ခွေးတစ်ကောင်ရဲ့ခံစားချက်

ကြောင်လတ်March 27, 20121min1389

ခွေးတစ်ကောင်ရဲ့ခံစားချက်

တောထဲမှာ သားကောင်ငယ်တွေရှားပါးတော့ ပုံမှန်ရှာဖွေ စားသောက် ဖို့ရာအခက်အခဲဖြစ်လာတဲ့အခါ ကျားတစ်ကောင်ဟာ တောနဲ့ကပ်လျက် ရွာတစ်ရွာထဲက နွားပေါက်ကလေးကို ဝင်ဆွဲပြီးစားတယ်။ ဒီလိုစားရတာလဲ တစ်ကြိမ်တည်းမဟုတ်ပါဘူး။ အခြေအနေ ပေးရင်ပေးသလို အကြိမ်ကြိမ် သွားပြီး ဆွဲစားခဲ့တာပါ။  နွားပေါက်လေးကို ရွာနောက်ဖက်တောစပ်ကိုဆွဲသွားပြီး ပေါင်သား၊ လက်ပြင်သားနဲ့ အသားကောင်းတွေကို စား၊ ကျန်တာတွေကို ထားပြီး မိုးမလင်းခင်တောထဲပြန်ဝင်သွားပါတယ်။ ကျန်တဲ့ နံရိုး တွေ နဲ့လက်တွေခြေတွေ ကို တောခွေးတစ်အုပ်က ဝိုင်းတုတ်လိုက်ကြပါတယ်။ ဒီလိုနဲ့ အသားနဲ့ အရွတ် အကြောအနည်းငယ်ကျန်တဲ့ အရိုးတွေကို တော့ သိန်းငှက်တစ်ကောင်က ရွာနဲ့ ကပ်လျှက်သချင်္ု ိင်းအနီးကကုက္ကိုပင်ကြီးတစ်ပင်ကို ချီယူလာပြီး စားပါတယ်။ သစ်ပင်ရဲ့အောက်မှာတော့ ခွေးတစ်ကောင်ဟာ စောင့်ကြောင့်ထိုင်ရင် အပင်ပေါ်က သိမ်းငှက် ကိုမော့ကြည့်ရင်း ပါးစပ်ကိုဟ၊ လျှာလေးတစ်လစ်ထုပ်ပြီး သွားရေတမျှားမျှားနဲ့ စောင့်မျှော်နေပါတယ်။ မကြာခင်မှာ သိမ်းငှက်ဟာ သူစားပြီးသားအရိုးကိုလွှတ်ချပြီး နောက်အရိုးတစ်ချောင်းသွားယူလာမှာကိုသူသိနေတယ်လေ။

ဒီကနေ့တော့ သိန်းငှက်ဟာ သူချီယူလာတဲ့အရိုးက အသားစတွေကို ခွာစားလို့ မကုန်ခင်မှာ မတော်တဆ အောက်ကို ပြုတ်ကျသွားတယ်။ ဒါကိုခွေးက အောက်ကနေလှမ်းဟပ်လိုက်ပြီး အငမ်းမရ ဂျိုးဂျိုးဂျွတ်ဂျွတ်၊ ဂိုးဂိုးဂွပ်ဂွပ်နဲ့ ဝါးပါတော့တယ်။ အရင်ကလည်းဒီလိုဝါးနေကြပါ။ သိန်းငှက်က ဒါကိုဂရုမစိုက်ပါဘူး။ ဒီနေ့တော့ သိန်းငှက်က သူ့ပါးစပ်ဝက ထွက်ကျသွားတော့ စိတ်တိုတိုနဲ့ အပေါ်ကနေ လှမ်းပြောပါတယ်။

“ဂီး ဂီး…..ဂစ်ဂစ်ဂစ်…….ဂီး  ဂစ်ဂစ်……..ဂီးဂီး……”

