မဲစာရင်းလိမ်တာများ လျော့မလားလို့…

amatminMarch 28, 20121min1057

လက်ရှိကြားဖြတ်ရွေးကောက်ပွဲကတော့ လက်ရှိအာဏာရအစိုးရအနေနဲ့ NLD ပါတဲ့ရွေူးကောက်ပွဲလုပ်ပေးပြီး လွှတ်တော်ထဲကိုဒေါ်အောင်ဆန်းစုကြည်ကိုဆွဲသွင်းနိုင်မှ သူတို့ဖြစ်ချင်တာတွေ ဖြစ်လာမယ်ဆိုတာသိတော့ ရွေးကောက်ပွဲကိုတော့လုပ်ပေးတယ်။ အဲ့ဒီလို မလုပ်မဖြစ်လို့လုပ်ပေးနေရင်းနဲ့ပဲ မဲစာရင်းနဲ့ပက်သက်ပြီးလိမ်ညာတာတွေက အသံအထွက်ဆုံးကိုဖြစ်လောနေတယ်။
အခုတကြိမ်ကတော့ မီဒီယာတွေနဲ့ တချို့ပါတီတွေက ဝိုင်းပြောနေရင်းနဲ့ပဲ အချိန်တန်တော့ ပြီးသွားမှာပါပဲ..
ဒါပေမဲ့ လာမဲ့၂၀၁၅ ကြရင်တော့သူနိုင်ကိုယ်နိုင် နည်းကုန်သုံးပြီး ပိုကြဲကြမှာပဲ ။ နည်းလမ်းပေါင်းလည်း ပိုစုံမှာပေါ့။
အောက်ကစာပုဒ်လေးက Eleven Media Group ကဆောင်းပါးရှင် ကိုသိန်း(ကျောက်ကြီး)ရေးတဲ့
“အမှန်တရားသည်သာ” ဆောင်းပါးက ကောက်နှုတ်ထားတာလေးပါ..

“…မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ဖြုတ်ပယ်ခင်း၊ ပြောင်းရွှေ့ခြင်း ကိစ္စရပ်များနှင့်
ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်က အထက်နှင့်အောက်အပြန်အလှန်
ညွှန်ကြားချက်များပေးပြီး ဆောင်ရွက်နေကြပေမယ့် တကယ်တမ်း လက်တွေ့ကျကျ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့
အောက်ခြေ အဖွဲ့အစည်း များ၏ ရိုးသားမှန်ကန်မှုက အဓိကပါ။
စနစ်တကျနှင့် သေသေချာချာ ပြုစုပေးရင်း မဲစာရင်းတွေ မှားနိုင်စရာ အကြောင်းမရှိပါဘူး။
တစ်ခုတော့ ရှိပါတယ်။ အောက်ခြေအဖွဲ့အစည်းရဲ့ ရိုးသားစွာ ဆောင်ရွက်နေမှု များ အပေါ်
အုပ်ချုပ်ရေး အဖွဲ့အစည်းများရဲ့ဖိအားပေး လွှမ်းမိုးမှုတွေ မခံရဖို့တော့ အရေးကြီးပါတယ်။
လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ကတော့ မဲစာရင်းတွေ မှန်ကန်မှုက အရေးကြီးဆုံးပါပဲ။….”

