သမိုင်းဝင် ဇလုံတောင် စေတီတော်ကြီး

faizalJune 9, 20101min801

မြန်မာနိုင်ငံ အထက်ပိုင်း၌ ထူးကဲ့သော ဂုဏ်တန်ခိုး တော်နှင့် ပြည့်စုံသော ဇလုံတောင် စေတီတော်ကြီးမှာ မွန်ပြည်နယ်မှ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ကြီးနှင့် ပမာတူစွာအံ့ဖွယ် ထူးခြားသော ဉာဏ်တန်ခိုးတော် တို့နှင့် ပြည့်စုံသော သမိုင်း ဝင်စေတီတော်ကြီး တစ်ဆူ ဖြစ်ပါသည်။ ပင်လယ်ရေ ပြင်ထက် အမြင့်ပေ (၃ဝ၉ဝ) အမြင့်ရှိသော သေလာ ပဗ္ဗက တောင်ထိပ်ပေါ်ဝယ် ထူးတင့်စွာ ဖူးမြော်ခွင့်ရသော ဇလုံတောင် စေတီတော်ကြီးမှာ သမိုင်းအခြေခံ တောင့်တင်းခဲ့သည်။ သမိုင်း အဖြစ်တော်စဉ် အရ မြတ်စွာဘုရားရှင် ဝါတော်(၂ဝ)အရ မဟာသက္ကရာဇ် (၁၂၃)ခုနှစ်၌ သိကြားမင်း ဖန်ဆင်းအပ်သော နတ်ပန်းရထားဖြင့် ရဟန္ဓာ (၅ဝဝ)ခြံရံပြီး ဧရာပထနတ် နဂါးသားအဖ လှူဒါန်းသော ဇလုံတောင်သို့ ကြွရောက်တော်မူခဲ့သည်။ ဤသို့သော မှတ်တမ်းမှတ်ရာများ၏ ဆင်း သက်မှုအရ သက္ကရာဇ်(၄၉၂) ခုနှစ်၌ အရှင်အရဟံနှင့် အရှင်အာစရ ဘွဲ့မည်ရသော ရဟန္တာ (၂)ပါး ဇလုံတောင်သို့ ကြွတော်မူပြီး တောင်၏အမြင့်ဆုံး ကျောက်စာတွင် ဖေါ်ပြထား သည်။
အံ့ဖွယ်ကျော်ကြား ဇလုံတောင်ဘုရား
မွန်ပြည်နယ်မှ တန်ခိုးကြီးလှသော ကျိုက်ထီးရိုး ဆံတော်ရှင်ကဲ့သို့ သဘာဝနှင့် တောတောင်ရေမြေ သာယာ လှပမှုများ ဆင်တူနေသော ဇလုံတောင်တော်မှာ စစ်ကိုင်း တိုင်း၊ကသာခရိုင်၊ ဗန်းမောက် မြို့နယ်တွင်တည်ရှိပြီး ဗန်း မောက်မှ (၁၂)မိုင်၊ (၂)ဖာလုံ ခန့်အကွာ တောမြိုင်လယ် တွင်တည်ရှိ၏။ နှစ်စဉ်ဆောင်းရာသီနှင့် နွေရာသီ ကာလတွင် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးတို့စုံညီစွာလာရောက်ဖူးမြော်ကြသည်။ ဗန်းမောက်မြို့မှ မြေသားကားလမ်း အတိုင်းကားဖြင့်သွားကြရသည်။ ကျွန်းပင်ကြီးများ အင်ပင်ကြီးများက အုံ့ဆိုင်းသာယာ၍ သဘာဝတောတောင်ရေမြေ၊ စိမ့်စမ်းရေတို့က ဝန်းကျင်အနှံ့ကြည်နူးဆွတ်ပျံ့စေ၏။ ဇလုံတောင်သို့ တက်ရာတောင်တက်လမ်း တစ်လျှောက်ဝယ် တယ်ပင်ပြန့်စခန်းမှာ ဘုရားဖူးတို့အဆင်းနှင့်အတက် နားခိုရာ ငြိမ်းချမ်းသော ရပ်ဝန်းတစ်ခုဖြစ်ပြီး နားခိုသူတို့အတွက် ရေချိုးစရာနှင့် အပန်းဖြေ စားသောက်စရာ စားသောက်ဆိုင် တန်းတွေလည်း စုံလင်လှ၏။ ထိုတယ်ပင်ပြန့်စခန်းတွင် တောင်ပေါ်သို့ တက်ရောက် လာကြသော ကားများ၏ အဆုံးအစခန်းလည်းဖြစ်သည်။
ဒေသန္တရဗဟုသုတကို လေ့လာရှာမှီးကြသော ဘုရားဖူးများမှာ တယ်ပင်ပြန့်မှ လူသွားကျောက်ခြပ်တို့အကြားမှ တောင်ထိပ်ပေါ်သို့ တက်ရောက်ကြရသည်။ ဇလုံ တောင် ဝန်းကျင်၌ ကမ္ဘာ့အံ့စရာတစ်ခုနှယ်မြင်တွေ့ကြရသော ကျောက်မဏ္ဍပ်ကြီး ကလည်း အံ့မခန်းစရာပင်။ ထိုကျောက်မဏ္ဍပ်၌ ရှေးပဝေသဏီနှစ်ပရိစ္ဆေဒကတည်းက ကျောက် ဖြစ်ရုပ်ကြွင်းများအဖြစ် မြင်တွေ့နေရဆဲဖြစ်သော ကျောက်ဆန်အိတ်ကြီး များကလည်း အံ့ဩစရာကောင်းပါသည်။ အကျယ်အဝန်းကြီးမားလှသော ကျောက် မဏ္ဍပ်ကြီးပေါ်၌ စေတီငယ်များနှင့် ဗုဒ္ဓရုပ်ထုတော်တို့ကလည်း သပ္ပါယ်ကြည်ညိုစရာ ဖူးတွေ့ရသည်။ ဇလုံတောင်တည်ရှိရာ တောကြီးတောင်ကြီးထဲ၌ သဘာဝ၏ဆေးဖက်ဝင် တောဆေးတောမြစ်တို့ စုံလင်လှ၏။ တောရဆောက်တည်၍ တရားရှာမှီးကြသည့် ယောဂီသူတော်စင်နှင့် ရဟန်းတော်တို့ အနေအစားချို့တဲ့စွာနှင့် တပအကျင့်ကို ကျင့်ကြံ လျှက်ရှိကြသည်မှာ တောရ၏ စိတ္တဝိဝေကတစ်ခုဖြစ်သည်။