“မင်းတို့ခွေးတွေဟာလေ အစာလေးတစ်ခုရရင် အိန္ဒြေရရမစားနိုင်ဘူး၊ အသံအရမ်းထွက်တာပဲ—-

” ငါအပေါ်က ပစ်ချသမျှကို မလွတ်တမ်း စောင့်ပြီးစားနေတာတောင် ၊ အမြဲတမ်း သွားရေတမျှားမျှားနဲ့ စောင့်နေသေးတယ်၊ ဘယ်လောက်စားရစားရ ဝတယ်လို့ကိုမရှိနိုင်ဘူး——

“နောက်ပြီး တစ်ခါတစ်လေ တစ်ကောင်နဲ့တစ်ကောင် လုယက်စားကြလို့၊ဟိုးလေးတစ်ကြော်ဖြစ်သေးတယ်——

 

“ဒီကြားထဲ ကြက်ပေါက်စ၊ဘဲပေါက်စလေးတွေလဲ သွားဆွဲစားသေးတယ်။သတိလဲထားကြဦး၊ အခုကအရင်လိုမဟုတ်တော့ဘူး၊ ရွာထဲကလူတွေမှာ မင်းတို့ကို ရိုက်ဖို့ တုတ်တွေ၊ လှံတွေရနေကြပြီ၊မင်းတို့ ကိုရိုက်ဖို့နှက်ဖို့ အဆင်သင့် စောင့်နေကြပြီ၊အသားစားတဲ့သူက တိုးတိုးတိတ်တိတ်စားသွားပြီ၊ အရိုးကိုက်တဲ့မင်းတို့ အရိုက်ခံရပြီး မသေချင်ကြနဲ့ —-

“ဟွန်း အသုံးမကျ၊ အပါးအနပ်မရှိတဲ့ကောင်တွေ ကိုယ့်အန ္တရာယ်လဲ ကိုယ်ကြည့်ရှောင်ကြဦး”

ဒီအခါမှာခွေးက အစပိုင်းမှာတော့ခပ်ထံထံလေးဟောင်လိုက်ပြီး နောက်ပိုင်းမှာမျက်နှာသေလေးနဲ့ ၊အသံပျော့လေးနဲ့ တုန့်ပြန်ပြောလိုက်ပါတယ်။

“ဝုတ်  ဝုတ်…..ဝုဝု ၊ အု.. ဝူ……အီ……အီ……အီ……အီ……..”

“ဘာကွ၊ အိန္ဒြေရရမစားနိုင်ဘူး……အသံထွက်တယ်၊ဟုတ်လား၊

မင်းအပေါ်ကပစ်ချပေးလိုက်တာ အရိုးလေကွာ….အရိုး….၊ငါတို့က အရိုးကိုကိုက်ရတော့ အသံထွက်မှာပေါ့ကွ——–

“မင်းပစ်ချသမျှ အမြဲ စားနေရတာတောင် ဝတယ်မရှိဘူး၊အမြဲတမ်းစောင့်နေတာပဲ….ဟုတ်လား——-

“မင်းစဉ်းစားကြည့်စမ်းပါကွာ၊ မင်းကတော့အရိုးမှာကပ်ပါလာတဲ့ အသားလေး၊ အရွတ်လေးကို စားရတော့ ဗိုက်ဝသေးတယ်၊ ငါတို့က မင်းပစ်ချပေးတဲ့အရိုးကို အာသာပြေလေးကိုက်နေ၊လျာနဲ့လျက်နေပြီး ကိုယ့်သွားရေကို ပြန်မျိုချနေရတာပါကွာ၊ ဘယ်မှာ ဝတယ်လို့ရှိမှာလဲ၊ ဒါကြောင့်အမြဲတမ်း အစာကိုမျှော်နေရတာပေါ့၊တစ်ခါတစ်လေ မင်းမတော်တဆ ပြုတ်ကျတဲ့အရိုးမှာ အသားစလေးပါလာလို့ ….အော်အသားဆိုတာ ဒီအရသာပါလားလို့ ငါတို့ သိခွင့်ရတာပါ။မင်းကိုယ်ချင်းစာကြည့်စမ်းပါ။—–

