(၁)

            တစ်နေ့သော် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ကျွန်ုပ် စာရေးဆရာ အကျော်အမော်လေး သူရဿဝါနှင့် သူ၏ ကုန်ပစ္စည်းအား ကြော်ငြာ ရိုက်ကူးလိုကြောင်း ဆက်သွယ် လာပါလေရာ ကျွန်ုပ်မှာ စိတ်လေရချေ၏။ ဘယ်ကြောင့်ဆို ကျွန်ုပ်၏ စာများကို ဖတ်ဖူးကာ ကြိုက်သည် ဖြစ်၍ ကျွန်ုပ်နှင့် ကြော်ငြာ ရိုက်ချင်သည့် အကြောင်းပင်။ ဘယ့်နှာတုန်း… ကိုယ့်စာတွေ ဖတ်ပြီး ကြိုက်လို့ စာမူ အပ်ချင်တာလည်း မဟုတ်၊ လုံးချင်း ရေးစေချင်တာလည်း မဟုတ်။ ကိုယ့်စာဖတ်ပြီး ကိုယ်နှင့် ကြော်ငြာ ရိုက်ချင်သည့် ဆန္ဒပါတဲ့။ ဒါနှင့် ကျွန်ုပ်လည်း ခပ်ပေါက်ပေါက် ရှိလှသည်ဖြစ်ရာ

“ဟုတ်ပလေ… ကျွန်ုပ် ရက်အနည်းငယ် စဉ်းစားဦးမယ်၊ ပြီး.. အကြောင်းပြန် တာပေါ့၊ သင့် ဖုန်းနံပါတ်သာ ပေးလေတော့” ဟုဆိုကာ ခပ်မာမာ အိုက်တင်ခံ ထားလိုက်လေ၏။

(၂)

            သလို ဖြစ်ပြီး နောက်နေ့ည အခါ ကျွန်ုပ် သူရဿဝါ (သူ့အခေါ် ဆဝါ) သည်လည်း အားအားနှင့် ပျင်းပျင်း ရှိသည် ဖြစ်ရာ ဂြိုဟ်တု ဆယ်တယ်လိုက်မှ ဘောလုံးပွဲကို ကြည့်မိသည် ဖြစ်လေ၏။ ဤတွင် စတွေ့ပါလေပြီ။ ဒိုလေးဟု ကျွန်ုပ်တို့ ချစ်စနိုး ခေါ်ကြသော ကမ္ဘာကျော် ဘောသမားလေး ခွစ်တီယာနို ရော်နဒို၏ အတွင်းခံ ကြော်ငြာ။ နောက်ထပ် ဆက်လာ သည်က သူပင် သရုပ်ဆောင်သည့် ခေါင်းလိမ်းဆီ ကြော်ငြာ။ အလို… ထိုကောင်ကလေး ဇာတာ ဆန်းလဂ် ဟုန်းဟုန်းတက်၍ စီးပွားရေး ကောင်းသည်ထင့်။

            သိပ်မကြာ…။ ကမ္ဘာကျော် ဘောသမားများ တစ်ဒါဇင်လောက် ပါဝင်ပြန်သည့် အချိုရည် ကြော်ငြာ လာပြန်ချေ၏။ အော်… သူတို့ တယ်လည်း အလုပ်များသကိုး။ အဆင်လည်း ပြေသကိုး။ ဘောလုံးလေး ကန်လိုက်၊ ကြော်ငြာလေး ပြေးရိုက်လိုက်နှင့် သာယာ လှပေ၏။ သူရဿဝါ အာရုံ ပြောင်းလေပြီ။ လက်ရှိ ကြော်ငြာ ဈေးကွက်ကို လေ့လာရန် အကြံ ဖြစ်ရချေ၏။ သို့နှင့် နိုင်ငံတကာ လိုင်းများမှ ဖယ်ခွာ၍ မြဝတီ၊ အမ်-မာ-တီ-ဗွီ-ဖိုး စသည်တို့ကို လေ့လာရ ပြန်လေ၏။ တွေ့ပြီ။ နိုင်ငံတကာ အားကစား သမားများကို အားကျ မခံသော ပြည်တွင်း ဘောသမား များ၏ ကြော်ငြာ။ ၄င်းတို့ တစ်သိုက် ကားပေါ်မှ ဆင်း၍ စူပါမားကက်ကြီး တစ်ခုအတွင်း ဝရုန်းသုန်းကား ဝင်ကာ အနှီဆိုင်ထဲ ခပ်တည်တည် ခပ်တင်းတင်း တစ်ဆိုင်လုံး လှည့်ပတ်၍ ဘောကန် ကြသည့် ကြော်ငြာ။ သူရဿဝါ သဘောကျ လေ၏။

