လောကမှာ သက်ရှိသက်မဲ့တွေဟာ သူ့အရည်အချင်း သူ့တန်ဖိုးနဲ့သူရှိကြပါတယ်။ သက်မဲ့ဆိုတာ ဘာအရည်အချင်းမှ မရှိပါဘူးဆိုပြီးလျှော့မတွက်နဲ့။ ကျောက်ခဲဟာ သက်မဲ့ဘဲ ဘာအရည်အချင်းမှ မရှိဘူးဆိုပြီး ခြေထောက်နဲ့ သွားမကန်လိုက်နဲ့ ခြေထောက်ပဲ့သွားမယ်…

ကျောက်ခဲရဲ့ တန်ဖိုးကို သိချင်ရင်… ဥပမာ…ကိုယ့်နောက်ကို ခွေးဆိုးတစ်ကောင်က နောက်ကနေလိုက်မယ်ဆိုပါတော့ ကျောက်ခဲ(သို့)လေးတဲ့ အရာဝတ္ထုတခုတခုနဲ့ မောင်းထုတ်ရမယ် မဟုတ်လား…

တကယ်လို့ ကျောက်ခဲဟာဝါကွမ်းလို ပေါ့ပါးနေမယ်ဆိုရင် ဒီနေရာမှာ ဘယ်အသုံးကျမလဲ။ ဒါကြောင့်လေးတာဟာ ကျောက်ခဲရဲ့ အရည်အချင်းဘဲ…

သက်မဲ့ဖြစ်တဲ့ကျောက်ခဲတောင်မှ လေးတဲ့ အရည်အချင်းရှိရင် ကျွန်တော်တို့လူသားတွေရော အရည်အချင်းမရှိဘူးလား?..
အရည်အချင်းရှိနေရဲ့သားနဲ့ မလိုအပ်တဲ့နေရာမှာ သုံးရင် အရည်အချင်းတွေ စွမ်းအားတွေကုန်တာပေါ့…

ရှိစုမဲ့စု လက်ညိုးလေးကို ရှေ့ထိုးနောက်ထိုး၊ အောက်ထိုးအပေါ်ထိုး ထင်ရာလျှောက်ထိုးနေရင် ကံတွေက သုံးပါးမက
လေးပါး၊ငါးပါး တွေဖြစ်ကုန်လိမ့်မယ်….

တကယ်တော့ ကံဆိုတာ… လူအချင်းချင်းပေါင်းသင်းဆက်ဆံရာမှာကာယကံ၊၀စီကံ၊မနောကံ
စသည့်ကံသုံးပါးမှလွဲပြီး တခြားကံ မရှိပါဘူး။ ဘာဘဲလုပ် ကံ ကံဆိုတဲ့စကားကိုတော့ တော်တော်သုံးကြပါတယ်…

ထီပေါက်လည်းကံ၊ ခလုတ်တိုက်လည်းကံ ဆိုပြီး ကံကိုဘဲ လွဲလွဲချနေကြတယ်။ဒါတွေဟာ ကံလို့မဆိုထိုက်ဘူး…

တကယ်တော့ ကံသုံးပါးဆိုတာ လူကလှုပ်ရှားပြီး ဖြစ်ပွါးလာတဲ့ အမှုများဖြစ်ပါတယ်။ ရှင်းအောင်ပြောရရင် ကနေ့ အချုပ်တို့ထောင်တို့ကျနေတဲ့ လူတွေဟာ အမှုကိုကြည့်ပြီး ထောင်ချတာပါ။ လူကိုကြည့်ပြီးထောင်ချတာ မဟုတ်ပါဘူး။ အမှုအကြီးအသေးပေါ်မူတည်ပြီး ပုဒ်မအမျိုးမျိုးတပ်ပြီး ချတာပါ။ လူအကြီးအသေး၊အကောင် ကိုကြည့်ပြီး မချပါဘူး….

ဒါကြောင့်ကံဆိုတာ လူအချင်းချင်းဆက်ဆံရာမှာ ကာယကံကောင်း၊၀စီကံကောင်း၊မနောကံကောင်းတွေနဲ့ လွန်ကျူးမှုမဖြစ်ဘဲ အမျှော်အကြောက်၊အပိုအလိုမရှိဆက်ဆက်ဆံ ဖို့အသုံးချတာဟာ ကံကို မှန်မှန်ကန်ကန် အသုံးချတာဘဲ…

မိမိဘာလုပ်ချင်သလဲ၊ မိမိဘာပြောချင်သလဲ၊ မိမိဘာကြံစည်ချင်သလဲ မိမိဘာသာဆုံးဖြတ်ပြီး လုပ်နေသည်ကို မြင်နေရပါလျှက် ယင်းကံတို့၏ အကျိုးဆက်များဖြစ်ပွါးသည့် အခါကျမှ နတ်ကလုပ်သလိုလို ဓါတ်ကလုပ်သလိုလို ကိုယ့်တာဝန်ကို မယူဘဲ ဟိုလွဲဒီလွဲ လုပ်နေသည်မှာ ရိုးသားရာ ကျပါ့မလား?…

ကိုယ်ဘာသာကိုယ်လုပ်ချင်တာလုပ် ပြီး ဘုရားသခင်အလိုကျ လုပ်တာဟုပြောလိုပြော၊ ကိုယ့်ဘာသာ ပြောချင် ရာပြောပြီး နတ်ကဖမ်းစားလို့ပြောရတာဟုဆိုလိုဆို၊ ကိုယ့်ဘာသာ ကိုယ်ကြံချင်ရာကြံ ပြီး ဂြိုလ်နက္ခတ် တွေအရ ကြံစည်ရတာလို့ပြောလိုပြော ကိုယ့်တာဝန်ကိုယ် မယူရဲ ဖြစ်နေရင် ကိုယ့်ဘ၀သမိုင်း ကိုယ်ဘယ်လိုများ ကိုယ်စိတ်ကြိုက်ဖန် တီးနိုင်တော့မှာလဲ?…

ရိုးရိုးသားသားတွေးတတ်မြင်တတ်ရင် ကိုယ့်ကာယကံ၊၀စီကံ၊မနောကံ အတွက် ကိုယ်ကသာ တာဝန်ယူရမှာပေါ့။ မှားသည့်ကံ ကိုလုပ်မိရင် မိမိသာ တရားခံဖြစ်သည်။ မှန်သည့်ကံ လုပ်မိရင်လည်း မိမိသာ လက်သည်ဖြစ်သည်ဟု ရဲရဲဝံ့ဝံ့ ပြောရဲပါမှ ဘ၀ သမိုင်းကိုအကောင်းဆုံး ရေးသားနိုင်မည်ဖြစ်သည်။

About Ko out of...

Ko out of... has written 91 post in this Website..