အလောင်းမင်းတရားကြီး ဦးအောင်ဇေယျအကြောင်း ရုပ်ပုံလွှာဖတ်ဖူးမှတ်ဖူးသမျှ

San Hla GyiMarch 24, 20121min1496

ဒီပို့စ်မှာတော့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ အကြောင်းကို သိသမျှ အကျယ်ရေးပါမယ်။ မရေးခင် ကြိုတင်ဝန်ခံချင်ပါတယ်။ ကျွန်တော်ဟာ ပုထုဇဉ်ဖြစ်လို့ အဂတိတရားလေးပါးထဲက ဆန္ဒဂတိကိုလိုက်ပြီး အလောင်းမင်းတရားကြီးနှင့် မြန်မာတွေအကြောင်းကို ပိုပိုသာသာ ရေးနိုင်ပါတယ်။ ဒီလိုဆိုရင် အထောက်အထားနှင့်တကွ ပြင်ပေးပါ။ အမြဲတမ်း ကြိုဆိုပါတယ်။

ဦးအောင်ဇေယျအကြောင်းကို ရေးမယ်ဆိုရင် သူ့ခေတ်ရဲ့ နောက်ခံရှုခင်းလေးတွေပါ ထည့်ပြောဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ သူ့ကို တချို့ရာဇဝင်တွေမှာ ရက်စက်တယ်ဆိုပြီး အပုပ်ချရေးထားလို့ပါ။ မှန်သင့်သလောက်လည်း မှန်ပါတယ်။ ဒါပေမဲ့ သူ့မှာလည်း သူ့အကြောင်းနဲ့သူ ရှိမယ် ထင်လို့ပါ။

ဦးအောင်ဇေယျကို မုဆိုးဖိုရွာစား ဗလနန္ဒကျော်စွာ ဘွဲ့စံမင်းညိုစံနှင့် မဟာဒေဝီ စောငြိမ်းဦးတို့မှ ဖွားမြင်ပါတယ်။ မွေးနံတော် သောကြာသားပါ။ ရာဇဝင်တွေ အဆိုအရ ဦးအောင်ဇေယျကို ကိုယ်ဝန်ရှိတာနဲ့ မယ်တော် မဟာဒေဝီဟာ မြင့်မြတ်တဲ့နေရာတွေမှ အိပ်လို၊ ထိုင်လိုခြင်း စားဖွယ်သောက်ဖွယ်တွေကိုလည်း ဦးဦးဖျားဖျားမှ စားလိုခြင်း၊ စိတ်ဓာတ်ခက်ထန်တက်ကြွပြီး ဆန်ကျင်ဘက်ပြုသူများကို လုံးဝ သည်းမခံနိုင်ခြင်း စတဲ့ ချင်ခြင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

နောင် အရွယ်ရောက်လာတဲ့အခါ စည်ပုတ္တရာရွာသူ ခင်ယွန်းစံ (နောင်မိဖုရား ခေါင်ကြီး) နဲ့ မိဘများက လက်ဆက်ပေးပါတယ်။ ဖခင်ရဲ့ အရိုက်အရာနှင့် ရာထူးကိုလည်း ဆက်ခံရပါတယ်။

အဲဒီအချိန်မှာ ဘုရင်အဖြစ်နန်းစံနေသူကတော့ ညောင်ရမ်းမင်းဆက် နောက်ဆုံးမင်းဖြစ်တဲ့ မဟာဓမ္မရာဇာဓိပတိ (ဟံသာဝတီရောက်မင်း) ဖြစ်ပါတယ်။ သူ့လက်ထက်မှာ မြန်မာနိုင်ငံရဲ့ အခြေနေဟာ အလွန်ကျဆင်းခဲ့ပါတယ်။ ဘုရင်ဖြစ်သူက အရည်အချင်းမရှိတဲ့ ပိုင်ပိုင်နိုင်နိုင် မအုပ်ချုပ်နိုင်တဲ့အခါမှာ မူလက မြန်မာကို ပဏ္ဏာဆက်နေခဲ့ရတဲ့ မဏိပူရလို ဒေသတွေကပါ မြန်မာပြည်အလယ်ပိုင်းအထိ ဝင်ရောက်တိုက်ခိုက်ပြီး မြန်မာတွေကို သုံ့ပန်းအဖြစ် ဖမ်းယူသွားခဲ့ပါတယ်။ ဧရာဝတီမြစ်ကို ရေချိုးရင် အကုသိုလ်ကင်းတယ်လို့ ယုံကြည်ကြတာလည်း ပါတယ်လို့ ဆိုပါတယ်။