“ငါတို့ လုစားကြတယ်ဆိုတာလဲ၊ ရတဲ့အစာနဲ့ စားမဲ့အရေအတွက်မမျှတော့ ဘယ်လိုမှဝေစားလို့မရပဲ လုစားရတာပေါ့၊ဦးတဲ့သူ၊ဦးတဲ့အကြိမ်စားပေါ့၊ ဒီလိုမှ လုမစားရင်ငါတို့ အသက်ဘယ်ရှင်ပါ့မလဲ—-

“သူတို့မှာ ရိုက်စရာ၊ထိုးစရာ တုတ်တွေ လှံတွေရှိတာငါတို့မသိပဲနေပါ့မလား၊ ငါတို့ ငတုံးငအတွေမဟုတ်ပါဘူး၊ ဒီလိုမှ လစ်တဲ့ဟာလေးရှာမစားရင် ငါတို့ဘယ်လို ရပ်တည်နေနိုင်မလဲ၊ အရိုက်ခံအထိုးခံရလို့ သေကာမှသေသွားပါစေ၊ မသေခင် လေးရပ်တည်နေနိုင်ဖို့အတွက် ဒီလိုပဲ ကြားပေါက်လေးတွေ ရှာဖွေစားနေရဦးမှာပဲလေ၊ ငါတို့ ဘဝရဲ့ အကုသိုလ်ကံနဲ့သာရှိပါစေတော့၊ နောင်တစ်ချိန် ရွာသားတွေ လေးတွေ မြားတွေကိုင်ခွင့်ရလာရင်သာ မင်းတို့လဲ မင်းတို့ အန ္တရာယ်ကိုရှောင်နိုင်အောင်ကြိုးစားကြ၊ အဲဒီအခါကြမှ မင်း ငါတို့ကို ကိုယ်ချင်းစာနိုင်လာပါလိမ့်မယ်ကွာ——–

ကိန် ကိ်န် ကိန် (ရွာသူားများ တုတ်နှင့်လှမ်းပစ်လိုက်၍ အော်ပြီးထွက်ပြေးသွားသံ။)

အားလုံးကို ခင်မင်လေးစားစွာဖြင့်

ကြောင်လေး။

9 comments

  • mocho

    March 28, 2012 at 10:39 am

    ကြောင် လတ်လေးရေ
    အရိုးကိုက်တဲ့ခွေး က ခြောက်ရလွယ်တယ်လေ။သူတို့ကအသံလည်းမြည်တော့ ပိုသိသာတာကိုး၊ ကျားကြီးကတော့ရွာသားတွေမှာ ရှိတဲ့ လက်နက် လေးတွေ နဲ့ မောင်းလို့ ဘယ်ရမတုန်း။ သူကအစွယ်ရှိတယ်၊ အင်အားကြီးတယ်လေ။

  • ကိုရင်မောင်

    March 28, 2012 at 10:45 am

    သရောစာရေးတဲ့နေရာမှာ တယ်တော်သကိုကွဲ့
    အားပေးသွားပါတယ် ကြောင်အနေတော်လေးရေ……

  • ရွာစားကျော်

    March 28, 2012 at 10:59 am

    ရေးလည်း ရေးတတ်ပါပေ့ ကြောင်လတ်လေးရယ်..
    ရွာသူားများခင်ဗျား အရိုးကိုက်ပြီးအာသာဖြေတဲ့ ခွေးတွေကို မောင်းရုံသာမဟုတ်ဘဲ
    အကျန်ကပ်စားတဲ့ ကျီးနဲ့ မြေခွေးတွေရော..
    အကောင်သတ်စားတတ်တဲ့ ကျားဆိုးတွေကိုရော
    မောင်းထုတ်ကြပါစို့

