ထီးကောက်တစ်လက်နဲ့မိတာရာရဲ့ကမ္ဘာဦးတိမ်တွေ

တီရှပ်ကြိုက်တယ်

ထမီမဝတ်တတ်ဘူး

အီမိုဆံပင်ထားတယ်
အလုပ်မရှိသေးဘူး ….
ဆိုပေမယ့်
စကြဝဠာထဲ ငါနှစ်သက်တဲ့ ကြယ်တစ်ပွင့်ဟာ
နင်ပဲမိတာရာ……။
ခေတ်ပေါ်ဘလော့ဂါဘဝနဲ့
ခေတ်ပေါ်ကဗျာတွေကြား
နင့်ကမ္ဘာမှာ နင်သားနားတယ်။
နှစ်နှစ်ဆယ်ကျော် တေမိဇာတ်ခင်းနေတဲ့
ချစ်ဖေဖေနဲ့ ချစ်မေမေတို့အလယ်မှာ
နင်ဟာ………
ဓားစားခံလား
မြေစာပင်လား။
အသားဖြူပြီး အသက်ကြီးသူကိုကြိုက်တယ်
သူနဲ့ကျွန်မ အက်ဆေးကိုရေးသားတယ်
လေးဖက်နာနဲ့ နှလုံးရောဂါရှိပေမယ့်
အိုင်စီရှိုးပွဲတွေ မလွတ်တမ်းကြည့်တယ်
ရာသီဦးတွေမှာ ကိုယ့်အဖူးနဲ့ကိုယ်ဝေဆာတယ်
ပွင့်လင်းစွာနဲ့ နင်ရိုးသားနေခဲ့။
မပေနဲ့မတေနဲ့ မိတာရာ……
ကျားရဲတွေဟာ သက်သက်လွတ်မစားဘူး
မြေခွေးတွေဟာ ဥပုသ်မစောင့်ဘူး
ဖျံတွေဟာလည်း ဒုတိယနဲ့ စတုတ္ထသီလကိုမမြဲဘူး
နင်နဲ့ငါကတော့
ငါးပါးမြောက်သီလကို စိတ်တူကိုယ်တူချိုးဖောက်ကြ။
ဘဝဟာ ခဏပါဆိုပေမယ့်
ခဏဟာ တစ်ဘဝစာဖြစ်တယ်။
ပြန်ပေးဆွဲခံထားရတဲ့ မိသားစုနွေးထွေးမှုကို
အဘယ်ရင်ကြားစေ့မှုနဲ့ ပြန်ရွေးနိုင်ပါ့မလဲ
နင့်မြင်ကွင်းထဲမှာ ကောင်းကင်ကအပြာရောင်။
ညက မှောင်တယ်
နင်ရောငါရော အမှောင်ကြိုက်တယ်
ငါက ဟောင်ဖွာဟောင်ဖွာာလုပ်တတ်တဲ့ခွေးစုတ်ဖွားဆိုရင်
နင်က ညခြင်္သေ့မတစ်ကောင်ဖြစ်ရဲ့။
ဘီယာတွေမအေးစေနဲ့မိတာရာ……
လူ့အဖြစ်ဟာ တိုတောင်းလှချည်ရဲ့
သူငယ်ချင်းအဖြစ်ဟာ ရှည်လျားလှချည်ရဲ့။
ဒဏ်ရာတွေကို ဂရုမထားနဲ့မိတာရာ…..
သွေးမတိတ်ခင် ချွေးအရင်သိပ်နှင့်ပါ
ဆေးမင်မထိုးနဲ့မိတာရာ……..
အိပ်မက်မသိုးခင် လူကအရင်နိုးနှင့်ပါ
မြန်မာဘီယာနဲ့ စလားဗီယားငါးကင်
19 လမ်းမှာ ငွေသံကြေးသံ တချွင်ချွင်ညံတယ်။
အတိတ်ကိုမလွမ်းနဲ့
အနာဂတ်ကိုငမ်းပါ
ပစ္စုပ္ပန်ဟာ ငါတို့ပြုသမျှ နုရမှာပဲလေ။
မကြာခင် နှင်းတွေသဲလိမ့်မယ်
မကြာခင် မိုးတွေဖွဲလိမ့်မယ်
မကြာခင် ရိုးတံကျဲပါလိမ့်မယ်
မကြာခင်မှာပဲ…..ငါတို့တွေပျံဝဲကြမယ်