မွန်တွေဘက်ကလည်း မွန်ဘုရင်ဗညားဒလ ဦးအောင်လှဦးစီးပြီး မွန်အင်ပါယာကြီး ထူထောင်ဖို့ ကြံစည်ကြပါတယ်။ မူလကတော့ ဟံသာဝတီဟာ အင်းဝလက်အောက်ခံပါ။ အင်းဝအခြေနေ မကောင်းတာကို သိတဲ့အခါမှာ တစင်ထောင်တာ ဖြစ်ပါတယ်။ မတ္တရာ၊ အုတ်ဖိုဘက်မှာလည်း ကွေ့ရှမ်း ဂုဏ္ဏအိမ် ဦးဆောင်တဲ့ အစုရှိပါတယ်။ ဒါပေမဲ့ မြန်မာတွေ ဘက်မှာလည်း မြောက်ဘက်တလွှားက မင်းလောင်းပေါ်မယ်ဆိုတဲ့ တဘောင်တွေ ပေါ်လာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဦးအောင်ဇေယျကတော့ သူ့ဇာတိ မုဆိုးဖိုရွာနှင့် ပတ်ဝန်းကျင် ၄၆ ရွာကို ထန်းလုံးတပ်ကာရံစေပြီး စစ်ရေးလေ့ကျင့်စေပါတယ်။ သူကတော့ အရှင်သခင်ဖြစ်နေတဲ့ အင်းဝဘုရင်ကို စတင်မပုန်ကန်ခဲ့ပါဘူး။ ဒါကြောင့် သူ့ကို သူ့ပြိုင်ဘက်တွေက ကိုယ်တိုင်ဘုရင်အဖြစ် မျှော်မှန်းထားသူဆိုတာ သေသေချာချာ မသိခဲ့ပါဘူး။ လျှော့တွက်ခဲ့ကြဟန် တူပါတယ်။

ဒါကြောင့်မို့ မုဆိုးဖိုတပ်ထဲကို မွန်တွေဘက်ကရော၊ ကွေ့ရှမ်းတွေဘက်ကပါ သစ္စာရေတိုက်ဖို့အတွက် သံအဖွဲ့၂ ဖွဲ့ တပြိုင်တည်း စေလွှတ်လိုက်ကြပါတယ်။ ဒီမှာတင် ဦးအောင်ဇေယျရဲ့ ခေါင်းဆောင်မှုနှင့် စကားပြောပါးရည်နပ်ရည် ရှိမှုကို တွေ့ရပါတယ်။ မုဆိုးဖိုတပ်ဟာ အင်အားစုစည်းထားတာ မှန်ပေမဲ့ ရောက်လာတဲ့ရန်သူ ၂ ဖက်စလုံးထက်တော့ အင်အားနည်းနေပါသေးတယ်။ ဘယ်လိုမှ စစ်မျက်နှာ ၂ ဖက်လည်း ဖွင့်မတိုက်နိုင်ပါဘူး။ ဒီအချိန်မှာ မွန်တပ်တွေဟာ အင်းဝနှင့် မြန်မာနိုင်ငံအနှံ့အပြားကို သိမ်းထားပြီးတော့ အင်းဝကမြန်မာမင်းကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါပြီ။

