မအီတဲ့ထမင်းပွဲ ( ပဲပြားပေါင်း )

မြသဲ ( 17082011 )March 27, 20121min9820

ဟိုတနေ့က ကြက်ကြာဇံပေါင်း လေးတင်ပေးလိုက်တာ တချို့ကလဲ ထမင်းစားရင် အငံလေး အစပ်က လေးပါမှစားကောင်းတယ်ဆိုသူများအတွက် ကြက်ကြာဇံပေါင်း နဲ့တွဲစားလို့ရအောင် ပဲပြားပေါင်း ငံငံ စပ်စပ်ကလေး တင်ပေးလိုက်ပါတယ်။ ကြက်ကြာဇံပေါင်း၊ ပဲပြားပေါင်း ၊ ဟင်းချိုလေးနဲ့ဆို ကျန်းမာရေး နဲ့ပြည့်စုံပြီး နွေပူပူမှာ မအီပဲသက်တောင့်သက်သာ စားလို့ရတဲ့ထမင်းဝိုင်းလေးဖြစ်မှာပါ။

ပဲပြားပေါင်း

လိုအပ်သောပစ္စည်းများ

၁ ။ တိုဟူး ၃၀ဝ ဂရမ် ( ဒီမှာတော့ ပဲပြား ပေါ့ )

၂ ။ ကြက်သွန်ဖြူ ၂ မြွာ ( နုတ်နုတ်စင်းထားပါ )

၃ ။ သကြား လက်ဖက်ရည်ဇွန်းတဝက်

၄ ။ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၅ ။ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတဝက်

၆ ။ ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ( ငရုတ်သီးအစိမ်းတောင့်ထဲ့လဲရတယ် )

ရ ။ ကြက်သွန်မိတ် ၁ စည်း ( ပါးပါးလှီး )

၈ ။ ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၄ ဇွန်း

 

ပြုလုပ်ပုံ

၁ ။ ပဲပြားကိုဓါးဖြင့်နှစ်ပိုင်းပိုင်းလိုက်ပါ။

၂ ။ ထို့နောက် ပန်းကန်တခုထဲထဲ့ပြီးပေါင်းအိုးဖြင့် ရေနွေးခံကာ ၁၅ မိနစ်ခန့်မီးများများဖြင့်ပေါင်းပေးပါ။

၃ ။ ပြီးမှ ဆော့အတွက် သကြား၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်  ( သို့ ) ငရုတ်သီးစိမ်း သေး သေးလှီး၊ ကြက်သွန်မိတ်၊    ကြက်သွန်ဖြူ၊ ပဲငံပြာရည်အကြည် တို့ကို ခွက်တခုထဲထည့်ပြီးရောမွှေပါ။

၄ ။ ပဲပြားများကိုပေါင်းပြီးလျှင် အပေါ်မှ ဆော့များကိုလောင်းချပေးပြီးကြက်သွန်မိတ်လေးများဖြူး ပေးလိုက်ပါ။

၅ ။ အရသာရှိပြီးကျန်းမာရေးနှင့်ညီညွတ်သော ပဲပြားပေါင်းကိုစားသုံးနိုင်ပါပြီ။

မှတ်ချက် – စားခါနီးမှပေါင်းပါ။ ပေါင်းပြီးပြီးချင်းစားပါ။ အေးသွားလျှင်ပဲပြားမာသွားပြီးစားမကောင်းပါ။

20 comments

  • shwe kyi

    March 27, 2012 at 5:27 pm

    အစ်မ ရွှေကြည်တို့က အိမ်နဲ့ဝေးနေရတော့ အလုပ်ပိတ်ရက်ဆိုရင် စားချင်တာလေးတွေလုပ်စားဖြစ်ပါတယ်။
    ကြက်ကြာဇံပေါင်းကိုလည်း စမ်းသပ်ကြည့်ဖို့ စီစဉ်နေတာ။ ကျေးဇူးတင်ပါတယ်။ ငါးပေါင်းထုပ်လုပ်နည်းလေးများ
    သိရင် ပြောပြပေးပါနော်။ ရွှေကြည်ကလူသစ်ပါ ကျေးဇူးတင်ပါတယ်။

    • Thel Nu Aye

      March 27, 2012 at 10:12 pm

      ငါးပေါင်းထုပ်က ရှမ်းငါးပေါင်းထုပ်လား။ ငါးဖယ်နဲ့ ရဲယိုရွက်ငါးပေါင်းထုပ်လား။ ကြိုက်တာပြော။ တင်ဖို့အသင့်။

