ကျနော့်ရဲ့ မှတ်စုလေးများ

အချို့သော စာတို့သည် လွန်စွာ လေးနက်သော အတွေးတို့ ပါရှိနေသည်။
ယင်းကြောင့် အဆိုပါ စာမျိုးအား လေးလေးနက်နက်၊ ထဲထဲဝင်ဝင် ဖတ်မှသာလျှင် ဆိုလိုရင်း အဓိပ္ပါယ်မှာ ပေါ်လွင်တတ်လေသည်။
ထိုနည်းတူ လောက၌ အချို့သော အကြောင်းအရာတို့သည် လေးနက်သော အဓိပ္ပါယ်တို့ဖြင့် ပြည့်နှက်နေလေသည်။
ထို အကြောင်းအရာများမှာ လေးလေးနက်နက်၊ ထဲထဲဝင်ဝင် တွေးတတ် လုပ်ဆောင်တတ်မှသာ ဆိုလိုရင်း အနက်ကို မှန်ကန်စွာ သဘောပေါက်တတ်လေသည်။
သို့တည်းမဟုတ်မူ မှားယွင်းသော အယူအဆတို့ စွဲကပ်သွားတတ်လေ၏။

သူများ ဖိနပ်ကို ကိုင်ဖူးမှသာ
ကိုယ့်ဖိနပ်ကို ကိုင်ပေးမယ့်သူ ရှိမယ် ….. တဲ့

ကျီးကန်းက ဗျိုင်းကို မေးတယ် …
“မင်း ဘာလို့ ဖြူတာလဲ” …. တဲ့
ဗျိုင်းက ပြန်ဖြေတယ် …
“မင်းလို မမဲလို့ပေါ့ကွ” …. တဲ့ ……

အတိတ်က ပစ္စုပ္ပန်ကို မေးတယ် …
“မင်း ဘာကောင်လဲ” … တဲ့
ပစ္စုပ္ပန်က ပြန်ပြောတယ် …
“ဟကောင်ရဲ့ ငါက အနာဂါတ်ကို ထုဆစ်နေတဲ့ လက်တစ်စုံကွဲ့” … တဲ့ ……

လက်ညှိုးက လက်မကို ပြောတယ် …
“မင်းက ငါ့ထက် နိမ့်တယ်” … တဲ့
လက်မက ပြန်ပြောတယ် …
“ငါက မင်းထက် နိမ့်ပေမယ့် ငါ မပါရင် မင်းတို့ အကွပ်မရှိတဲ့တောင်းလို ဖြစ်သွားမယ်” … တဲ့ ….

ကောင်းကင်က မြေကြီးကို ပြောတယ် …
“မင်းက တော်တော် ညစ်ပတ်တာပဲ” … တဲ့
မြေကြီးက ပြန်ပြောတယ် …
“မင်းက အပေါ်ယံပဲ မြင်တတ်သေးတာပဲ” …. တဲ့ …..

အနာရောဂါက ဆေးကို ပြောတယ်
“မင်းကြောင့် ငါ ဘုံပျောက်ရတာ” … တဲ့
ဆေးက အနာကို ပြန်ပြောတယ် …
“မတတ်နိုင်ဘူးကွာ၊ တစ်ဖက်သား ကောင်းဖို့အတွက်
မင်းကိုတော့ မောင်းထုတ်ရမှာပဲ” … တဲ့ ……. ။

အံစာတုံး

18 comments

  • windtalker

    March 25, 2012 at 12:23 pm

    ဇာကြီးရေ ၊ ကျွန်တော် ကျောင်းသားဘဝတုန်းက စက်ဘီးလေးနင်းပြီး လျှောက်သွားနေတုန်းက ဆိုင်ကယ်မောင်းသွားတဲ့ လူတွေကိုမြင်တော့ ၊ သူတို ့ဘယ်လိုစိတ်ကူးနဲ ့မောင်းနေပါလိမ့် လို ့သိချင်ခဲ့တယ် ။ ကျွန်တော် ဆိုင်ကယ်မောင်းတဲ့အခါကြတော့ ကားမောင်းသွားတဲ့ လူတွေ ကို ကြည့်ပြီး ထပ်သိချင်ပြန်ရော ။
    ကျွန်တော် ကားမောင်းတဲ့အခါကြ စက်ဘီးနင်းနေတဲ့လူတွေကို ကြည့်ပြီး သူတို ့ဘယ်လို တွေးနေမလဲ သိချင်မိပြန်တယ်ဗျာ ။