ကမ္ဘာမြေကို အပေါ်စီးကကြည့်ကြမယ်ပေါ့။
စိတ်မပိန်နဲ့ မိတာရာ……
ဒီကာလအချိန်ပြောင်းမှာ
မေတ္တာတရားတောင် အပူရှိန်ကြောင့်ထီးဆောင်းရတယ်
လူတွေဘယ်လောက်ဟောင်းဟောင်း
ကိုယ်ကောင်းရင် ကိုယ့်ခေါင်းဘယ်မရွေ့ဘူးတဲ့
အလောင်းဖြစ်မှ စိတ်ကိုလျှော့မယ်
အဲဒါ ငါတို့တွေရဲ့ ထုတ်ပြန်ကြေငြာချက်။
ဘယ်သူ့ကိုမှ ဝ,ကွက်မယုံနဲ့မိတာရာ……..
ငါကအစ
နင့်ကိုယ်စောင့်နတ်အဆုံးပေါ့
အမုန်းတရားကြောင့် အရှုံးသမားမဖြစ်စေနဲ့
နှလုံးသားဟာ လူ့ဘယ်ဖက်မှာပဲတည်ရှိတယ်။
ရန်ကုန်အနှံ့လျှောက်မသွားပါနဲ့
နေရောင်ခြည်ဟာ နင်နဲ့မတည့်ဘူး
အသားအရေဟာလည်း ညိုမောင်းလာပြီ
ဘီယာသောက်စံချိန်ဟာလည်း ဒီဂရီတက်လာပြီ။
အစာအိမ်ကိုကြင်နာပါ မိတာရာ…….
အိမ်အပြန်ထမင်းမကျန်မှုတွေအပေါ်
ရောဂါနဲ့ မလော်လီမဖောက်ပြားမိစေနဲ့။
ဘုရားတောင် အမှီရှိမှပွင့်တယ်ဆိုပြီး
စပွန်ဆာတွေမရှာလိုက်နဲ့မိတာရာ……
နည်းနည်းပေးပြီး များများယူသွားတဲ့အခါ
နင်ပဲဗျာများရလိမ့်မယ်လေ။
ငါတို့ဟာရထားတွေပါ
တစ်ဘူတာဝင် တစ်ဘူတာထွက်
တစ်ကုန်တွေတင် တစ်ကုန်တွေချ
ကိုယ့်သံလမ်းနဲ့ကိုယ် ခုတ်မောင်းခဲ့ကြတယ်။
မူးသွားပြီလားမိတာရာ…..
ကိုယ့်ခြေထောက်ပေါ်ကိုယ် မြဲမြဲရပ်ပါ
လက်စွဲတော်ထီးကောက်ကို မြဲမြဲကိုင်ပါ
ငါတို့တွေ အိမ်ပြန်ကြမယ်
စာကလေးငှက်တွေအိမ်ပြန်တတ်ရင်
စာကလေးရောင်းသူမှာ ပိုက်ဆံပိုရတယ်
ငါတို့ရေးတဲ့ကဗျာတွေကတော့
ဘယ်သောအခါမှ အိမ်ပြန်မလာခဲ့ကြဘူး။
စာမေးပွဲဆိုတာ ကျရင်ပြန်ဖြေလို့ရတယ်
စိတ်ဓာတ်ဆိုတာ ကျရင်ပြန်ကောက်တင်လို့ရချင်ရမယ်
ငါတို့က ကျဆုံးသွားလို့တော့ မဖြစ်ဘူးမိတာရာ….။
လူ့ဘဝရဲ့ ဘောလုံးပွဲမှာ
လွန်တာရှိဝန္တာမိပါဆိုလို့လည်း
ဒိုင်လူကြီးက ခွင့်လွှတ်မှာမဟုတ်ပေဘူး
အဲဒီတော့
ဘဝမှာ အနီကဒ်အပြမခံရအောင်
ငါတို့………….။ ။
ဥက္ကာကိုကို
(သူငယ်ချင်းအတွက်…..)

One comment

  • yannaingech

    June 10, 2010 at 10:15 am

    WOW!!!..What an excellent work. Brovo Bro!…Brovo…

Leave a Reply