      • shwe kyi

        March 28, 2012 at 11:23 am

        ငါးဖယ်နဲ့ ရဲယိုရွက်ငါးပေါင်းထုပ်ကိုပြောတာပါ အစ်မ။ ကျေးဇူးပါ။

        • Thel Nu Aye

          March 28, 2012 at 1:40 pm

          တင်ပေးပါ့မယ်။ စောင့်နေနော်။

  • koaung

    March 27, 2012 at 5:50 pm

    ဟင်းတခါချက်ပြီးတပတ်လုံးဒီဟင်းဘဲစားနေတာဒေါ့ဟုတ်ပါဘူးနော် (မေးကြည့်တာပါဗျာ)

    • shwe kyi

      March 27, 2012 at 7:16 pm

      အဲဒီလိုတော့မဟုတ်ပါဘူး။ ပိတ်ရက်မှာချက်စားပြီး ကျန်တဲ့ရက်က ဖြစ်သလိုပဲ ဓနုဖြူ ဒေါ်စောရီကပဲ
      ချိုင့်ဆွဲပဲစားတယ် 🙂

  • windtalker

    March 27, 2012 at 8:14 pm

    သဲလေးရေ ဒါလေးနဲ ့တွဲဖို ့အရေသောက်လေး ကို ကျား ဖြစ်ဖြစ် မြန်မာဖြစ်ဖြစ် အေးအေးလေးနဲ ့မှ ကွဲ ့ ။

    • Khin Latt

      March 28, 2012 at 3:44 am

      အခုတလော ကိုပေ့ ကို ကြည့်ရတာ တစ်ခုခုတော့ တစ်ခုခုဘဲ။
      သတိထားမိသလောက်တော့ နာလံထပြီး ကထဲကပါဘဲ။ 😀
      jk ချိတ်ချိုးနဲ့။ 😉

    • Thel Nu Aye

      March 28, 2012 at 9:11 am

      ကျားလေးကတော့ သောက်လိုက်တာအရှိန်လွန်ပြီး ဒါ့ပုံရိုက်ချိန်မရလိုက်လို့ပါ။ နောက်များ စားစရာတင်ရင် ကိုပေ့ဖို့ အရည်တွဲတင်ပါ့မယ်။ ယခုတော့ ရေနဲ့ပဲစားလိုက်အုံးနော့် ကိုပေ။

  • Khin Latt

    March 28, 2012 at 3:42 am

    တကဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းချက်နည်း တွေ ဘဲ သဲနုရေ။
    ညကြီး မင်းကြီး ဗိုက်ကြီး ဆာ နေပါပေါ့။
    ပဲပြားက တရုတ်ဆိုင် သွားရင်တော့ ရမယ်။
    ရရင် လုပ်စားကြည့်မယ်။
    ကျေးဇူးပါ သဲနုရေ့။ 🙂

    • Thel Nu Aye

      March 28, 2012 at 9:13 am

      ဟုတ်တယ် အရီးလတ်ရေ။ အိမ်မှာတော့ ဆီပြန်ထက်ဒီလိုဟင်းတွေပဲ နေ့တိုင်းချက် စားဖြစ်တယ်။ ပေါင်းတယ်၊ ပြုတ်တယ်၊ ကင်တယ်၊ လှော်တယ်။ ဆီပြန်စားချင်ရင်တော့ မြန်မာထမင်းဆိုင်မှာပဲ တခါတလေသွားစားတယ်။

  • ကြောင်ကြီး

    March 28, 2012 at 10:12 am

    အန်တီသဲနုရေ… ပို့စ်ကို health fitness ခေါင်းစဉ်အောက်က food and drink မှာ ထည့်ထားပေးပါလား။ အရင်တခါ ကြာဆံကြက်ပေါင်းကိုပါ တခါထဲ ပြောင်းပေးလိုက်ရင် နောင်တချိန်ရှာတဲ့အခါ တစုတစည်းထဲ တွေ့ရမှာပါ။ ကျနော် အခုဟင်းနှစ်မျိုးလုံးကို စမ်းကြည့်ဖို့ စိတ်ကူးထားပါတယ်။ စကားမစပ် ကျနော်က စုချက် sous chef တယောက်ဖြစ်ပါတယ်။ တွေ့သမျှအကုန်လုံးကို အိုးထဲစုပစ်ထည့်ချက်တတ်လို့ပါ။

    • Thel Nu Aye

      March 28, 2012 at 1:45 pm

      ဟုတ်ကဲ့ပါ။ ကျွန်မတော့မလုပ်တတ်လို့ သဂျီးပဲတရတော့မယ်။ သဂျီးရေ ပြောင်းပေးလို့ရမလား။ ကိုကြောင်ကြီးပြောသလို။ ကျေးကျေးပါ။