သူရေးထားတာရော လက်တွေ့ဖြစ်ပျက်နေတာတွေပါ ချိန်ထိုး စဉ်းစားကြည့်မယ်ဆိုရင် အောက်ခြေအဖွဲ့အစည်းမှာကိုပဲ ရပ်/ကျေးအဖွဲ့အစည်း တွေကအတော်လေးကို အခြေခံကျပုံပဲ။
ဒီတော့ ရပ်/ကျေး ဥက္ကဌတွေ သမာသမတ်မကျနိုင်သေးသရွေ့တော့ ကျင်းပမဲ့ရွေးကောက်ပွဲတိုင်းမှာ အဲဒီမဲစာရင်းမသမာမှုတွေက အနည်းနဲ့အများတော့ ဆက်ဖြစ်နေမှာပဲ..
ဆိုတော့ အခုလက်ရှိမှာ လွှတ်တော်ကသတ်မှတ်ပေးထားတဲ့ အတိုင်းရပ်/ကျေး ဥက္ကဌတွေကို ဆိုင်ရာလူထု ကိုယ်တိုင်လှို့ဝှက်မဲစနစ် နဲ့
ရွေးနိုင်တယ်လို့ ကြေညာထားလို့ ဒါကိုလက်တွေ့အသုံးချနိုင်ရင် နောင်လာမဲ့ ရွေးကောက်ပွဲမှာ မသမာမှုတွေတော့ အထိုက်အလျာက်တော့ နည်းသွားမယ်ထင်တယ်..
ပြောရရင် လက်ရှိရပ်/ကျေးဥက္ကဌဆိုသူအများစုက သူဘာသာသူအာဏာပိုင် အဖွဲ့အစည်းနဲ့ပလဲနံသင့်လို့တက်လာတာဆိုတော့
သူတို့အနေအစားချောင်ဖို့ကို ရည်ရွယ်ပြီး အထက်အာဏာပိုင်အကြိုက်လိုက်ကြတာ အများအသိပဲ။
အခုလိုကိုယ်တိုင်ပြောင်းလဲလို့ ရနိုင်တဲ့ အခြေအနေပေးတုန်းမှာ လက်မရှောင်ကြဘဲ နိုင်တဲ့ဝန်ထမ်းတဲ့အနေနဲ့
ရပ်ရွာအကျိုးတကယ်လိုလားပြီး မှန်ကန်တဲ့အလုပ်ကိုလုပ်ကိုင်ချင်စိတ်ရှိတဲ့လူတွေကို ရွေးထုတ်တင်ပေးထားတာမမှားဘူးထင်တယ်။

ကြားမိတာကတော့ ရပ်/ကျေးဥက္ကဌ နဲ့ အဖွဲ့ဝင်တွေ အတွက်ကနဦး (၁၅) ယောက်ကို
ရပ်ကွက်/ကျေးရွာအတွင်းနေ အများစုလက်ခံသဘောတူလောက်တဲ့ လူတွေကိုရွးချယ်ပြီးမှလှို့ဝှက်မဲ စနစ်နဲ့(၅)ဦးပြန်ရွေးမယ်..
ထိုအထဲကမှ မဲအများဆုံးပုဂ္ဂိုလ်ကို ဥက္ကဌအဖြစ်ရွေးမယ်ဆိုတော့ကာ….ဘာပဲဖြစ်ဖြစ် အဆိုပါ ရပ်/ကျေးဥက္ကဌသာ
ရပ်ရွာအတွက်အားကိုးထိုက်မယ် အကျိုးရှိမယ်ဆိုရင်..သူ့ကိုအားထားတဲ့ ကိုယ်စီရပ်/ကျေးလူထုအကျိုးတွေအတွက်.
အများလက်မခံနိုင်မဲ့ လုပ်ရပ်တွေကိုရှောင်ကြရင်း …
နောင် ၂၀၁၅ ရွေးကောက်ပွဲအတွက်မဲစာရင်းလိမ်တာ မသမာမှုလုပ်တာတွေ အတန်အသင့်တော့ နည်းသွားမယ်လို့ မျှော်လင့်မိတာပဲ..

7 comments

  • padonmar

    March 28, 2012 at 8:56 pm

    တိုင်းပြည်တော်တော်များများရဲ့ ရွေးကောက်ပွဲတွေကတော့ ပူညံပူညံချည်းပါပဲ။
    လောလောဆယ် မြန်မာပြည်ရဲ့ အခြေအနေ turning point ဖြစ်ဖို့ ဘာအရေးကြီးလဲဆိုတာ လူတိုင်းသိပါတယ်။
    ၂၀၁၅ ရောက်တဲ့အခါ NLD ထက်ပိုကောင်းတဲ့ လူပိုကြိုက်တဲ့ ပါတီ ပေါ်ချင်လည်းပေါ်လာမှာပါ။
    အဲဒီအချိန်ရောက်မှာကြောက်ပြီးတော့ အတားအဆီးတွေတော့ မလုပ်သင့်ပါဘူး။