    • ကိုပေရေ …
      ကျနော် ရုံးသွားတဲ့အခါ လိုင်းကားလည်း စီးသွားတတ်သလို၊ တစ်ခါတစ်လေ စက်ဘီးနဲ့လည်း သွားတတ်ပါတယ် …
      အရင်က လိုင်းကားနဲ့ပဲ သွားတုန်းကတော့ ကားရှေ့က စက်ဘီးတွေ ဖြတ်ဖြတ် နင်းသွားတာ မြင်မိတိုင်း ဒီစက်ဘီးက တော်တော် ရှုပ်တာပဲ … ဆိုပြီး တွေးမိခဲ့၊ စက်ဘီးအပေါ်မှာ ဒေါမနဿ ဖြစ်မိခဲ့ပါတယ် …
      စက်ဘီးနဲ့ ကိုယ်တိုင် သွားတဲ့အခါကျတော့ လမ်းဘေးမှာ ရပ်ထားတဲ့ ကားတွေကို ကျော်ပြီး နင်းရတာ၊ နောက်ကျမှာစိုးလို့ အလျင်စလို နင်းရတာတွေ ကြုံလာရတယ် .. ဒီအခါကျမှပဲ စက်ဘီး နင်းသူတွေရဲ့ အခက်အခဲကို ကားပေါ်ကနေ နည်းနည်း သဘောပေါက်လာတယ်ဗျ …

      ခုလို လာရောက် မန့်ပေးတာ ကျေးကျေးပါလို့ …

  • water-melon

    March 25, 2012 at 12:25 pm

    လူတွေက မေးတယ်
    မင်းဘာလို့ခြောက်နေတာလဲတဲ့
    ပြန်ပြောလိုက်ပါတယ် အခြောက်ဖြစ်ရတာ ပျော်ဖို့ကောင်းပါတယ်

    လူတွေကမေးတယ်
    မင်းဘာလို့ စိတ်မဆိုးတတ်တာလဲတဲ့
    ပြန်ပြောလိုက်ပါတယ် ပျော်ပျော်နေတတ်သူ တစ်ယောက်ဖြစ်နေလို့

    လူတွေကမေးတယ်
    မင်းဘာလို့ ဘွဲ့ရတဲ့ပုံကို ဘာလို့မချိတ်တာလဲတဲ့
    ပြန်ပြောလိုက်ပါတယ် ခိုးချပြီးရတဲ့ ဘွဲ့တစ်ခုက ကျွန်တော်မမက်မောလို့

    လူတွေကမေးတယ်
    ဒီလိုုပေါတောတောဘဲ နေမှာလားတဲ့
    မနေပါဘူး ကျွန်တော့်ဘဝအတွက် ရွေးချယ်မဲ့လမ်းကို သိနေလို့

    လူတွေကပြောတယ်
    တစ်ယောက်ထဲနေတုန်းလားတဲ့
    မနေပါဘူး မိန်းမတွေပေါပါတယ် မိန်းမကောင်းရှားလို့ရှာနေတုန်းပါ။

    • အမျိုးသမီးရေးရာက ပြောတယ် ..
      ဒါ သက်သက် ရန်စတာပဲတဲ့ …
      သူ့ကို ဘယ်အမျိုးသမီးကမှ မကြိုက်ဖို့၊ မယူဖို့ ဝိုင်းဝန်း ကြိုးစားကြပါစို့ .. တဲ့ …
      😀 😀

  • water-melon

    March 25, 2012 at 2:24 pm

    ညည်းနော် ရန်ကုန်ရောက်မှ ခြောက်မျက်နှာကနေ
    လေးမျက်နှာဖြစ်အောင် လုပ်ပစ်လိုက်မယ် 😀

