဒေသည် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ဟန့်တားရန်၊ တားဆီးရန် ရည်ရွယ်ချက်ဖြင့် ရေးဆွဲနေခြင်းမဟုတ်ပါကြောင်း၊ စာနယ်ဇင်း လွတ်လပ်ခွင့်များကို လူ့အဖွဲ့အစည်း၏ အကျိုးစီးပွား ကို မထိခိုက်စေဘဲ မှန်မှန်ကန်ကန် ကျင့်သုံးနိုင်ရန်နှင့် မြန်မာ့မီဒီယာလောက ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း” ဟု ထည့်သွင်း ပြောကြားသွားခဲ့သည်။

    တဘက်တွင်လည်း အစိုးရဌာနအချို့၌ ငွေကြေး အလွဲသုံးစား ပြုလုပ်နေမှုများ ရှိနေသည်ဟု သတင်းရေးသား
    ဖေါ်ပြခဲ့သည့် The Voice ဂျာနယ်ကိုလည်း အင်္ဂါနေ့တွင် သတ္တုတွင်းဝန်ကြီးဌာနမှ တရားစွဲဆိုထားသည်။

    ဗေဒင်တွက်ချက်မှုအရ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်အတွင်း “စာပေလွတ်လပ်ခွင့်ဆိုတာတော့ မြန်မာနိုင်ငံမှာ ရဖို့ ဘယ်လိုမှ မရှိနိုင်သေးပါဘူး။ စတုတ္ထုမဏ္ဍိုင်ဆိုတာ အလကားပြောတာ။ ပထမ မဏ္ဍိုင်၊ ဒုတိယ မဏ္ဍိုင်၊ တတိယ မဏ္ဍိုင်တွေကိုပဲ နိုင်အောင် လုပ်ပါဦးဗျာ။ စတုတ္ထုမဏ္ဍိုင်ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ အရာကြီးပဲ။ That is impossible, very impossible” ဟု စံဇာဏီဘို က မဇ္ဈိမကို ပြောဆိုသွားသည်။
    http://multiplygroups.multiply.com/reviews/item/449

  • maungmoenyo

    March 23, 2012 at 8:16 am

    မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာ ပြန်ကြားရေး ဌာနလို ကက်ဘိနက်အဆင့် ဌာနကြီး ကတော့ ဆက်လက်ရှင်သန်နေအုံးမယ်ဆိုတာ သိသာထင်ရှားပါတယ်။ သတင်းလောက၊ မီဒီယာလောကနဲ့ ယဉ်ပါးခြင်းမရှိသေးတဲ့ လက်ရှိအစိုးရရဲ့အနေအထားကိုတော့ နားလည်ကြဘို့လိုပါလိမ့်မယ်။ အပြန်အလှန်သွားသတင်းအပေးအယူစနစ် မထွန်းကားသေးသမျှကာလပါတ်လုံး သတင်းစိစစ်မှုကကြီးစိုးနေပါလိမ့်အုံးမယ်။
    အဲ – တခုတော့ရှိပါတယ်။ ပြင်ပမှာရှိတဲ့ အထူးသဖြင့် သတင်းစာကဏ္ဍ နဲ့ (နောင်လမ်းဖွင့်လာခဲ့လို့) တီဗွီကဏ္ဍ တို့ရှိလာပြီးရင် တော့ ပုဂ္ဂလိက မီဒီယာ ကဏ္ဍ ကြီးစိုးပြီလို့အမှန်ပြောနိုင်ပါမယ်။ အဲ့ဒီကနေ သတင်းစာ နဲ့ တီဗွီကို အစိုးရထိပ်ပိုင်းအရာရှိများက မိမိတို့ရုံးခန်း ကနေ အရေးတယူ မပြတ်ကြည့်လာကြတဲ့ တနေ့၊ အဲ့ဒီနေ့ဟာ စတုတ္ထမဏ္ဍိုင် ဒို့နိုင်ငံမှာ အခြေတည်ပြီ လို့လက်ခမောင်းခတ်နိုင်တဲ့နေ့ ပေါ့…..။