ဇလုံတောင်ဗုဒ္ဓပူဇနိယပွဲကြီး
ဇလုံတောင် ဘုရားပွဲတော်ကြီး ကျင်းပပူဇော်ပုံမှာ ထေရဝါဒဆန်လှ၏။ ဇာတ်ပွဲ၊ အငြိမ့်သဘင်နှင့် စတိတ်ရှိုးစသော ကိလေသာကို ဇောင်းပေးသော ပူလောင်မှုများ ထည့်သွင်းမထားဘဲ ဓမ္မတရားသဘင် များသာ ပါဝင်သဖြင့် ဂုဏ်ယူစရာ ဖြစ်ရသည်။ ယခုနှစ်၌ (၁၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို (၂၃၊၄၊၂ဝ၁ဝ)နေ့မှ (၂၇၊၄၊၂ဝ၁ဝ)နေ့ အထိ ကျင်းပ ပူဇော်ခဲ့သည်။ သံဃာတော်များမှ အသံမစဲ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပါဝင်သလို ဒုလ္လဘ သံဃာ(၇ဝ)ကျော် ဝတ်ခဲ့ကြသည်။ ထို့အပြင် သာသနာနွယ်ဝင် သီလရှင်ဝတ်ပွဲကလည်း ဘာသာရေး၏ အခြေခံအုတ်မြစ် တစ်ခု ဖြစ်ခဲ့ရသည်။ ထို့ပြင် ဗုဒ္ဓဆင်းတုတော် များအား အနေကဇာတင်ပွဲနှင့် ညောင်ရေ သွန်းလောင်းလှူပွဲများ ထည့်သွင်း ကျင်းပခဲ့ကြသည်။
ဇလုံတောင်၏ တောရဟေမဝါ စိမ့်ကြီးမြိုင်ကြီးများထဲ၌ သဘာဝ၏ လှပဆန်းပြားသော သစ်ခွပန်းမျိုးစုံတို့က တော၏ အလှကို တစ်မျိုးတစ်ဖုံ လှပကြည်နူးစေပါသည်။ ဇလုံတောင်သည် လှပမှုမျိုးစုံတို့နှင့် လာရောက်ကြသူများအား အမျိုးမျိုးအဖုံဖုံ ဆွဲဆောင် ထားနိုင်ခဲ့၏။ ပြည်တွင်းမှ လေ့လာရင်း ဒေသန္တရနှင့် ဗုဒ္ဓ၏တန်ခိုးတော် အောက်သို့ လာရောက်ခိုလှုံကြသူများအပြင် ကမ္ဘာတစ်ဝှမ်းမှ လာရောက်ကြမည့် ဧည့်သည်များ အတွက်ပါ ပန်းသတင်းကို လေညှင်းဆောင်သလို တစ်ဦးမှ တစ်ဦးဆီလမ်း ညွှန်သမှုပြု၍ လာချင်စဖွယ်ဖြစ်အောင် စွမ်းဆောင် အားထုတ်သွားကြဖို့ လိုအပ်လျှက် ရှိပါသည်။ ဇလုံတောင်သည် သာယာသည်၊ လှပသည်၊ အေးချမ်းသည်၊ သန့်ရှင်းသည်။ ကြည်နူးရသည်။ ဆန်းသစ်သည်၊ ရင်ခုန်ရသည်။ စိတ်ဓာတ်လန်းစွင့်သည်။ နက်နဲသော တောရ၏အလှ လျှိုမြှောင်ရရုံတို့၏ အံ့ဖွယ်ဆန်းပြားမှုနှင့် ပေါကြွယ်ဝသည်။ ကတူးနှင့် ရှမ်း၊ ကဏန်း တိုင်းရင်းသားတို့ အခြေချ နေထိုင်လျှက်ရှိသော ဗန်းမောက်မြို့နယ်မှာ သဘာဝက အစုလိုက်အပုံလိုက် ဖန်တီးပေးထားသော ပန်းစုံ တောကြီးနှင့် တောမြိုင်ကြီးကား လူပေါင်းများစွာ အတွက် စိတ်ဓာတ်ကို ညှို့ငင် ဖမ်းစားနိုင်စွမ်းသော ရတနာသိုက်ကြီးတစ်ခုသာ ဖြစ်ပါသည်။

source;;;; http://www.snapshot-news.com

ယဉ်ယဉ်သိန်း(နဘား)


One comment

  • petitelapine

    June 16, 2010 at 4:11 am

    ဖြစ်နိုင်ရင် ပုံတွေပါ ကြည့်ချင်ပါတယ်…နောက်လမ်းခရီးအခြေအနေလေးပါ ထပ်ပြီးဖော်ပြပေးစေချင်ပါတယ်…ကျေးဇူးတင်ပါတယ်

Leave a Reply