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 25, 2012 at 4:46 pm

    မိုက်တယ်မိုက်တယ် ကိုအံဇာရေ အစ်ကို့မှတ်စုထဲကအမေးအဖြေလေးတွေက
    ကျွန်တော်ကတော့ အမှားတစ်ခုလုပ်မိတိုင်း ကိုယ့်ကိုယ်ကိုပြန်မေးတတ်တယ်
    မင်းဘာဖြစ်လို့ဒီအမှားလုပ်လိုက်ရတာလဲ ပြန်ဖြေလာတာက မင်းလုပ်ခိုင်းလို့ပေါ့ကွတဲ့
    ထပ်မေးလိုက်တယ် ခိုင်းတိုင်းလုပ်ရအောင်ခိုင်းမှလုပ်ရအောင်မင်းကတော်တော်အသုံးမကျတဲ့ကောင်ပဲဆို
    တော့ မင်းနဲ့တူလို့ပေါ့ကွတဲ့ အဲဒါနဲ့ပဲနောက်ဆိုကျွန်တေ်ာဘာအမှားလုပ်မိလုပ်မိ
    ကိုယ့်ကိုယ်ကိုအပြစ်မတင်တော့ဘူး နောင်တဆိုတာမရှိဘူး
    ဖြစ်ရင်ခံမယ် ကောင်းရင်စံမယ်ဆိုတဲ့စိတ်ဓါတ်ပဲထားတယ် လုပ်မယ်လို့ဆုံးဖြတ်ပြီးရင်ဘယ်တော့မှနောက်မ
    ဆုတ်ဘူး ဒီဟာလုပ်လို့သေနိုင်တယ်ဆိုရင်တောင်ဆက်လုပ်တယ် ဒါကြောင့်ကျွန်တော်လုပ်တဲ့အလုပ်ဆိုတာ
    လဲ ဘယ်တော့မှအမှားကင်းတယ်မရှိဘူး မှားတာမှားမှန်းသိရင်တော့ပြင်လိုက်တာပေါ့ တစ်ခါသေဖူးပျဉ်ဖိုးနား
    လည်ဆိုတာရှိတယ်မလား။

  • kyeemite

    March 25, 2012 at 5:32 pm

    လူတွေကမေးတယ် ကြီးမိုက်ကို
    ဘာလို့ကြီးမှမိုက်တာလဲတဲ့..ကြီးမိုက်ကပြန်ဖြေတယ်..
    ငယ်ငယ်ကမိုက်ဘို့အချိန်မရခဲ့လို့တဲ့။
    လူတွေကမေးတယ် ကြီးမိုက်ကို
    ဘာလို့အကြော်ရောင်းနေတာလဲလို့…ကြီးမိုက်ကပြန်ဖြေတယ်..
    အကြော်သယ်ကအရာရှိထက်ပိုက်ဆံပိုရလို့ တဲ့။
    လူတွေကမေးတယ် ကြီးမိုက်ကို
    ဘာကြောင့်မိန်းမယူတာလဲလို့..ကြီးမိုက်ကပြန်ဖြေတယ်..
    မိန်မမယူတာကြာရင် ယောက်ကျားယူမိမှာစိုးလို့တဲ့။
    လူတွေကမေးတယ် ကြီးမိုက်ကို
    ဘာကြောင့်ပျော်ပျော်နေတတ်တာလဲလို့..ကြီးမိုက်ပြန်ဖြေတယ်…
    ပျော်ပျော်ဘဲနေချင်တယ်..တခြားကြောင့်တော့မဟုတ်ဘူး..
    အပူအပင်ကင်းကင်းနဲ့ပျော်ပျော်နေရမဲ့အရွယ်ကပျော်ပျော်မနေခဲ့ရလို့တဲ့။

    မိအံဇာရေ…မှတ်စုလေးတွေကကောင်းပါတယ်ဟယ်…
    ဝါးတားမဲလုံးမရေ…ငါလည်းနင့်လိုဘဲ လောကကြီးနေရတုံးခိုက်
    ပျော်ပျော်ဘဲနေချင်ပါသတော်…အံ့ဩစရာကောင်းအောင်တိုက်ဆိုင်တာကတော့
    ဘွဲ့ရဓါတ်ပုံမချိတ်တာဘဲ…ချိတ်ဘို့သီးသန့်ကိုမရိုက်ခဲ့တာ..

  • water-melon

    March 25, 2012 at 6:15 pm

    ကိုမိုက်ရေ
    ဘွဲ့ယူတုန်းလဲ တစ်ယောက်ထဲတက်ယူတယ်
    ဓာတ်ပုံတွေရတော့လဲ ခုထိသွားမရွေးရသေးဘူး
    ဘဝမှာ ပျော်ပျော်နေတတ်တာက ဘုုရားပေးတဲ့လက်ဆောင်ပါ
    ရေစက်ရှိရင် ဆုံချင်ပါသေးတယ် အကိုတို့
    ရွာသူားအားလုံးကို လေးစားပြီးခင်တဲ့ ဖရဲ

  • pooch

    March 25, 2012 at 10:25 pm

    မှောင်တဲ့အခါတွေရှိပေမဲ့
    မနက်ခင်းကတော့ ရောက်လာမှာပဲ၊
    မျှော်လင့်ချက်သာ အသက်ဝင်နေပါစေတဲ့။