သူတို့အနေနှင့် သစ္စာရေတိုက်ဖို့ မုဆိုးဖိုဆိုတဲ့ ရွာလေးတစ်ရွာသာ ရှိတော့တယ်လို့ ပြောလို့ရတဲ့ အနေအထားပါ။ ဒီအချိန်မှာ သူတို့က အောင်နိုင်သူတွေဆိုတော့ မြန်မာယောက်ျား တော်တော်များများကို တလိုင်းဆံပင် (အဲဒီခေတ် မြန်မာယောက်ျားတွေ ထုံးတဲ့ ဆံထုံးနှင့်မတူတဲ့ ဆံပင်ပုံစံ) ထုံးစေပါတယ်။ မလိုက်နာတဲ့ သူတွေကို တောထဲခေါ်သွားပြီး ဓားနှင့် ခုတ်သတ်တယ်လို့ ဆိုပါတယ်။ ကျွန်တော် ဒီအကြောင်း မရေးခင် အတော်စဉ်းစားပါတယ်။ ဒီဘက်ခေတ်မှာ ပြည်ထောင်စု စိတ်ဓာတ်ကို ထိခိုက်တယ် ထင်လို့ပါ။

ဒါပေမဲ့ နောက်ဆုံးအဖြစ်မှန်ကို ရေးချင်တာရယ်၊ တိုင်းရင်းသားတွေ အနေနဲ့လည်း ထစ်ကနဲရှိ မြန်မာတွေကိုပဲ တဘက်သတ် လက်ညှိုးထိုးနေတာတွေကို မကြိုက်လို့ပါ။ အိမ်နီးချင်းနိုင်ငံတွေလည်း အတူတူပါပဲ။

အဲဒီလို သံအဖွဲ့ ၂ ဖွဲ့ရောက်လာတဲ့အခါမှာ ဦးအောင်ဇေယျက သူ့လူတွေကို ခေါ်ပြီး အရေးပေါ်တိုင်ပင်ပါတယ်။ တချို့ကလည်း မွန်တွေ အင်အားကြီးတာမှန်ပေမဲ့ မတ္တရာက ကွေ့ရှမ်းတွေက ပိုနီးတယ်။ ဒီတော့ ကွေ့ရှမ်းတွေနဲ့ အခိုက်အတန့်ပေါင်းပြီး မွန်တွေကို ပြန်တိုက်မယ်။ နောက်မှ အခြေအနေကြည့်ပြီး အင်အားကို ခိုင်မာအောင် လုပ်ပြီး ကွေ့ရှမ်းတွေကိုလည်း ပြန်တိုက်မယ်လို့ ပြောပါတယ်။ ဦးအောင်ဇေယျက မင်းတို့ပြောတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ သစ္စာခံပြီးမှ ပြန်တိုက်တယ်ဆိုရင် နောင်လာနောက်သားတွေ ရာဇဝင်မှာ အပြောခံရတော့မယ်။ ဘယ်သူ့သစ္စာကိုမှ ခံစရာမလိုဘူး။ သူတို့ကို စကားနဲ့လှည့်ပတ်ပြီး ပြန်စေမယ်လို့ ဆိုပါတယ်။

နောက်တော့ သံအဖွဲ့ ၂ ဖွဲ့စလုံးကို တပြိုင်တည်း လက်ခံတွေ့ဆုံပြီး ကျုပ်တို့အနေနဲ့ ၂ ဖွဲ့စလုံးကို တပြိုင်တည်း ဘယ်လိုမှ သစ္စာမခံနိုင်သေးပါဘူး။ ခင်ဗျားတို့ဟာ တဘက်နှင့် တဘက်လည်း အနိုင်မရသေးပါဘူး။ အနိုင်ရအောင် တိုက်ကြပါဦး။ အနိုင်ရတဲ့ဘက်ကို သစ္စာခံဖို့ စဉ်းစားပါမယ်လို့ ပြောခဲ့ပါတယ်။

သူပြောတဲ့ ကုန်းဘောင်ခေတ် အသုံးအနှုန်းအတိုင်း အတိအကျ မှတ်မိသမျှ ပြောရရင်… “လူတစ်ယောက်သည် ဦးခေါင်းတစ်လုံးတည်းဖြင့် ရေအိုးနှစ်လုံး မရွက်နိုင်။ ထိုသို့ ရွက်နိုင်သည် ဆိုလျှင်လည်း မင်းသံတော်တို့ မယုံပေရာ၊ သံအဖွဲ့ နှစ်ဖွဲ့တို့သည်လည်း တစ်ဦးကိုတစ်ဦး ပျပ်ဝပ်သော အခြေတွင် ငါ့၌ အထွေအရာ မရှိပြီ” လို့ ဖြစ်ပါတယ်။