      ကျွန်မလဲကျောင်းတုန်းက အိမ်ကပေးသမျှကြော်တွေရယ် ဆန်ရယ် ဆောင်ရှေ့ကသရက်သီးစိမ်း ရယ် အကုန်ပစ်ထဲ့ပြီးချက်စားဖူးပါတယ်။ စားလို့တော့အကောင်းသား။ အရသာစုံလို့။ သူငယ်ချင်း လာလည်ရင်သူလဲစားတာပဲ။ ကောင်းလို့တဲ့။ ဟီဟိ

  • etone

    March 28, 2012 at 10:41 am

    အစ်မသဲနုအေးရေ ..
    ပဲပြားဆို .. ဟင်းချက်တာရယ် … ၊ သုတ်တာရယ် … ၊ အစာသွပ်တာရယ်လောက်သာ လုပ်တတ်တာ…. ။ ပဲပြားကို အခုလိုတော့ တစ်ခါမှ ပေါင်းမစားဖူးဘူး …. ။ လုပ်စားကြည့်ဦးမယ့် … ရှဲရှဲ … 😛

    ဒါနဲ့ .. အစ်မရဲ့ထမင်းဝိုင်းက စားချင်စရာလေးနော် … အိမ်ဦးနတ်ကို ပူစော်ထားတာထင်ပါရဲ့ .. အဟီး :mrgreen:

    • Thel Nu Aye

      March 28, 2012 at 1:14 pm

      ဟီဟိ မှန်ပါ့။ အိမ်ဦးနတ်အတွက်ပေါ့။ တချက်ခုတ် သုံးချက်လောက်ပြတ်အောက်လုပ်ထားတာ။ ဝိတ်ချဖို့ရယ်။ အဆီမပိတ်ဖို့ရယ်။ စားကောင်းဖို့ရယ်ပေါ့။

  • Thit Sar Lin

    March 28, 2012 at 11:33 am

    မမရေ….
    စားချင်စရာလေးတွေပါဗျ….ဒါပေမဲ့..ပုံတွေကြီးပဲတင်ပေးတာတော့လွန်တာပေါ့နော်…
    လုပ်မကျွေးချင်ဘူးလား…လုပ်နည်းပေးတာတော့ကောင်းပါတယ်..တကိုယ်ရည်သမားဆိုတော့..
    လုပ်ရတာဘယ်အဆင်ပြေပါ့မလဲ…….ပြီးတော့ကလုပ်တဲ့အတိုင်းတူချင်မှတူမှာလေ…
    မမလက်ရာပဲစားချင်လိုက်တာ..ပုံမှာပြထားတဲ့အတိုင်း..ဂလု..ဂလု..ဂလု
    ကျွေးချင်တဲ့ဆန္ဒရှိခဲ့ရင်ကြောင်းကြားပါနော်…မမ
    နောက်ဆိုပုံတွေကြီးပဲတင်မပေးပဲနဲ့…အပြင်မှာလက်တွေ့လုပ်ပြီး…ကျွေးနိုင်ပါစေဗျား

    • Thel Nu Aye

      March 28, 2012 at 1:18 pm

      ကျွေးချင်ပါ၏။ ကျွေးချင်ပါ၏။

  • နွယ်ပင်

    March 28, 2012 at 12:08 pm

    အစ်မရေ ပဲပြားကို ဒီလိုတော့ တစ်ခါမှ မစားဖူးသေးဘူး
    အစ်မလုပ်ပြထားတာလေးကလည်း စားချစ်စရာပဲ .
    တစ်ခါလောက်လမ်းကြုံ အစ်မ အိမ်ဝင်လည်ဦးမှ … 🙂

    • Thel Nu Aye

      March 28, 2012 at 1:25 pm

      ပေါင်းလိုက်တော့ပဲပြားကအိသွားတာ။ ပဲငံပြာရည်အငံအရသာရယ် အမကတော့ငရုတ်သီးစိမ်းနဲ့ လုပ်တာမို့စပ်စပ်ကလေးရယ်နဲ့ စားလို့ကောင်းသလို အလုပ်လဲမရှုပ်ပဲ လွယ်ကူတဲ့ဟင်းလေးပါ။ ကိုရီးယားတွေလုပ်စားတာ။ အမလဲလိုက်လုပ်ကြည့်တာ။ သတ်သတ်လွတ်စားရင်လဲအဆင်ပြေ တယ်။

  • a me

    March 28, 2012 at 5:44 pm

    အေမီတော့ ကြိုက်တယ်
    ကြည့်ရင်းနဲ့တောင် သရေ တွေ ကြလာတယ် ဟိဟိ
    ရှက်လိုက်တာ

Leave a Reply