  • ဦးဦးပါလေရာ

    March 28, 2012 at 11:21 am

    တကယ်တော့ ရွာသူရွာသားတွေရဲ့ ပိုင်ဆိုင်မှု့တွေကို အဓိကပွဲတော်တည် ကြတာက ကျားဆိုးကြီးတွေနဲ့ လက်ဝေခံတောခွေးတွေပါ။
    အဲဒါရပ်တန်းကမရပ်ရင်
    တနေ့
    သူတို့ဗိုက်ထဲကဟာတွေဟာ ငါတို့ပိုင်တဲ့ဟာတွေလို့
    ရွာသားတွေမြင်လာလိမ့်မယ်…။

  • shwe kyi

    March 28, 2012 at 12:00 pm

    ရေးထားတာ အရမ်းတော်တာပဲ။ ရွာသားတွေစည်းလုံးဖို့တော့လိုမယ်နော။ 🙂

  • snow htet

    March 28, 2012 at 2:20 pm

    ကိုကြောင်ကြီးရေ
    ဒီလိုပါပဲ လူတွေက နိုင်တဲ့ အရာဆိုရင်ပိုပြီးတော့နိုင်ချင်ကြပါတယ်
    မနိုင်ရင်တော့ အနားတောင်သွားမကြည့်ခင်တဲ့ လူတွေပါ
    ဒါမျိုးဆိုရင် လူတွေကထိပ်ဆုံးမှာလေ

  • ကြောင်လေး

    March 29, 2012 at 6:46 pm

    မိုချို – ခြောက်လို့လွယ်တဲ့ သူတွေက သနားစရာပါ၊လူတိုင်းတော့မဟုတ်ပါ။
    ကိုရင်မောင်-အောက်ခြေက လူတွေနေရာကိုဝင်ခံစားကြည့်တာပါ၊
    ရွာစားကျော်-ဦးဦးပါလေရာ-တဖြည်းဖြည်းနဲ့ ဖြစ်လာဖို့မျှော်လင့်ပါတယ်၊
    ရွှေကြည်- စည်းလည်းစည်းလုံးရမယ်၊ ပစ်မှတ်တွေလည်းမလွဲစေချင်ဘူး၊
    အရေးမပါတဲ့ပစ်မှတ်ကိုပဲပစ်နေရင် အလကားပဲဖြစ်မှာပါ။
    စနို်းထက်-ဒါကတော့အခြေအနေအကြောင့်ဖြစ်မှာပါကွယ်။
    ကြောင်လေးကကြောင်ကြီးမဟုတ်ပါဘူးကွယ်။ ကြောင်ကြီးက ဆရာပါကွယ်။

  • padonmar

    March 29, 2012 at 10:45 pm

    ကိုကြောင်လေး
    ရွာသူရွာသားတွေက သစ္စာရှိ အိမ်ကို စောင့်ရှောက်တဲ့ အိမ်ခွေးတွေဆိုရင် ထမင်းဟင်းအဆင်သင့် အားဆေး ကာကွယ်ဆေး အဆင်သင့် ရေမိုးချိုးပေး ပေါင်ဒါလိမ်းပေးနဲ့ ချစ်ကြမှာပါ။
    ကျားဆိုးတွေနဲ့ မပေါင်းကြပါနဲ့။
    မခိုးမဖွက် မတောင်းမရမ်း ပဲ လုပ်အား ဖြင့် ရပ်တည်နိုင်တဲ့ ဘဝတွေ ဖြစ်အောင် ဝိုင်းဝန်းလုပ်ဆောင်ကြရအောင်ပါ။

  • MaMa

    March 30, 2012 at 9:08 am

    ကြောင်လတ်လေးရေ-
    သူ့နေရာနဲ့သူ
    ထင်သာမြင်သာရှိအောင်
    ခိုင်းနှိုင်းထားတဲ့
    ရေးချက်က ထိချက်။ 🙂
    ကိုပေါက်လက်ဆောင် အမြင်ဒေါင့်စောင်းစောင်းလေးနဲ့အပြိုင်
    ကြောင်လတ်လက်ဆောင် အတွေးဒေါင့်စောင်းစောင်းလေးကို
    လက်မထောင်ပြီး အားပေးသွားပါတယ်။

Leave a Reply