သူပြောတဲ့စကားကို ကြည့်မယ်ဆိုရင် သေချာပေါက် သစ္စာခံပါမယ်ဆိုတဲ့ ဂတိစကားမျိုး မပေးခဲ့ပါဘူး။ သူ့ကို လိမ်တယ်လို့လည်း ပြောလို့ မရပါဘူး။ သူက စဉ်းစားမယ်လို့ပဲ ပြောခဲ့တာပါ။

သံအဖွဲ့ ၂ဖွဲ့ ပြန်တဲ့အခါ မွန်တွေရဲ့ သံအဖွဲ့ကို အပြန်လမ်းမှာ ဖြတ်ပြီးတိုက်လိုက်ပါတယ်။ ဒီတော့ကွေ့ရှမ်းတွေက ကိုယ့်ကိုယ်ကို ပိုတွက်ပြီး တို့အဖွဲ့ကို ဘာမှ မလုပ်ဘူး။ ဒီလောက်အင်အားကြီးတဲ့ မွန်တွေကို အာခံဝံ့တာ တို့တွေကို အားကိုးလို့ ဖြစ်ရမယ်လို့ တွက်လိုက်ပုံ ရပါတယ်။ ဒီတော့ ဦးအောင်ဇေယျ မွန်တွေနဲ့တိုက်ခိုက်နေတုန်းမှာ ဘာမှ အနှောင့်အယှက်မပေးတဲ့အပြင် သူတို့ဖမ်းထားတဲ့ ဦးအောင်ဇေယျရဲ့ မယားညီအစ်ကို (မင်းလှစည်သူ ဦးစည်းစိမ်) ကိုတောင် အသာတကြည် လွှတ်ပေးလိုက်ပါတယ်။ ဦးအောင်ဇေယျအနေနဲ့တော့ မလိုအပ်ဘဲ စစ်မျက်နှာ ၂ဘက် ဖွင့်စရာ မလိုတော့ပါဘူး။

ဒုတိယအကြိမ်မှာတော့ မွန်တွေက လူ ၃၀၀ဝ လောက် ပါတဲ့ တပ်တစ်တပ်ကို လက်နက်အပြည့်အစံနှင့် လွှတ်လိုက်ပါတယ်။ ဒီတစ်ခါ မုဆိုးဖိုက ထန်းလုံးတပ်ကို မွန်ဘုရင်ရဲ့ သစ္စာကို ရအောင် ခံခိုင်း၊ မလိုက်နာလျှင် ပုခက်ထဲက ကလေးပါ မချန်သတ်ခဲ့၊ နောက်ပြီး ရွှေစည်းခုံဘုရားမှာ ရှိတဲ့ မြန်မာဘုရင်ရဲ့ ထီးကိုချပြီး မွန်ဘုရင်ရဲ့ ထီးကိုတင်၊ အနော်ရထာနှင့် ဘုရင့်နောင်ရဲ့ လက်နက်နိုင်ငံထဲမှာ ပါခဲ့ဖူးတဲ့ ဒေသတွေကိုလည်း ရအောင်ယူ။ အမိန့်မနာခံတဲ့ ရန်သူ မြန်မာမှန်လျှင် မြေလှန်သတ်ဖြတ်ကြစေ ဆိုတဲ့ ကြောက်စရာကောင်းတဲ့ အမိန့်ရာဇသံကြီးနဲ့ ဖြစ်ပါတယ်။ ဦးဆောင်သူကတော့ မွန်စစ်သူကြီး တလပန်းဖြစ်ပါတယ်။

ဦးအောင်ဇေယျကို ရက်စက်တယ်လို့ ပြောတဲ့ လူများအနေနဲ့လည်း ဒီအခြေအနေကို စဉ်းစားဖို့ လိုတယ် ထင်ပါတယ်။ သူ့အနေနဲ့ ဒီအခြေအနေမှာ သူနှင့် သူ့မြန်မာလူမျိုးများ ရပ်တည်ရေးအတွက် တိုက်ခိုက်ရုံမှတပါး မရှိတော့ပါဘူး။

