ဒီဆိုက်ပေါ်မှာလည်း မန္တလေးက မစ္စတာပေါက် ရဲ့ ကင်မရာနှိပ်ချက်များနဲ့ တက်လာဖူးတဲ့ ပုံတွေရှိပါတယ်။
ကောင်းမှုတော် ဘုရားကြီး ရွှေရောင်ဝင်းပပ နဲ့ သပ္ပါယ်နေပုံများ။
ဒီကောင်းမှုတော် ဘုရားကြီး ကို ရွှေဆေးသင်္ကန်း ကပ်လှူမယ် ဆိုတဲ့ ထုတ်ပြန်ချက် ထွက်လာတော့ အမြင်တွေအမျိုးမျိုးပေးကြတာလည်းမှတ်မိကြပါဦးမယ်ထင်ရဲ့။
အဖြူရောင်ထုံးသင်္ကန်းနဲ့သာ တင့်တယ်ပါတယ် ဆိုတာမျိုး။ ရှေးက ပုံစံအတိုင်း သူ့မူသူ့ဟန်နဲ့ ရှိနေတဲ့ ကောင်းမှုတော် စေတီကြီးကို ရွှေရောင် သဘောင်္ဆေးတွေသုတ်တာ မသင့်တော်ပါဘူး ဆိုတာတို့ပေါ့။
ကိုယ် ကိုယ်တိုင်လည်း အင်း ….. မူလ ထုံးသင်္ကန်းအဖြူရောင်နဲ့ ဗိသုကာပုံထူးခြားတဲ့ ကောင်းမှုတော်ဘုရားကြီးကို မူလအတိုင်း မူလပုံရိပ်အတိုင်းသာ ကြည်ညိုဖွယ်လို့ တွေးထင်မိပါတယ်။
အဲဒီကိစ္စကို မြစ်ဆုံလို မကန့်ကွက်ကြပေမယ့် အသံလေးတွေတော့ ထွက်လာခဲ့ကြသေးတာပါပဲလေ။
ဘုရားဂေါပက ကိုလည်း နားမလည်နိုင်ဖြစ်မိပါတယ်။ ဘာဖြစ်လို့များ ဒီလို လုပ်ဖို့ ဆုံးဖြတ်သလဲပေါ့။ ဘာကြောင့်လဲဆိုတာ သိတော့ သိချင်ခဲ့ပါတယ်။

မှတ်မိကြဦးမှာပါ။
စိမ်းလဲ့ကန်သာလမ်းက ငါးလောင်းပြိုင်လူသတ်မှုကတော့ အခုထိ မပေါ်သေးဘူးနော်။
မကြာခင်ပေါ်မှာပါလို့ ဖြီဖြန်းဖိန့်ဖိဖုံး ခဲ့တဲ့သူကတော့ ဝန်ကြီးနေရာ ပေးသနားခံရလို့ အခုတော့ ဝန်ကြီးပေါ့ဗျာ။ (စွမ်းဇာနည်တို့ ဇာတ်မှာ လည်း ဝန်ကြီးနေရာ တွေလိုနေပါတယ်တဲ့ )
အဲဒီအမှုတော့ အခုထိ လက်သည်မပေါ်သေးပါဘူး။

သို့သော်…. ကောင်းမှုတော်ဘုရားကြီး ဘာကြောင့်ရွှေဆေး ကပ်လှူတာလည်း ဆိုတဲ့ နောက်ကွယ်က အကြောင်းအရာကြီးတော့ ဒီမနက်ပဲ မတော်တဆ တွေ့ရှိသွားပါသဗျား။
(တွေ့တွေ့ချင်း မနေနိုင်လို့ ရေးမယ် စဉ်းစားထားတဲ့ အခြားအကြောင်းအရာတွေထက် လုပ်လက်စ အလုပ်တွေရပ်ပြီး အရင်ဆုံးတင်ပေးလိုက်ပါတယ်။ တော်တော်တော့ မကောင်းဘူးဗျ။ အလှူလုပ်ရင် ကြည့်သာလှူကြပေတော့ဗျာ။ )