  • padonmar

    March 25, 2012 at 11:05 pm

    မောင်မောင်ဇာရဲ့ ဒဿနလေးတွေ ကြိုက်ပါတယ်။ဒါလေးအကြိုက်ဆုံး
    သူများ ဖိနပ်ကို ကိုင်ဖူးမှသာ
    ကိုယ့်ဖိနပ်ကို ကိုင်ပေးမယ့်သူ ရှိမယ် ။

    တစ်ချို့ အဟောင်းစားတွေကတော့ သူတို့ ဖိနပ်ကို သူများတွေကပဲ အမြဲကိုင်ပေးရမယ်လို့ ထင်တတ်ကြတယ်။

  • ဦးဦးပါလေရာ

    March 25, 2012 at 11:46 pm

    မန်းဂေဇက်က မျက်မှန်ကိုပြောတယ်..
    ငါ့ကြောင့် မင်းတဖြေးဖြေးထူလာတာ… တဲ့
    မျက်မှန်က ပြန်ပြောတယ်..
    ဘယ်ကဟုတ်ရမှာလဲ-
    လည်နေတဲ့အဝိုင်းလေးကို စိတ်ပျက်လက်ပျက်ကြည့်ရဖန်များလို့…တဲ့

  • ကိုပေ … ဗြဲသီး … ကိုတောင်ကြီး … မိကြီးမိုက် …
    မပုချ် … အန်တီပဒုမ္မာ … ဦးဦးပါလေရာ …
    ခုလို လာရောက် အားပေးကြတာကို ကျေးဇူးတင်ရှိပါကြောင်း ……

    ခင်တဲ့ … အံစာတုံး

  • thetnaingoo myanaung

    March 26, 2012 at 3:15 pm

    အမှန်က အမှားကို ပြောတယ် ဘာကြောင့် မှားတာလဲတဲ့…… အမှန်တရားကို အဲဒီတော့ အမှားကပြောတယ် အမှန်တရားကို ရှာဖို့တဲ့…… အဒီလိုဘဲ…….. လောကမှာ.. အမှား နဲ့ အမှန် အကောင်း နဲ့ အဆိုး အလင်း နဲ့ အမှောင် နေ့နဲ့ ည အမြဲဒွန်တွဲ နေတဲ့အရာတွေပါ

  • cobra

    March 26, 2012 at 3:38 pm

    သူများ ဖိနပ်ကို ကိုင်ဖူးမှသာ
    ကိုယ့်ဖိနပ်ကို ကိုင်ပေးမယ့်သူ ရှိမယ် ….. တဲ့
    အဲ့စာသားလေးအရမ်းမိုက်တာပဲ……။

  • mg mg

    March 28, 2012 at 2:50 pm

    ဘုန်းဘုန်း က တုံးတုံးကိုမေးတယ်။
    ဘုန်းဘုန်း=ဟဲ့- အံစာတုံး နင်ဘာလု့ိတုန်းရသလဲ(ခေါင်းတုန်း)။
    တုံးတုံး=တပည့်တော်တုံးတာ အရှင်ဘုရားနဲ့ဘာဆိုလို့တုန်း။
    အဲဒီတော့ ဘုန်းဘုန်းက တုံးတုံးကို ထွေးခံနှင့်ပေါက်ပါလေတော့သတည်း။
    (ပြောင်သွားသော အံစာတုံးအတွက် အမှတ်တရ)

  • mg mg

    March 28, 2012 at 2:51 pm

    ဘုန်းဘုန်း က တုံးတုံးကိုမေးတယ်။
    ဘုန်းဘုန်း=ဟဲ့- အံစာတုံး နင်ဘာလု့ိတုန်းရသလဲ(ခေါင်းတုန်း)။
    တုံးတုံး=တပည့်တော်တုံးတာ အရှင်ဘုရားနဲ့ဘာဆိုင်လို့တုန်း။
    အဲဒီတော့ ဘုန်းဘုန်းက တုံးတုံးကို ထွေးခံနှင့်ပေါက်ပါလေတော့သတည်း။
    (ပြောင်သွားသော အံစာတုံးအတွက် အမှတ်တရ)

  • snow htet

    March 28, 2012 at 3:13 pm

    ကောင်းကင်က မြေကြီးကို ပြောတယ် …
    “မင်းက တော်တော် ညစ်ပတ်တာပဲ” … တဲ့
    မြေကြီးက ပြန်ပြောတယ် …
    “မင်းက အပေါ်ယံပဲ မြင်တတ်သေးတာပဲ” …. တဲ့ …..
    ဒီစာသားလေးကိုကြိုက်တယ်

Leave a Reply