ကြည့်ပါဦးလေ နောက်တစ်ခု။ ပြည်တွင်း သီချင်းဆို ပြိုင်ပွဲ တစ်ခုမှ ဆုများ တသီကြီး ရကုန်သော အရွယ်နှင့် မလိုက်အောင် တော်ကြ မော်ကြသည့် လက်တောက်လောက် ကလေး သူငယ်များ တစ်အုပ်ကြီး တီဗီ ဖန်သားပြင်ပေါ် ပေါ်လာ ကြပြန်၏။ သီချင်းများ ဆိုကြပြန်လေ၏။ သရုပ်ဆောင် ကြလေ၏။ ဒါလည်း ကုန်ပစ္စည်း အမျိုးအစား တစ်ခုကို ကြော်ငြာခြင်းပင် ဖြစ်ပြန်လေ၏။ အော်… ကလေးတွေလည်း မနေရ။ အလုပ်ဖြစ်ကြ ပေသကိုး။ သူတို့လေးတွေ၏ ကြော်ငြာ လေးငါးခု မြင်ရ အပြီးတွင် သူရဿဝါ စိတ်တွေဝေစ ပြုလေ၏။

ဒါနှင့် အားမရသေး။ တီဗီမှ လွှင့်သော ရုပ်ရှင်၊ ဇာတ်လမ်းတွဲ၊ သီချင်း အစီအစဉ် စသည်တို့ လာချိန်တွင် အခြား လုပ်စရာရှိတာ လုပ်၍ ကြော်ငြာများ လာချိန်တွင် အပြူးအပြဲ ကြည့်မိပြန်၏။ ကျွန်ုပ်တို့ လေးစား အားကျ ချစ်ခင်သော၊ ရာဇဝင် သမိုင်း နောက်ခံ ဝတ္ထုများနှင့် နာမည်ကျော် လူကြိုက်များသော၊ အပြောအဟော ကောင်းသော ဆရာ ချစ်ဦးညို။ အော်… ဆရာ့ စာအကြောင်း ပေအကြောင်း သောင်းပြောင်းထွေလာ လွှင့်မည်ထင်၏။ ကောင်းသည်.. ဆရာ့ စကားများ နားထောင်ရင်း ဗဟုသုတ ရတော့မည်။ သို့သော် ဆရာကြီးက တီဗီထဲတွင် ဘာမှမပြော။ လက်ဖက်ရည်သာ တွင်တွင် သောက်ချေ၏။ ပြီးတော့ မြန်မာပြည်၏ ရှားရှားပါးပါး လက်ချိုးရေ၍ ရသော အမျိုးသမီး ဒါရိုက်တာများ ထဲမှ တစ်ဦး ဖြစ်သည့် ဒါရိုက်တာ ကြည်ဖြူသျှင် ပေါ်လာချေ၏။