တိုတိုပြောရရင် ဦးအောင်ဇေယျဟာ သူ့ထက်အင်အားကြီးလှတဲ့ ရန်သူတွေကို အနိုင်တိုက်ပြီး ဘုရင်အဖြစ်ရောက်ခဲ့ပါတယ်။ တိုက်ပွဲတစ်ပွဲချင်း အသေးစိတ် တိုက်ခိုက်ပုံတွေကို မရေးတော့ပါဘူး။ ပြီးတော့ မြန်မာပြည်ရဲ့ ပင်လယ်ထွက်ပေါက်ကြီးဖြစ်တဲ့ တနင်္သာရီကို ထပ်တိုက် ပါတယ်။ တနင်္သာရီဟာ ပုဂံခေတ်ကတည်းက မြန်မာ့ပိုင်နက်ဖြစ်ပါတယ်။ ဒါကို ယိုးဒယားက ဒုတိယမြန်မာနိုင်ငံတော် အပျက်မှာ ဝင် မသွားလို့ အနှစ် ၃၀ဝ လောက် ပါသွားခဲ့ဖူးပါတယ်။ ကျွန်တော်ရေးဖူးသလို တနင်္သာရီ စစ်ဆင်ရေးအတွက် တာဝန်ပေးလိုက်တဲ့ သားတော် မြေဒူးမင်းသားဟာ တနင်္သာရီကို အလွယ်ရရှိတဲ့အပြင် ပါလာတဲ့ စစ်အင်အားနဲ့ပဲ ယိုးဒယားမြို့တွေကို သွေးတိုးစမ်း ဝင်တိုက်ပါတယ်။ မြေဒူးမင်းသားဟာ ကိုယ်တိုင်ဦးဆောင်ပြီး တိုက်ခိုက်တတ်သလို စစ်လည်း လိုလားပါတယ်။ (နောင် မြန်မာ့သမိုင်းမှာ ဆင်ဖြူရှင်မင်းအဖြစ် ထင်ရှားသူ ဖြစ်ပါတယ်။ သူ့လက်ထက်မှာ မြန်မာ့စစ်အင်အား အထွတ်အထိပ် ရောက်တယ်လို့ ပြောစမှတ် ရှိပါတယ်။ သူ့လက်ထက်မှာ တရုတ်ကိုရော၊ ယိုးဒယားကိုရော မြန်မာက တပြိုင်တည်းမှာ အနိုင်တိုက်ခဲ့တာ ဖြစ်ပါတယ်။)

သားတော် မြေဒူးမင်းသားရဲ့ လျှောက်တင်မှုကြောင့် ဦးအောင်ဇေယျ စစ်ချီခဲ့ပါတယ်။ နောက်ပြီး သူ့အနေနဲ့ အနော်ရထာနဲ့ ဘုရင့်နောင်ရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေရော၊ နယ်နိမိတ် အကျယ်အဝန်းတွေကိုရော သူ့ပိုင်ဆိုင်မှုမှာ ထည့်ပြချင်တာလည်း ပါနိုင်ပါတယ်။ နောက်ပြီး ထားဝယ်ဘက် လွှတ်တဲ့ သင်္ဘောတွေကို ယိုးဒယားတွေက သိမ်းယူတာလည်း ပါပါတယ်။

