လူထုဦးလှ နှစ်၁၀ဝပြည့် အခမ်းအနား မန ္တလေးမှာကျင်းပ

DaveJanuary 21, 20101min631

သတင်းစာဆရာ၊ စာရေးဆရာလူထုဦးလှ ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ဇန်နဝါရီ၁၉ရက်၊ နံနက် ၁၁နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၅-၈၆လမ်းကြားနှင့် ၃၅လမ်း မဏိရတနာရာမ၊ မြတောင် ကျောင်းတိုက်အတွင်းရှိ မြတောင်သာသနာနှစ်၁၀ဝပြည့် ဗိမာန်တော်ကြီးတွင် ကျင်းပရာ ရန်ကုန်နှင့် မန္တလေးမှ စာပေညာရှင်များနှင့် စာပေဝါသနာရှင်များတက်ရောက်ခဲ့ကြသည်။ မြတောင်တိုက်မှ ဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်းဆက် ကပ်လှူဒါန်းပြီး တက်ရောက်လာသောဧည့်ပရိသတ် များကို နေ့လယ် စာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
ဒုတိယပိုင်းအစီအစဉ်အနေဖြင့် ဆရာကြီး ဦးသော်ကောင်း၊ ဦးဝင်းတင်၊ ကလျာ(ဝိဇ္ဇာ၊သိပ္ပံ)၊ ဒဂုန်တာရာ၊ ဦးဝင်းငြိမ်းတို့မှ ပေးပို့သော သဝဏ်လွှာများကို ဖတ်ကြားသည်။ ဆရာလူထုစိန်ဝင်း၏ “ရှေးဦးကြံဆ လမ်းသစ်ဖောက်သူ ´´စာတမ်းကို ဆရာကျော်ရင်မြင့်က လည်းကောင်း၊ ခင်နှင်းဦး၏ “ထောင်နံရံတွင် ထင်ဟပ်နေသော ခေတ်၏ပုံရိပ်များ´´ စာတမ်းကို ဆရာမမိချမ်းဝေကလည်းကောင်း ဖတ်ကြားသည်။ ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)က “ပုံပြင်ဦးလှ´´ စာတမ်းကို ဖတ်ကြားသည်။
အခမ်းအနားကို တက်ရောက်လာသော ဆရာလူထုသစ်လွင်၊ ဦးအေးမြင့်(မြန်မာမှု)နှင့်ဆရာတော် ကိုပညာ(အမရပူရ)တို့ က အမှတ်တရစကားများ ပြောကြားသည်။ ဆရာလူထုဦးလှသည် စာပေနယ်သို့ ၁၉၃၂ခုနှစ်တွင် စတင်ရောက်ရှိခဲ့ပြီး ၁၉၈၂ခုနှစ်၊ ဩဂုတ်လကွယ်လွန်ချိန်အထိ စာများကို အစဉ်မပြတ် ရေးသားခဲ့သည်။ နှစ်ပေါင်း၅ဝကျော်အတွင်း တိုင်းရင်းသားပုံပြင်(၄၆)အုပ်၊ နိုင်ငံခြားပုံပြင် (၄)အုပ်နှင့် အခြားလုံးချင်းစာအုပ်(၅၀)ကျော်ကို ရေးသားခဲ့သည်။ ဆရာလူထုဦးလှသည် သတင်းစာ ဂျာနယ်၊မဂ္ဂဇင်း များတွင် ကြီးပွားရေးဦးလှ၊ ငမောက်၊ စံလှပေါ်-အမျိုးသားကောလိပ်၊ စံလှပေါ်-ဦးအရိယကျောင်းသား၊ ဖြစ်ကတတ်ဆန်း၊ မိုက်ခဲ၊ မောင်သံချောင်း၊ လူထုဦးလှ၊ လှိုင်မေတ္တာ ကလောင်တို့ ဖြင့် ရေးသားခဲ့သည်။
ဆရာလူထုဦးလှသည် စာနယ်ဇင်း၂ရခုတွင် ကဏ္ဍစုံမှ ပါဝင်ရေးသားခဲ့သည်။ ဆရာလူထုဦးလှ ၏ အောင်မြင်ထင်ရှားခဲ့သော စာအုပ်များမှာ လေနှင့်အတူ၊ ထောင်နှင့်လူသား၊ ထောင်တွင်းမှပေးစာများ၊ ကျွန်တော်…အမည်ဖြင့် ရေးသားသော အတ္ထုပ္ပတ္တိမှတ်တမ်းစာအုပ်များဖြစ်သည်။ ဂျပန်ခေတ်က စက္ကူရှားပါးချိန်တွင် ရရှိသောအရောင်ပါစာရွက်များဖြင့် သတင်းစာများကို ထုတ်ဝေခဲ့သည်။ ရှမ်းပြည်နယ်မှအကောင်းဆုံးထုတ်လုပ်သည့် လက်လုပ်စက္ကူဖြင့် “လူတလုံး´´စာအုပ်ကို စမ်းသပ်ထုတ်ဝေခဲ့သည်။ ၁၉၅ရခုနှစ်တွင် စာပေဗိမာန်စာပဒေသာဆုကို “ထောင်နှင့်လူသား´´ စာအုပ်ဖြင့်လည်းကောင်း၊ ၁၉၅၈ခုနှစ်တွင် ယူနက်စကို စီးပွားလူမှုရေးဆုကို “လှောင်ချိုင့်အတွင်းမှ ငှက်ငယ်များ´´ စာအုပ်ဖြင့်လည်းကောင်း၊ ၁၉၆၃ခုနှစ်တွင် စာပေဗိမာန်အနုပညာစာပေဆု၊ ကလေးသူငယ် ဆိုင်ရာစာပေ ဒုတိယဆုကို “ရခိုင်ကျေးလက်ပုံများ´´ ဖြင့် ရရှိခဲ့သည်။ လူထုဦးလှသည် စာပေ ရေးသားခြင်း၊ ထုတ်ဝေခြင်း၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းသာမက မန္တလေးမြို့ ၏ ဘောလုံး အားကစား တိုးတက်ရေးအတွက်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၅ဝခုနှစ်တွင် ဗထူးကွင်းဒုတိယ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၂ခုနှစ်၊ ဩဂုတ်ရရက်တွင် မန္တလေးဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။

One comment

  • kopauk mandalay

    April 22, 2010 at 4:15 pm

    ဆရာကြီးလူထုဦးလှ ဒေါ်အမာတို.သည်ကျနော်ရဲ.လူကိုယ်တိုင်မသိသော မတွေ.ဘူးသောဆရာများပါ။
    သူတို.ရေးသောစာများစွာကို ကျနော်ငယ်ငယ်က ဖတ်ပြီး အခု ကျနော်ရေးနေသော
    ပုံစံသည် ဆရာကြီးမောင်နှံ၏ ပုံစံကို အတုယူပြီးရေးတာကို ဝန်ခံရင်းကျေးဇူးရှိကြောင်းဖော်ပြလိုက်ပါတယ်။

Leave a Reply