ဂေဇတ်မှာ  မိုချို    ဓါတ်ပုံ အပါဝင် ပိုစ့် ၃ပုဒ် အောင် အောင်မြင်မြင် တင်ခဲ့ ပြီး ပါပြီ။ ကိုယ့်ကို ကိုယ် မန်းဂေဇတ်ရဲ့ ရွာသူအသစ် မှ ရွာသူအစစ် ဖြစ်သွားပြီဟု မှတ်ယူလိုက်ပါပြီ။  ရွာသူ မိုချို မှ သဂျီးသို့ ကတိ ၃ ခု ပေးပါမည်။

ကတိ(၁) – မိုချို   forward mail များနှင့် တခြား site  များမှ ပိုစ့်များကို လင့်ခ် ပေး၍ ကော်ပီ ကူးတင်ခြင်း  လုံးဝ လုပ်မည်မဟုတ်ပါ။

ဘာဖြစ်လို့လဲ ဆိုတော့ အီး မေးကို တလနေလို့ တခါမဖွင့်ဖြစ်ခြင်း၊  facebook  account ရှိသော်လည်း မည်သူတဦးတယောက် ကိုမှ မ add ဘူးခြင်း ၊ လက်မခံဘူးခြင်း ( ရှင်းရှင်းပြောရရင် facebook မသုံးဖြစ်) တို့ကြောင့် သတင်းဦး သတင်းထူးများကို သူများထက်ဦးစွာ ဘယ်တော့မှမသိပါ။ မိုချို ဖတ်ဖြစ်သော site  တော်တော် များများကိုလည်းေ ဂဇတ်မှတဆင့် သာ သိခြင်း ဖြစ်သောကြောင့် မိုချိုသိလျင်  ရွာသူားထဲကလည်း သိပြီးဖြစ်ပါလိမ့်မည်။

မိုချို မတင်သော်လည်း အဲလိုတင်သော ရွာသူား များရဲ့ ပိုစ့်များကို ကျေးဇူးတင်စွာဖြင့် ဖတ် ရှု ပါသည်။ မရောက်ဖူး သေးတဲ့ လင့်ခ်ဖြစ်နေရင် သွားတောင် စပ်စု လိုက်ပါသေးသည်။ အစပ်စု ကောင်း လို့ ဖြိုး ဆိုတဲ့ တယောက် ပေးတဲ့ လင့်ခ် ကနေ မိုချိုတို့ ပတ်ဝန်ုကျင် က ပုံမှန်မဟုတ်တဲ့ သူတွေရဲ့ အတွင်းရေးကို မျက်လုံးတွေ ပြူးသွားလောက်အောင် ပုံ တွေနဲ့တကွ သိခဲ့ရဖူးပါသည်။

ရွာသားတယောက်ရဲ့ ကြောက်တတ်ရင် မကြည့် ပါနဲ့ လို့သတိပေးပြီး တင်ထားတဲ့ လင့်ခ် ကို ဖွင့် လိုက်တာ ထိုင်းနိုင်ငံ နာရေး ကူညီမှု အသင်းက ဓါတ်ပုံတွေ တွေ့ပြီး Final destination ဇတ်လမ်းတွေတောင် မ ကြည့် ရဲလောက်အောင် အသည်းကောင်းတဲ့ မစပ်စု မိုချို တယောက် ကတုန်ကယင် ဂယောက်ဂယက် တွေ ဖြစ်သွားခဲ့ဖူးပါသည်။

စိတ်တို ဒေါသထွက်စရာ ပါ လို့ ရွာသား တယောက် မှတ်ချက်ပြုပြီး ပေးထား တဲ့ လင့်ခ် ကို ၀င်ကြည့်မိလို့ ဒေါသတွေ အတုံးလိုက် အတစ်လိုက် ထွက်ဖူးပါတယ်။ လူကြီးအချို့ တောင် ပြုပြင် ပြောင်း လဲ ရေး လုပ်ဖို့ ကြိုး စားနေတဲ့အချိန်မှာ အမှန်ကို မမြင်နိုင်လောက်အောင်   ဦးနှောက်ဆေး ခံထားရတဲ့ မရင့်ကျက်တဲ့ သူတစုရဲ့ site တခုပါ။ လူ့စိတ် ဆိုတာကလည်း ခက်သားလား။ ပျော်စရာ ၊ ကြည်နူးစရာ၊ အံ့သြ ၀မ်းသာစရာ တွေအပြင် ကို ကြီးမိုက်ရေးသလို ပဲ ရသ ၉ ပါးလုံး စုံအောင် ခံစားချင်တော့တခါတရံ  စိတ်တိုစရာ ကိုပဲ  သွားကြည့်မိပြန်ရော။

