ပြင်စေချင်တာတွေ

 

 

တပ်မတော်နေ့အမှတ်တရအနေနဲ့ အဆဲခံရမယ့်စာလေး ရေးလိုက်ဦးမယ်။

 

ကမ္ဘာမှာ အခုခေတ်စားနေတာက အပြောင်းအလဲ… အပြောင်းအလဲ…
မြန်မာနိုင်ငံမှာလဲ စံနစ်ပြောင်းဘို့ ခေါင်းဆောင်မှု့ပြောင်းဘို့
ဥပဒေတွေ မူဝါဒတွေ ပြောင်းဘို့… ပြင်ဘို့…။

တပွဲတိုးရလာဒ်တွေအတွက်မဟုတ်ပဲ
တိုင်းပြည်နဲ့လူမျိုး ရေရှည်အကျိုးအတွက်ဆိုရင်တော့
ခိုင်မာတဲ့ ပြောင်းလဲမှု့မျိုးလိုချင်ရင်တော့
တပ်မတော်ကို တပါတည်းပြောင်းရပါလိမ့်မယ်။
မပြောင်းရင်-
တပ်မတော်ဟာ
လူထုရဲ့အပေါ်မှာ သီးသန့်အလွှာအဖြစ်ရပ်တည်ချင်တဲ့-
ငါတို့က လက်နက်ကိုင်အဖွဲ့ ဆိုပြီး သီးခြားအခွင့်အရေးလိုချင်တဲ့-
ငါတို့ထဲကိုတော့ လာမထိနဲ့ ဆိုပြီး သီးခြားအကာအကွယ်ယူချင်တဲ့-
ဘာကိုမဆို ငါတို့လုပ်တတ်တယ်၊ ငါတို့လုပ်လို့ဖြစ်တယ်
ငါတို့အရာရာဦးဆောင်နိုင်အောင်လေ့ကျင့်ထားတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေတဲ့-
(အဆိုးဆုံးနဲ့အမှားဆုံးကတော့)
ဒီနိုင်ငံမှာငါတို့ရဲ့ဦးဆောင်မှု့ မရှိရင်မဖြစ်ဘူးလို့ ယူဆထားတဲ့
စစ်ခေါင်းဆောင် အဆက်ဆက်ကိုမွေးထုတ်ရင်း
ခေတ်အဆက်ဆက်မှာ ပြည်သူနဲ့ကင်းကွာနေဦးမှာပဲဖြစ်တယ်။
ခေတ်အဆက်ဆက်မှာ ပြည်သူရဲ့အမုန်းတရားကို ခါးသီးစွာခံရနေဦးမှာပဲဖြစ်တယ်။
တကယ်တော့မှားနေတာ ပြင်ဘို့လိုတာတွေက အများကြီး၊ ပြောလို့မကုန်နိုင်သလောက်ပဲ။
နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာအောင် အမှားတွေအဆင့်ဆင့် ဖန်တီးထားခံတာကိုး..။
ဒါကြောင့် ဒီမှာတော့ တခွန်းစ နှစ်ခွန်းစလောက်သာ ထောက်ပြချင်တယ်…
လုံးဝမှားနေတဲ့ ပြင်စရာတချို့က-
၁-ငယ်သားကို အရာရှိက ရိုက်နှက်ဆဲဆိုသည်အထိ အနိုင်ကျင့်ခွင့်ရနေတာ-
၂-စစ်သားတွေရဲ့ ကိုယ်ရေးကိုယ်တာ ငွေရေးကြေးရေး စားသောက်နေထိုင်မှု့အထိ ထဲထဲဝင်ဝင် စွက်ဖက်တာ။
၃-ရိုးရိုးစစ်သားတွေ၊ ရာထူးနိမ့်သူတွေနဲ့ နေရာမရသူတွေကို အရာရှိကြီးတွေနဲ့ နေရာရသူတွေက ညှာတာမှု့ ထောက်ထားမှု့မရှိတာ။
၄-ရာထူးနိမ့်သူရဲ့ ဇနီး သားသမီးမိသားစုက ရာထူးမြင့်သူရဲ့ ဇနီးသားသမီးမိသားစုရဲ့ လက်အောက်ငယ်သားပမာ ဖြစ်နေတာ၊ ဖြစ်စေတာ။
၅-တပ်တွင်း အဂတိလိုက်စားမှု့၊ ဆရာမွေးတပြည့်မွေးအုပ်စုဖွဲ့မှု့၊ အလွဲသုံးစားလုပ်မှု့တွေ မထိန်းမသိမ်းနိုင်လောက်အောင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတာ။
၆-စစ်မှု့ထမ်းနဲ့ စစ်မှု့ထမ်းမဟုတ်တဲ့ ဌာနတွေ၊ ပြည်သူတွေကြားမှာ ပြဿနာဖြစ်လာရင် စစ်မှု့ထမ်းကို တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ရဲတပ်ဖွဲ့အချုပ်ခန်းမှာမထားတာ၊ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ တရားစီရင်ရေးစံနစ်နဲ့ စစ်ဆေးစီရင်မှု့မပြုတာ။
၇-စစ်တပ်တွေရဲ့ အသုံးစားရိတ်ကို (သုံးစွဲမှု့ကို) စစ်အသုံးစားရိတ်အဖြစ် တရားဝင်စာရင်းဝင် မသတ်မှတ်တာ။
၈-စစ်တပ်ကို အိမ်ကြီးထဲက အိမ်ငယ်လေးအဖြစ် ပုံဖေါ်တည်ဆောက်နေတာ။