အော်… သူ၏ ဇာတ်လမ်း ရိုက်ကူးပုံများ ပြသမည် ထင်သည်။ ကောင်းပါ၏။ သူရဿဝါ လွဲပြန်လေသည်။ သူသည်လည်း ကင်မရာကြီးများ အနားမှ ခွာကာ လက်ဖက်ရည် ပြေးသောက်ချေ၏။ နောက်တစ်ခါ နာမည်ကျော် ပန်းချီ ဆရာကြီး ပေါ်လာပြန်၏။ သူရဿဝါ နပ်သွားလေပြီ။ ဆရာကြီး လက်ဖက်ရည် သောက်တော့မည်။ တကယ်ကို ဟုတ်လေ၏။ နယ်ပယ် အသီးသီးတွင် တစ်ယောက် တစ်မျိုးစီ နာမည်ကျော် လူကြိုက်များသော အနုပညာရှင် သုံးယောက်ကို အသုံးပြု၍ လက်ဖက်ရည် ကြော်ငြာသွားခြင်း ဖြစ်ချေ၏။ ထိုသုံးဦးလုံး ကြော်ငြာ သရုပ်ဆောင်များ မဟုတ် သော်လည်း ကြော်ငြာ တစ်ခုကို အဆင်ပြေပြေ ရိုက်ကူးခြင်း ခံကြလေသည်။

(၃)

မိမိ၏ ကုန်ပစ္စည်းကို အသုံးပြု၍ စီးပွားရေး ဈေးကွက်ကို ထိုးဖောက်ရာတွင် အရေးပါသော ကြားခံ တစ်ခု ဖြစ်သည့် ကြော်ငြာများ၏ ပါရာဒိုင်းသည် ယခုအခါ ပြောင်းလဲ ကုန်ချေပြီ ထင်ပါ၏။ သရုပ်ဆောင်၊ ကြော်ငြာ မင်းသား မင်းသမီး များကို အသုံးမပြုမူဘဲ နယ်ပယ် အသီးသီးတွင် ကျွမ်းကျင် ထူးချွန်သူများကို အသုံးပြု၍ ကြော်ငြာရန် စိတ်ဝင်တစား ရှိလာကြပြီ ဖြစ်သည့် ခေတ်ပေကိုး။ အခုပဲကြည့်.. ဘောသမားများက အချိုရည်၊ ခေါင်းလိမ်းဆီ ကြော်ငြာ ၏။ အဆိုတော် ကလေးများကလည်း အားကျမခံ။ စာရေးဆရာ၊ ဒါရိုက်တာ၊ ပန်းချီဆရာကြီး များလည်း လက်ဖက်ရည် ကော်ဖီ ကြော်ငြာခွင့် ရကြလေပြီ။ အနားရှိ ဂျာနယ်၊ စာစောင် တစ်ခုကို လှန်လိုက်သည့် အခိုက်တွင် မတော့ သူရဿဝါ မျက်လုံးပြဲရ ချေပြီ ဖြစ်လေ၏။ တက္ကသိုလ် ဝင်တန်း စာမေးပွဲတွင် တစ်နိုင်ငံလုံး ပထမ၊ ဒုတိယ၊ တတိယ ရရှိကြသည် ဖြစ်သော ဆယ်တန်း ကျောင်းသူ ကျောင်းသား လေးများ၏ နုနယ်သော မျက်နှာကလေးများ ပါဝင်သည့် ဓါတ်ပုံများ၊ ၄င်းတို့ ပုံများ၏ အောက်တွင် ပင်ပန်းမှုကို ပြေလျော့စေသော၊ စိတ်ကူးဥာဏ် တိုးပွားစေသည် ဆိုသော ဆေးပုလင်း တစ်မျိုး၏ အမှတ် တံဆိပ်ပုံ၊ ၄င်း၏ ဘေးတွင်မှ ထိုဆေးကို ထိုသို့ သောက်သဖြင့် မှတ်ဥာဏ်တိုးပွား၊ ဥာဏ်ပညာ ကောင်းစားကာ ယခုကဲ့သို့ တစ်နိုင်ငံလုံး အမှတ်အများဆုံး ဂုဏ်ပုဒ်များကို ပိုင်ဆိုင်ခွင့် ရခဲ့သည် ဟူသော ထိုကလေး များ၏ ထောက်ခံစာ။ အော်… သူတို့သည်လည်း ယခုအခါ ကြော်ငြာ မျက်နှာဖုံးရှင်များ၊ မင်းသား၊ မင်းသမီးလေးများ ဖြစ်ကုန် ကြလေပြီ။ သူရဿဝါ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်လေ၏။