ပြော သာပြောနေတာ ရွာသားတွေထဲမှာကော၊ ဂေဇတ်ကို ၀င် ဖတ်တဲ့ သူထဲမှာရော အဲဒီကလူတွေ မပါဘူးလို့မပြောနိုင်ဘူးနော။ .. စီအိုင်ဒီ က သဂျီး ကတော့သိနေမှာပဲ။ မိုချိုပြောတာ ဘယ် site လဲ သိချင်ရင် ရွာသူားတွေ အချင်းချင်း လက်တို့ ..အဲ… ကီးဘုတ် တို့ပြီးသာ မေးကြပါကုန်။ …..အစတော့ ဖေါ်ပေးလိုက်မယ်။ အဲဒီ site ရဲ့ အတိုကောက် က (Eleven Media Group) ကို အတိုကောက်ရေးတဲ့ EMG နဲ့ စာလုံးတွေ အကုန်တူပြီး ရှေ့နောက် စီတာပဲ လွဲတယ်။

….. ရေးရင်းနဲ့ ဘေးချော် ကုန်ပြီ။ ……ကဲ…..ကဲ…ဆက်ပြီး ကတိပေးလိုက်ပါဦးမည်။

ကတိ(၂)- သဂျီး က တနေ့လျင် ပိုစ့်၂ခု ထိတင်ခွင့်ပြုသော်လည်း ဘယ်တော့မှ တနေ့တည်း ပိုစ့်၂ခု ပြည့်အောင် တင်မည် မဟုတ်ပါ။

ဘာဖြစ်လို့လဲဆိုတော့မိုချို ပြောနေကြအတိုင်းပါပဲ၊ စာတလုံးချင်းပဲရိုက်တတ်တဲ့ မိုချို အတွက် ပိုစ့် တပုဒ်ပြီးဖို့ အနည်းဆုံး ၁ ရက် တိတိကြာ လို့ပါပဲ။

ကတိ(၃)- မိုချိုရဲ့ ပိုစ့်အပါအ၀င် ဘယ် ပိုစ့် မှာမဆို ရွာသူားတွေ ပေးထားတဲ့ ဘယ်လို ကွန်မန့် ကိုမဆို အနီရောင် ခြယ်ခြင်း လုံးဝလုပ်မည်မဟုတ်ပါ။

ဘာဖြစ်လို့လဲဆိုတော့ ပိုစ့်အပေါ်မှာဖြစ်စေ၊ ကွန်မန့် ပေါ်မှာ ဖြစ်စေ သဘောတူခြင်း ၊မတူခြင်း စတဲ့ မိမိ အမြင်တို့ကို ကွန်မန့်အနေနှင့် ပြန်လည် တင်ပြနိုင်သောကြောင့်ဖြစ်သည်။ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောလိုပါက ပိုစ့်တခုအနေနှင့် သပ်သပ် ရေး၍ ( သြဇီက အဘ ဦးဖောလို) တင်နိုင် သောကြောင့် ဖြစ်ပါသည်။

ဒါပေမယ့် မိုချိုရဲ့ဘယ် ကွန်မန့်ကိုမဆို ကြိုက်သလို နီနိုင် ၊ စိမ်းနိုင် ပါသည်။ နီခြင်း ၊ စိမ်းခြင်း တို့သည် မိုချိုရဲ့ ကွန်မန့် ကိုစိတ် ၀င်တစားဖတ်သူ ရှိကြောင်း ပြခြင်းဖြစ်၍ ၀မ်းမြောက်ဝမ်းသာ လက်ခံပါသည်။

ကတိပေးပြီးတော့ အသိပေး ခွင့် တောင်း ရအုံးမည် ။ သဂျီးရဲ့ ဆာဗာကို အားနာသော်လည်း မိုချို့ ပတ်ဝန်းကျင်မှ ထူးခြားသည်၊ လှပသည်ဟု ( မိုချို့စိတ်တွင် )ထင် သော အကြောင်းအရာ၊ အဖြစ် အပျက် ၊ ရှု ခင်း စသည်တို့ကို ဓါတ်ပုံ အဖြစ် တင်ပါမည်။ အလင်းအမှောင်၊ အယူအဆ ဘာဆိုဘာမှ မသိသော မိုချိုမှ ကင်မရာအဟောင်း ၊ ဖုန်း အစုတ် လေး များနှင့် ရိုက်ထားသော ပုံများသာဖြစ်ပါသည်။

ကတိ(၁) မှာ ပြောထားတဲ့အကြောင်းပြချက် တွေဖတ်ပြီး ရွာသူား တွေ က မိုချို့ကို ဆက်ဆံရေး ကျဲတဲ့သူ၊ အပေါင်းသင်း မခင်တဲ့ သူလို့တော့မထင်ပါနှင့် ။ မိုချို လူချင်း အပြင်မှာ တွေ့ရင် အလွန်ခင်တတ် ပါသည်။ ပါးစပ်က စကား များသလောက် လက် က မလိုက်နိုင်သော ကြောင့်online ပေါ်မှာ မိတ်ဆွေ မထားခြင်း ဖြစ်ပါသည်။ ခုတော့ ဂေဇတ် ရွာသူဖြစ်ပြီ ဆိုတော့ ရွာသူား အားလုံးနဲ့ အိမ်နီးနားချင်း တွေ ဖြစ်သွားပါပြီ။

ဥပမာ ပေးမိသည့် အတွက် အဘဖောမှ ခွင့်ပြု မည်ဟုထင်ပါသည်။

About မိုချို

မို co has written 41 post in this Website..