ဒီလိုပါ။
မနက်က အလုပ်ကိစ္စတစ်ခုနဲ့ လူတစ်ယောက်ကို အီးမေးလ် ပို့ထားတာရလား ဖုန်းဆက်တော့ သူခရီးသွားနေတာ။ မုံရွာဘက်သွားနေတယ်။ မုံရွာရောက်ရင် ဖွင့်ကြည့်လိုက်မယ်တဲ့။ အခု စစ်ကိုင်း ကောင်းမှုတော် ဘုရားရှေ့မှာ ကားဖြတ်သွားနေတယ်ဆိုလာတယ်။ အဲဒီ ဆရာက မြန်မာပြည်က အချို့စီးပွားရေးလုပ်ငန်းတွေ နဲ့ ကိစ္စတော်တော်များကို သေချာစွာ နှံ့စပ်လေသူဖြစ်တဲ့အပြင် ဓါတုဗေဒ ပစ္စည်းများ နဲ့ ဆောက်လုပ်ရေးပစ္စည်း ဈေးကွက်လောကကိုလည်း ကျွမ်းကျင်သူဆိုတော့ ရုတ်တရက် စပ်ဆက်ပြီး မေးမိပါတယ်။ ကောင်းမှုတော် ဘုရားကြီး ရွှေဆေး သုတ်တာ ဘယ်သုတ်ဆေးကုမ္ပဏီက ဆေးတွေ ပစ္စည်းတွေရောင်းလိုက်ရသလဲဆိုတော့ “ နိုင်ငံတော်ပေါ့ဗျာ ” ဆိုပြီး ဖြေပါတယ်။ ပြီးတော့ ခင်ဗျားက ဘာဖြစ်လို့ စိတ်ဝင်စားတာတုန်း လို့ ပြန်မေးသေးသဗျ။ ခင်ဗျားတို့ ကျုပ်တို့ စီးပွားရေးနဲ့ မပတ်သက်တဲ့ ကိစ္စပါဗျာ အေးအေးနေစမ်းပါလို့လည်း ပြန်ပြောပါသေးတယ်။ ဟုတ်ပါတယ်။ ဘာရယ်မဟုတ်သိချင်နေလို့ပါလို့ သာဖြေမိပါတယ်။

“ နိုင်ငံတော်ပေါ့ဗျာ ” ဆိုတာ ဘာလည်း သိကြသလား။
နိုင်ငံတော် ဆိုတာ က ရှစ်လုံးကြီး ရဲ့ သား နဲ့ တပည့်အပေါင်းအပါများ မှာ သဘောင်္ဆေးစက်ရုံတစ်ရုံရှိပါတယ်။ Rising Sun သဘောင်္ဆေးစက်ရုံဆိုတာ သူတို့ပါပဲ။
အပြင်မှာတော့ မကြားဘူးသဘောက်ပဲဗျ။ ကိုယ်လည်း မတော်တဆ သိသွားတာပါ။ ပွဲတစ်ခုမှာ ဆုံမိပြီး သိသွားတာပါ။
နိုင်ငံတော် စီမံကိန်းများ အားလုံး အဲဒီ တံဆိပ်သာ သုံးပါတယ် ဆိုပဲ။

ကဲ … ရွှေဆေးသင်္ကန်း ကပ်လှူတဲ့ စားရိတ်စုစုပေါင်း ဘယ်လောက်လဲ ဆိုတာ ဂျာနယ်အဟောင်းတွေ ပြန်လှန်ရင် တွေ့မိမှာပဲနော်။
သူ့ဘာသာသူ ထုံးဖြူသင်္ကန်းနဲ့ သပ္ပါယ်နေတဲ့ ထူးခြားတဲ့ဟန်နဲ့ ဘုရားကြီးကို ရွှေဆေးသုတ် လို့ လမ်းညွှန်ချက်ပေးနိုင်တာ ဘယ်အဆင့်လောက်ဖြစ်မလဲဗျာ။
သုတ်တဲ့အခါမှာလည်း ရွှေဆေးပေါင်းများစွာသုံးရမယ် ဆိုတာ။ နေပြည်တော်က ဘုရားအသစ်ကြီးကို လက်စွမ်းပြပြီးနောက် ရပ်တန့်လို့မရနိုင်တော့တဲ့ လက်စများကလည်း ပါလာပြီးနောက်။

စီးပွားရေး လုပ်ကြတာ ကောင်းပါတယ်။ တိုင်းပြည်ရဲ့ ကုန်ထုတ်စွမ်းအားတွေထဲမယ် ရင်းနှီးမြုပ်နှံကြတယ်ဆိုတာ ပိုတောင်ကောင်းသေးတယ်။

သို့သော် …… အလှူရှင်များ စေတနာသဒ္ဓါတရားဖြင့် လှူဒါန်းထားသူများရဲ့ ပိုက်ဆံကို ကိုယ့်အိတ်ထဲရောက်အောင် ဖိအားပေးပြီး လုပ်ကြတာကတော့ မကောင်းဘူးထင်တယ်ဗျ။
အလှူရှင်တွေ ကြည့်သာ လှူကြပေါ့။
ဘုရားက ရွှေခွာရင် ဘာဖြစ်တတ်တယ် ပြောတယ်။ ဘုရားကို ရွှေသုတ်ပေးတာ က ကုသိုလ်ရတာပေါ့နော။ အခုလို သုတ်ပေးတာကော ကုသိုလ်ရသလား။

About လင်းဝေ

LIN KYAW has written 154 post in this Website..

Man in the middle of nowhere…. But in the heart full of hope with pragmatic view in optimism