ပြောရင်တော့ ပြောစရာများစွာကျန်ပါသေးတယ်။
ဒါပေမယ့် မိတ်ဆွေ-
ဒီရှစ်မျိုးကြောင့်ဖြစ်လာတဲ့ ဆင့်ပွားလာတဲ့ ဆိုးကျိုးတွေကို စိတ်ကူးနဲ့ ပုံဖေါ်ကြည့်စမ်းပါ..။
ဒီရှစ်မျိုးမရှိရင် ပပျောက်ရင် ဖြစ်လာမယ့် ကောင်းကျိုးတွေနဲ့ တပ်မတော်ကြီးရဲ့ပုံစံကိုလဲ
စိတ်ကူးနဲ့ ပုံဖေါ်ကြည့်စမ်းပါ..။

ကျုပ်က တပ်မတော်ကို မကောင်းစိတ်နဲ့ အပြစ်ရှာနေတာမဟုတ်ဘူးနော်…
တပ်မတော်ကိုကောင်းစေချင်လို့ ပြောနေတာ..
ပြည်သူတကယ်ချစ်တဲ့ ပြည်သူ့တပ်မတော်ကြီးအနေနဲ့
ပြည်သူနဲ့ကြည်ကြည်လင်လင် ပျော်ပျော်ရွှင်ရွှင်လက်တွဲပြီး
တိုးတက်တဲ့ နိုင်ငံသစ်ကြီးတည်ဆောက်စေချင်လို့……
ကျုပ်ကတိုင်းပြည်ကိုချစ်တယ်
ဒါ့ကြောင့် တပ်မတော်ကိုလဲ ချစ်ချင်တယ်
ဘာကြောင့်လဲဆိုတော့ တပ်မတော်ဆိုတာ တိုင်းပြည်ရဲ့ ခွဲခြားဖယ်ထုတ်လို့မရတဲ့
အရေးအကြီးဆုံးအစိတ်အပိုင်းတခုမို့ပါပဲ…။


မကောင်းစိတ်နဲ့ အပြစ်ရှာနေတာမဟုတ်ဘူးနော်…
တပ်မတော်ကိုကောင်းစေချင်လို့ ပြောနေတာ..
ပြည်သူတကယ်ချစ်တဲ့ ပြည်သူ့တပ်မတော်ကြီးအနေနဲ့
ပြည်သူနဲ့ကြည်ကြည်လင်လင် ပျော်ပျော်ရွှင်ရွှင်လက်တွဲပြီး
တိုးတက်တဲ့ နိုင်ငံသစ်ကြီးတည်ဆောက်စေချင်လို့……
ကျုပ်ကတိုင်းပြည်ကိုချစ်တယ်
ဒါ့ကြောင့် တပ်မတော်ကိုလဲ ချစ်ချင်တယ်
ဘာကြောင့်လဲဆိုတော့ တပ်မတော်ဆိုတာ တိုင်းပြည်ရဲ့ ခွဲခြားဖယ်ထုတ်လို့မရတဲ့
အရေးအကြီးဆုံးအစိတ်အပိုင်းတခုမို့ပါပဲ…။

