ခိုးကူး နှိမ်နင်းရေး စီမံချက်ကြောင့် မူရင်းဗီဒီယို အခွေများ အရောင်းမြင့်တက်

faizalJune 9, 20101min480

ဇွန်လ ၁ ရက်တွင် စတင်ဆောင်ရွက်နေသော ခိုးကူးနှိမ်နင်းရေး စီမံချက်ကြောင့် တရားမဝင် ကူးယူဖြန့်ချိ ခြင်းများ အရှိန်တန့်သွားခဲ့ပြီး လဆန်းပိုင်းတွင် ဖြန့်ချိခဲ့သော မြန်မာဗီဒီယို ဇာတ်လမ်းခွေများ၏ မူရင်းဖြန့်ချိသည့် ချပ်ရေများ ထက်ဝက်နီးပါး မြင့်တက်ခဲ့ကြောင်း ၃၅ လမ်းဝန်းကျင်ရှိ ဗီဒီယိုဖြန့်ချိရေး အချို့ထံမှ သိရသည်။ “ကျွန်မတို့ မာန်ထက်ချီ ဗီဒီယိုထုတ်လုပ် ဖြန့်ချိရေးက ဇွန် ၁ ရက်မှာ “ချိုးကူးသံ” ဇာတ်ကား ဖြန့်တယ်။ ရန်ကုန် တစ်မြို့တည်းအတွက် မူရင်းချပ်ရေ ၁၅၀ဝ ရိုက်ရတယ်။ အရင်ကထက် ၅၀၀ဝ နီးပါး ပိုရိုက်ရတယ်။ မနက် ၆ နာရီခွဲက စပြီးဖြန့်တာ ည ၈ နာရီလောက်မှ စာရင်းပိတ်ပါတယ်။ ခွေပြတ်လပ်သွားတာတော့ မဖြစ်ပါဘူး။ ကျွန်မတို့က ဆင်ဆာကို ပိုဝယ်ထားတယ်။ ကူးတဲ့စက်ကလည်း ကိုယ့်မှာ အသင့်ရှိတော့ လိုချင်တဲ့သူတွေကို အချိန်မီ ပေးနိုင်ပါတယ်။ ခုလို ခိုးကူးတွေကို ဖမ်းဆီးတာ တကယ်အောင်မြင်သွားရင် လုပ်ငန်းရှင်တွေလည်း အသက်ရှု ချောင်တာပေါ့။ ပိုက်ဆံ  အကုန်ခံပြီး ရသင့်ရထိုက်တာပြန်မရရင် မကာမိဘူးလေ ” ဟု မာန်ထက်ချီ ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ် ဖြန့်ချိရေးမှ တာဝန်ခံကပြောသည်။ “ ကျွန်မတို့ Lucky Seven ဗီဒီယို ထုတ်လုပ်ရေးက မေ ၂၈ ရက်မှာ ပြန်ခဲ့တဲ့ “ဇောင်း” ဇာတ်ကားကို ခွေပြတ်လပ်တာ ဖြစ်သွားတယ်။ ဒါပေမဲ့ ချပ်ရေသိပ် အများကြီးတော့ မဟုတ်ပါဘူး။ ဇွန်လဆန်းပိုင်းမှာ ဖြန့်ခဲ့တဲ့ ကိုသားကြီး(ဒွေး) ကားကျတော့ မူရင်းခွေချပ်ရေ လေးငါးထောင်လောက် ပိုရိုက်ရပါတယ်။ ဇွန် ၁ ရက်နေ့ကဆိုရင် ဒီထုတ်လုပ်ရေး အများစုရှိတဲ့ ၃၄ နဲ့ ၃၆ လမ်းတစ်ဝိုက်မှာ မူရင်းချပ်ရေ ပြတ်လပ်သွားတဲ့ ထုတ်လုပ်ရေးတွေ သတင်းကိုကြားရပါတယ် ” ဟု Lucky Seven ထုတ်လုပ်ရေးမှ ဒေါ်အေးအေးဝင်း ကပြောသည်။ ခိုးကူး ဖမ်းဆီး နှိမ်နင်းမှုကြောင့် ၃၅ လမ်း အနီးရှိ ရုပ်ရှင်ရုံများ အောက်ထပ်တစ်လျှောက် ရောင်းချနေသော လမ်းဘေးဆိုင်များ ပိတ်သိမ်းထားသည်ကို တွေ့ရပြီး ရန်ကုန်မြို့လယ်ခေါင်နေရာ အများစုတွင်လည်း လမ်းဘေးဆိုင်များ ရောင်းချခြင်း မရှိသည်ကို တွေ့ရသည်။ အချို့မြို့နယ်များတွင် အခွေရောင်းချခြင်းများ ရှိနေသော်လည်း မြန်မာ စာတန်းထိုး နိုင်ငံခြား ဇာတ်လမ်းတွဲများသာ ပါဝင်သည်ကို တွေ့ရသည်။

ref ; 7day news journal,   by aye thu san