  • သူကြီးခင်ဗျာ ..
    အခု ပို့စ်နဲ့တော့ ဆိုင်ပါဘူး ..
    ကျနော် သိချင်တာလေး တစ်ခုရှိလို့ ..
    အဲဒါ သူကြီးကို မေးခွင့်ပြုပါ …

    Points ရဲ့ အောက်က Rank နဲ့ ပတ်သက်ပြီး မေးချင်တာပါ …
    ကျနော် တွေ့မိသလောက် Rank မှာ Newbie/ Bronze/ Silver/ Gold/ Platinum ဆိုပြီး ရှိပါတယ် ..
    ပို့စ် စတင်တာနဲ့ Newbie ဖြစ်တယ် ..
    နောက်တစ်ခု Bronze ကတော့ ပို့စ်ပေါင်း ၈၀၁ ခု ရှိမှ ဖြစ်တာလို့ တွေ့ရပါတယ် …
    ခု ကျနော်တို့ ဆိုက်မှာဆို ပို့စ် ဘယ်လောက်ရှိရင် Bronze , Silver, Gold, Platinum ဖြစ်တာလဲဆိုတာ သိချင်လို့ပါ ခင်ဗျာ …

    ကျေးဇူးပြု၍ ဖြစ်နိုင်ရင် ဖြေပေးစေချင်ပါတယ် သူကြီးခင်ဗျာ …

    ခင်မင်စွာဖြင့်
    အံစာတုံး

    • kai

      March 25, 2012 at 1:53 pm

      Newbie 0
      Bronze 10000
      Silver 30000
      Gold 50000
      Platinum 80000
      Titanium 100000 kyat

      • သူကြီးရေ ..
        ရှဲရှဲပါဗျို့ …
        ကျနော်က ပို့စ်နဲ့ ခွဲတာမှတ်နေတာ ..
        ခု ပိုက်ပိုက်နဲ့ ခွဲတာကိုးဗျ ..

        ဒါနဲ့ မနောတို့လို ပိုက်ပိုက် တစ်သိန်း ပြည့်ပြီးသား လူတွေကတော့ Newbie က ပြန်စပေါ့နော် ..

      • ရှမ်းပြည်သား (တောင်ပိုင်း)

        March 26, 2012 at 9:43 pm

        သူကြီးရဲ့ယူရေနီယမ်ဆိုရင်ကောဘယ်လောက်ရမှလဲ
        စောစောကြိုပြောထားပါဦးဗျ။
        ကြယ်ကကောဘယ်လိုအရေးပါတာလဲ။ ပွိုင့်ကကောဘာအတွက်အရေးကြီးသလို ရွာသားတွေ
        ပြောပြောနေကြတာလဲ။
        ယူရေနီယမ်ပါပေးတယ်ဆိုရင်တော့သူကြီး…….ယူအက်စ်က ထောင့်ငါးထောင့်နဲ့ပေါင်းစားထား
        တာပဲနေမှာ ….. ဟိဟီးစတာနော် ဥကိုင် အဲလေ ဦးခိုင် ကြယ်နဲ့ပွိုက့်ကိစ္စကတော့
        မောင်မောင်ရှမ်းတို့ဂယ်မသိတာရယ်ပါ ငံ့ပါဦးသူကြီးရယ်

  • char too lan

    March 26, 2012 at 4:02 pm

    *အဲဒီတော့ ဒီမီဒီယာ ဥပဒေဆိုတဲ့ဟာက ပြန်ကြားရေး ဝန်ကြီးဌာနက နောက်ဖေးပေါက်က ဆွဲသွင်းလာတဲ့ဟာပဲ။
    ပြောရလို့ရှိရင်တော့ ဝက်ခေါင်းချိတ်ပြီး ခွေးသား ရောင်းတဲ့ ပုံမျိုးဖြစ်နေတယ်။ ဒါကြောင့် ဒါဝက်ခေါင်းမှန်း၊ ခွေးသားမှန်း သိတဲ့အတွက် ဒီခွေးသားကို လုံးဝ မဝယ်နိုင်ဘူး။*
    ဒီလိုပြောလိုက်တာကို တော်တော်ကြိုက်သွားတယ် မိုက်တယ် !! 🙂

Leave a Reply