 

 

8 comments

  • ဦးဦးပါလေရာ

    March 27, 2012 at 12:26 pm

    (ကိုယ်မှားတာမို့ မျက်နှာငယ်လေးနှင့် လေသံလေးအောက်ကြို့လျှက်……)
    သူကြီးရေ – စာပိုဒ်လေးထပ်သွားတာ
    ကျွန်တော်ကလဲ ကိုယ်တိုင်ပြင်ခွင့်မရှိတာမို့ သူကြီးပဲ ဖျက်ပေးပါဦးခင်ဗျာ…။
    🙂

  • နေဝန်းနီ

    March 27, 2012 at 12:51 pm

    အဲသဟာက အပြင်ဘက်က ပြင်လို့မရဘူးဗျ…။ သူတို့ထဲက ပြင်မှရမှာ …။ အောက်ခြေကလည်း အပေါ်ကိုပြန်ပြောရဲတဲ့သူမရှိဘူး …။ အထက်ဆုံးကျတဲ့လူကြီးကလည်း အောက်ခြေမှာဘာတွေ ဖြစ်နေတယ် အတိအကျမသိဘူး…။ တော်တော့ကို ဆိုးဝါးတဲ့ ကိစ္စ လောက်မှ တစ်စွန်းတစ်စလောက် သိကြတာ…။ အဲသည်တော့ ပြင်ရမှာက ထိပ်ပိုင်းမှာနေရာယူထားတဲ့သူတွေက မူဝါဒတွေ သူတို့ရဲ့ လက်ရှိအတွေးအခေါ်တွေ အားလုံးကို ပြင်ရမှာ….။ အောက်ခြေ အခြားအဆင့်မှာ ပညာတတ်တဲ့သူ နဲတယ်…..။ ဒါလုပ်ဆိုလုပ်အောင်လေ့ကျင့်ပေးထားတာ…။ သူရို့ ခမျာ စက်ရုပ်တွေလိုပဲ…။ ပြန်မပြောရဲဘူး ပြောခွင့်လည်းမရှိဘူး ဘာလို့လဲဆိုတော့ သူတို့ ဒီနေရာလေးမှာ နေရတာက ပင်ပန်းတာ ကလွဲရင် နေရေးစားရေး ပညာရေးရေး ကျန်းမာရေးက အပြင်မှာနေရတဲ့သူနဲ့ စာရင် အနည်းငယ် အဆင်ပြေသယောင်ရှိနေလို့ပဲ…။ အဲဒိလိုဖြစ်အောင်လည်း လုပ်ပေးထားတာကိုး…။ ဒီတော့ သင်တန်းမှာ နှုတ်တိုက် သင်ပေးထားတဲ့ အတိုင်း သူတို့ လုပ်ရင် ဘာမဆို ဖြစ်တယ်ပဲ ထင်နေတော့တာ…။ တစ်ကယ်တော့ သူတို့ လုပ်ရင် ဘာမဆိုပျက်တာ ကိုအမှန်အတိုင်းမသိကြလို့ ……..။

  • pooch

    March 27, 2012 at 2:32 pm

    ပြောရမယ်ဆိုရင် ဦးပါရေ သူတို့အတွင်းမှာကိုပဲ ကြီးနိုင်ငယ်ညှင်းလို ဖြစ်ပြီး ကြောက်နေရတာတွေကို အများကြီးပါ။ ဦးပါပြောသလို ကျမတို့ကလည်း ပြည်သူချစ်တဲ့တပ်မတော်ကြီး ပြန်ဖြစ်လာစေချင်ပါတယ်။
    တကယ်ပြောတာပါ။ ကိုယ့်အချင်းချင်းမုန်းတီးနေရတာကိုလည်း ငြီးငွေ့လှပါပြီ။ အားလုံးတစိတ်ထဲ တဝမ်းထဲ ဖြစ်စေချင်ပါတယ်။