(၅)

“ဟယ်လို … ကျွန်ုပ် သူရဿဝါ ဖြစ်ချေ၏၊ သင့် ကြော်ငြာ ရိုက်ကူးရန် ကိစ္စကို ကျွန်ုပ် ချွင်းချက်မရှိ သဘောတူ ချေပြီ … ဘာကြော်ငြာ အမျိုးအစား ဖြစ်သတုန်း”

 “ဟား… ဝမ်းသာလိုက်တာ ဆဝါရယ် ၊ ဟုတ်ကဲ့ … ကျွတ်နေရင်စွဲ ကျဲနေရင်ဆောင်၊ ရွှေပြောင်ပြောင် ဆံပင် အမြန်ပေါက်ဆေး ကြော်ငြာပါ ဆဝါ”

“အလို… ကျွန်ုပ်မှာက ဒီလောက် နဖူးပြောင်၊ နောက်စေ့ပြောင် ဖြစ်နေတဲ့ ဆံပင်မွှေးများကို.. ဘယ်လိုလုပ် ဆံပင် အမြန်ပေါက်တယ် ကြော်ငြာလို့ ရမတုန်း”

“မလိုပေါင် ဆဝါရယ်… ဒီဆေးကို ဒီလိုသုံးလို့ ဒီလို စာတွေ အရေးကောင်းတယ် ကြော်ငြာရင် ရနေတာပ”

“ဟင်.. ဒီလိုဖြင့် ကြော်ငြာအညွှန်းနဲ့ ကြော်ငြာ ပစ္စည်းနဲ့ တည့်တည့်ကြီး လွဲပေတော့မပေါ့ ကိုယ့်ဆရာ”

“အို.. ဒါတွေ မလိုပါဘူး ဆဝါရယ်… သူများတွေလည်း ဂလိုပဲ ကြော်ငြာ နေကြသဟာပဲ… ဆဝါ ကြော်ငြာမယ် ဆိုရင်သာ ပြီးရော”

“ချ … ဗျာ”

ထိုမှစ ကျွန်ုပ်လည်း နိုင်ငံတကာ မြန်မာ ပြည်တွင်း ပြည်ပ ယခုခေတ် ကြော်ငြာရှင် များကို အားကျရှူမောကာ ရွှေပြောင်ပြောင် ဆံပင်ပေါက်ဆေး မှအစ မျက်မှန် ကြော်ငြာ၊ အမျိုးသမီးသုံး ရေမွှေး၊ လက်သည်းနီ အလယ် နေကြာစေ့၊ ဆီးထုပ်တို့ အဆုံး တဝုန်းဝုန်း တဒိုင်းဒိုင်းဖြင့် ကျွန်ုပ်နှင့် ဆိုင်ဆိုင် မဆိုင်ဆိုင် ကြော်ငြာများ အသည်းအသန် လက်ခံရိုက်ကူး နေလေတော့ သတည်း။

(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 2, Issue 27 တွင် ပုံနှိပ်ဖော်ပြခဲ့ပါ သည်)

သူရဿဝါ

26. March. 2012

About သူရဿဝါ

သူ ရ ဿ ဝါ has written 157 post in this Website..

25 Years Old From Yangon | Myanmar | Writer | Blogger | Stand-up Comedian | Freelance Web Designer | Admin Member of Suboo Multi Social Network | Contact Me as Followings, kophonethantkyaw@gmail.com www.thurathawah.net www.facebook.com/ThuRaThaWah www.twitter.com/Thurathawah