နွေရာသီ ပွင့်လင်းသာယာချိန်ကိုရောက်ခဲ့ပြီ။ဆယ်တန်းစာမေးပွဲတွေလဲပြီးပြီ။     သင်္ကြန် ရက်ကလည်းနီးပြီ။နွေရာသီ သင်္ကြန်ကျောင်းပိတ်ရက် မြန်မာပြည်အနှံ့ ဘုရားဖူးပို့ဆောင်ရေးကားတွေ တဂျီဂျီ လိုက်ပြီးကြေညာနေကြပြီ။

အိမ်ရှေ့မှာ မဒမ်ကြောင်လေးနဲ့ အိမ်နားက အမျိုးသမီးတစ်ယောက် အားတက်သရောပြောနေကြတာ နားစွန်နားဖျား ကြားလိုက်မိသည်။

ပြောကြတဲ့အကြောင်းက ဘယ်ကားက ၀န်ဆောင်မှုကောင်းကြောင်း၊ အစားအသောက်ကောင်းကြောင်း၊ တည်းခိုစရာ စီစဉ်ပေးမှုကောင်းကြောင်း၊ ဘယ်ဘုရားတွေ ပို့မှာဖြစ်ကြောင်း၊ ဘယ်လမ်းကြောင်းတွေ သွားမှာဖြစ်ကြောင်းပြောနေကြတာပါ၊

ဒါ့အပြင်  မနှစ်က ဘယ်ဘုရားတွေရောက်ခဲ့ကြောင်း၊ ဒီနှစ်တော့ ဘယ်ဘုရားတွေဖူးချင်ကြောင်း၊ ဘယ်ဘုရား ဘယ်ဘုရားသုံးဆူကို မွန်းမတည့်ခင် ရောက်အောင် ဖူးနိုင်ရင် ဘာဖြစ်မယ် ညာဖြစ်မယ် ၊ဘယ်ဘုရား ဘယ်ဘုရားတွေကို နေ့မကူးခင် ရောက်အောင်ဖူးနိုင်ရင် ဘာဖြစ်မယ်ညာဖြစ်မယ် ဆိုတာတွေ ပြောသံကြားလိုက်ရပါတယ်။ အကြောင်းအရာအဓိကပြောချင်တာဖြစ်လို့ ဘယ်စေတီတွေဆိုတာကိုတော့သေချာမှတ်မထားလိုက်မိပါ။

ကျနော်စဉ်းစားမိတာလေးတစ်ခုက ဟိုတုန်းက လူတွေဟာ ဘုရားဖူးဖို့အတွက် တောတွေတောင်တွေကိုကျော်ဖြတ်ပြီး လှည်းတတန် ၊လှေတတန် ခြေလျင်တတန်သွားကြရတာပါ။ သာမန်လူတွေက ဘုရားတစ်ဆူနဲ့ တစ်ဆူကို လွယ်လွယ်ကူကူ ကူးပြောင်းသွားဖို့ ခက်ခဲ ခဲ့ကြမယ်လို့ထင်ပါတယ်။ သမထ၊၀ိပဿနာကျင့်စဉ်တွေကိုကျင့်ကြံပေါက်မြောက်ထားတဲ့ဝိဇ္ဇာတွေကတော့ သူတို့ရဲ့ တန်ခိုး ဣတ္တိပတ် နဲ့ ရောက်အောင်သွားနိုင်ကြမယ်ထင်ပါတယ်။ အဲဒီတော့ ဘုရားစေတီ သုံးဆူကို မွန်းမတည့်ခင်ရောက်အောင်သွားဖူးနိုင်ရင် အစွမ်းအစတွေ ၊တန်ခိုးတွေ ရလာမယ်ဆိုတာထက်၊တန်ခိုးအစွမ်းအစရှိနေသူတွေသာ  စေတီသုံးဆူကို မွန်းမတည့် ခင်ရောက်နိုင်တယ်လို့ ပြောတာဖြစ်ပါလိမ့်မယ်။

ခုခေတ်လို လမ်းတွေ ကောင်းနေတဲအချိန်၊ကားနဲ့သွားသွား၊ဆိုင်တွေနဲ့သွားသွား ၊မြင်းလှည်းလေးနဲ့ သွားသွား အဆင်ပြေနေတဲ့အချိန်မှာ စေတီသုံးဆူကို မွန်းမတည့်ခင်ရောက်အောင်သွားဖူးနိုင် ရုံနဲ့ ထူးခြားတဲ့အစွမ်းသတ္တိတွေ ရရှိလာမယ်ဆိုတာကတော့သံသယဖြစ်စရာရှိနေပါတယ်။

မမြင်ရတဲ့ လောကအကြောင်းတရားတွေ ဟာပြောရခက်တယ်လို့ ဆိုကြတာရယ်၊  ကြောင်လေးလဲ မသွားဖူးတာရယ်ကြောင့် ရွာသူရွာသားများထဲက သတ်မှတ်ထားတဲ့ စေတီတွေကို သတ်မှတ်ချိန်အတွင်းရောက်အောင်သွားရောက် ဖူးမျှော် ခဲ့ကြပြီး ဒီလိုထူးခြားမှုမျိုးလေးတွေကို မှတ်မှတ်ရရကိုယ်တိုင်   တွေ့ကြုံခဲ့ဖူးသူများ ရှိရင် ဗဟုသုတအဖြစ် ပို့စ်လေးတွေ တင်ပြီး မျှဝေကြစေလိုပါကြောင်း……….။

အားလုံးကို ခင်မင်လေးစားစွာဖြင့်

ကြောင်လေး။

About ကြောင်လေး

has written 70 post in this Website..

ကြောင်မဟုတ်သောငကြောင်