  • mg mg

    March 27, 2012 at 3:31 pm

    အလွန်ကောင်းပါတယ်ခင်ဗျာ၊ ဒီအကြောင်းအရာမျိုးများများရေးပေးပါ၊ ဒါမှသိ သိမှပြင်နိုင်ကြမှာပါ၊
    ယခု အများအားဖြင့်ဖြစ်နေကြတာက “လုပ်ထားပေါ့ကွာ ငါ့အလှည့်ကျလျင်”ဆိုတဲ့ စိတ်ထားမျိုးတွေများနေပါတယ်။

  • Thel Nu Aye

    March 27, 2012 at 4:24 pm

    တသွေးတသံတမိန့်မို့ ပြင်ဖို့တော်တော်ခက်ပါမယ်။ စစ်မိန့်ဆိုတာကြီးက ဘာမှလုပ်လို့မရအောင်ကို ဂွကျပါတယ်။ ခေါင်းဆောင်ပိုင်းမှ ကိုယ့်အမှားကိုယ်သိပြီး တော်တော်ကြီးစိတ်ထဲ့ပြင်မှ ရမှာပါ။

  • windtalker

    March 27, 2012 at 8:32 pm

    ထိုင်းက စစ်သားတွေ လိုမျိုး ၊ ပြည်သူားတွေနဲ ့တွေ ့ရင် ဖော်ရွှေစွာပြုံးပြရမယ် ပါ ထည့်ပေးဗျာ ။ ဦးဦးပါ

  • htet way

    March 28, 2012 at 9:33 am

    စစ်သားတွေ
    စစ်တပ်မှာအရာရှိက လက်အောက်ငယ်သားကို အဆင့်မတူဘူးဆိုပြီး နေရာတကာ
    ခွဲခြားတာရှိတယ်။
    ကလေးချင်းတောင် အရာရှိနဲ့ သာမန်ရဲဘော်ကလေးချင်းတောင်ခွဲခြားတယ်။
    ကဲ စစ်တပ်ကောင်းကောင်းစေတနာနဲ့ရေးတဲ့ စာကို စစ်တပ်က ဖတ်ပြီး
    အထက်ကိုတင်ပြလိုက်ကြပေါ့
    စနစ်ဆိုးကို ဖျက်ကြစို့။ပြင်သင့်တာကိုပြင်ကြစို့ ။
    ဘယ်လိုလဲ…… အခု စစ်တပ်က အရ ာရှိတွေလည်း ဖတ်မိကြမှာပါ ဦးဦး။

  • ကြောင်ကြီး

    March 28, 2012 at 11:24 am

    ပြင်စေချင်ရင် သဂျီးပြေသလို အမေရိကန်စစ်ကျောင်းတွေကိုခေါ်ပြီး နှစ်ရှည်လများ သင်တန်းပေးမှရမယ်။ အနည်းဆုံး မျိုးဆက်တဆက်စာတော့ အချိန်ကုန်ခံ လေ့ကျင့်ပေးမှ ရမယ်ထင်တယ်၊ ဒါတောင် အမေရိကန် နီးနီးစပ်စပ် လက်တွဲခေါ်ပေးနေတဲ့ ထိုင်းနဲ့ ပါကစ္စတန်စစ်တပ် သောက်ကျင့်မပျောက်နိုင်ဘူး၊ ထစ်ခနဲရှိ အာဏာသိမ်းမယ်ဆိုဒါပဲ။ အလားတူ အမေရိကန်နဲ့ နီးစပ်တဲ့ တူရကီနိုင်ငံမှာကြတော့ စစ်တပ်အားကောင်းပေမဲ့ နိုင်ငံရေးစနစ်ကို မလွှမ်းနိုင်ဘူး။ တိုင်းပြည်နိုင်ငံရေးစနစ် အဲဒါရဲ့ မြစ်ဖျားခံရာက ပြည်သူလူထုရဲ့ နိုင်ငံရေးရေချိန်၊ နိုင်ငံရေးပါတီ နိုင်ငံရေးသုခမိန်များရဲ့ အတွေးအခေါ် အပေါ်များကြီးမူတည်တယ်။ ဘယ်လောက် သင်ပေးထားလည်း ပတ်ဝန်းကျင် မကောင်းရင် ဗီဇကို မဖုံးနိုင်ဘူး။

Leave a Reply