ဒီနေရာမှာ ဦးအောင်ဇေယျ ရက်စက်တယ်ဆိုတာကို ငြင်းကွက်မရှိလို့ မငြင်းပါဘူး။ ဒါပေမဲ့ အားလုံးစဉ်းစားနိုင်အောင် တစ်ခုပြောချင်ပါတယ်။ ဦးအောင်ဇေယျဟာ မွန်တွေနဲ့ တိုက်တဲ့ တိုက်ပွဲတွေတုန်းက မွန်တွေဖက်က ပါဝင်တိုက်ခုက်ပေးခဲ့တဲ့ ပြင်သစ်၊ အင်္ဂလိပ်စတဲ့ ဥရောပသားတွေကို သူဖမ်းမိတဲ့အခါ မသတ်ပစ်ဘဲ သူ့လက်အောက်မှာ အမှုထမ်းစေပါတယ်။ နောက်ပြီး မွန်ဘုရင်နှင့် မိသားစုကို ဖမ်းမိတဲ့အခါမှာလည်း မသတ်ဖြတ် မညှင်းပန်းဘဲ အကျယ်ချုပ်နဲ့ပဲ နေစေပါတယ်။ ဒါပေမဲ့ မွန်ဘုရင်ကတော့ မြန်မာဘုရင် ရာဇာဓိပတိနဲ့ အခြွေအရံတွေ အားလုံးကိုပါ ဟံသာဝတီမှာ ရေချ ကွပ်မျက်ခဲ့တာပါ။

ထားပါတော့။ ဒါတွေက အတိတ်သမိုင်းတွေပါ။ ကျွန်တော်တို့ တာဝန်က ဒီနေ့ခတ်မှာ ကျွန်တော်တို့နိုင်ငံကို ကမာ္ဘမှာ မျက်နှာ ငယ်စရာ မလိုအောင် ညီညီညွတ်ညွတ် ကြိုးစားရမှာပါ။ ဒါပေမဲ့ အိမ်နီးချင်း နိုင်ငံတွေက ဖြစ်စေ၊ အခြားက ဖြစ်စေ ကိုယ့်ဘိုးဘွားတွေကို ရက်စက်တယ်၊ ကျူးကျော်သူတွေဖြစ်တယ်လို့ ပြောတဲ့အခါတိုင်း ကျွန်တော်က မင်းတို့လည်း အတူတူပါပဲလို့ ပြောချင်ပါတယ်။ နောင်လည်း အခွင့်သင့်ရင် သင့်သလို ဝင်ရေးပါဦးမယ်။ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြောတဲ့ရေးတဲ့ စကားတွေမှာ အမှားပါရင် ခွင့်လွှတ်ပါ။

6 comments

  • kyeemite

    March 24, 2012 at 9:22 am

    ကိုစံလှကြီးခင်ဗျား ..တိတိပပမသိသေးတဲ့
    သမိုင်းကြောင်းတွေဖတ်ရှု့မှတ်သားရလို့ကျေးဇူးတင်ပါတယ်ဗျာ
    အလျှင်းသင့်ရင်ဆက်ရေးပါအုံးလို့တိုက်တွန်းပါတယ်

    • San Hla Gyi

      March 25, 2012 at 9:31 pm

      ဟုတ်ကဲ့ အားပေးတဲ့အတွက် ကျေးဇူးပါ။

  • poeaung6

    March 24, 2012 at 10:34 am

    ဗဟုသုတ တိုးပွားစေလို့ ကျေးဇူးတင်ပါတယ် ဆက်လက်အားပေးနေပါတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 24, 2012 at 10:49 am

    ဟဲ့
    ညီးတို့ အောင်ဇေယျက မွန်ဖုန်းဖုန်းတွေကို
    ဆင်နဲ့နင်းသတ်ခဲ့တယ်ဆို
    အောင်ဇေယျကိုမတွေ့ဘူးပေမယ့် စာအုပ်ဖတ်ပြီးတဲ့နောက်ပိုင်း မုန်းဒယ် ဒင်းဂို 👿
    ညီးတို့သန်းရွှေလဲ ဖုန်းဖုန်းတွေကို နဘန်ပေးတာဘဲ

  • ကြောင်ကြီး

    March 24, 2012 at 11:16 am

    အလောင်းဘုရား
    ကြောင်ကြီးကျား
    တော်ဝင်သတို့သား..
    အာဏာမမက်
    ထီးနန်းအပ်
    ဘိုးတော်ဘိသိက်တက်..
    သမိုင်းမထား
    သို့သော်ငြား
    တကယ့်အမှန်တရား..။

  • ဆူး

    March 30, 2012 at 9:19 am

    မဖတ်ဖူးတဲ့ မသိဘူးတဲ့ အကြောင်းအရာကို ပေးသိလို့ ကျေးဇူးတင်ပါတယ်။

Leave a Reply