    အဲဒီတော့ ရပ်ကွက်ကျေးရွာထဲကလူတွေ သိနိုင်သမျှများများ သိအောင် လည်းပြောပြကြရပါမယ်။
    ရပ်ရွာအကျိုးတကယ်လိုလားပြီး မှန်ကန်တဲ့အလုပ်ကိုလုပ်ကိုင်ချင်စိတ်ရှိတဲ့လူတွေကို ရွေးတင်ဖို့ဆိုတာလည်း ထောက်ခံပါတယ်။
    ဘယ်ပါတီဝင်ပဲဖြစ်ဖြစ် လူထု အကျိုးရှိတာလုပ်ရင် ကြည်ညိုပါမယ်။

  • Khin Latt

    March 29, 2012 at 4:46 am

    အစ်မပဒုမ္မာ ပြောတာကို သဘောကျပါတယ်။

    အခုလောလောဆယ်မှာ NLD က အနူတောမှာ လူချော လို့ ပြောနေနိုင်ပါသေးတယ်။
    တကယ်ဘဲ လွတ်လပ်လာရင် တိုင်းပြု ပြည်ပြု လူထုအကျိုးပြု ကို အမှန်လုပ်ချင်သူတွေ ထွက်လာမှာပါ။
    အဲဒီအချိန်မှာတော့ NLD မှာ တကဲ့ အရည်အချင်းရှိတဲ့ ပြိုင်ဖက်တွေ ရှိလာမှာပါ။
    ရှိလဲ ရှိသင့်ပါတယ်။
    အခုချိန်မှာတော့ အဲဒီ အဆင့်ကို ရောက်ဖို့ NLD က များများ နိုင်ဖို့ လိုပါတယ်။ 🙂

  • Khin Latt

    March 29, 2012 at 4:52 am

    အမတ်မင်းရေ
    ~~~
    ကြားမိတာကတော့ ရပ်/ကျေးဥက္ကဌ နဲ့ အဖွဲ့ဝင်တွေ အတွက်ကနဦး (၁၅) ယောက်ကို
    ရပ်ကွက်/ကျေးရွာအတွင်းနေ အများစုလက်ခံသဘောတူလောက်တဲ့ လူတွေကိုရွးချယ်ပြီးမှလှို့ဝှက်မဲ စနစ်နဲ့(၅)ဦးပြန်ရွေးမယ်..
    ထိုအထဲကမှ မဲအများဆုံးပုဂ္ဂိုလ်ကို ဥက္ကဌအဖြစ်ရွေးမယ်
    ~~~
    တကယ်ဖြစ်လာရင်တော့ အလွန်ကောင်းတာပါဘဲ။
    အထက်က ခန့်တယ် ဆိုကထဲ က ပြည်သူ့ဆန္ဒမဟုတ်ပါဘူး။
    အာဏာရှင်ပုံစံမျိုးပါဘဲ။
    အများသဘောတူမှု နဲ့ ခန့်မှ တကဲ့ ဒီမိုကရေစီစနစ် မှန်မှာပါ။
    သတင်းလေးအတွက် ကျေးဇူးပါ။ 🙂

  • FattyCat

    March 29, 2012 at 9:34 am

    ကိုမတ်ရေ-
    ကျွန်တော့ အမြင်တစ်ခုပြောပြမယ်ဗျ…
    အမေရိကန်သမ္မတတွေရဲ့ ကျောထောက်နောက်ခံကိုကြည့်မယ်ဆိုရင်…အားလုံးနီးပါးလောက်က သူဌေးတွေ…ပညာတတ်တွေချည်းပဲ….
    သူတို့က နာမည်ကျန်ခဲ့ဖို့နဲ့ ဂုဏ်ရှိဖို့ သမ္မတတွေ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေလုပ်ကြတာ…
    ကျွန်တော်တို့ နိုင်ငံက ဦးဆောင်သူလူတစ်စုအနေနဲ့တော့ အဲဒီရာထူးတွေရမှ ချမ်းသာမယ်ဆိုတဲ့အတွေးက ရှိနေလေတော့ နာမည်ထက် ဓနအင်အားရဖို့ ဒီနေရာကိုလိုချင်တပ်မက်ကြတာပေါ့….
    လိမ်ဦးမှာပဲ….ရသလောက်တော့ လိမ်ဦးမှာပဲကိုမတ်ရေ-

  • သူရဇော်

    March 29, 2012 at 2:47 pm

    လွှတ်တော်အမက် ကိုမက်မက် ဘာမှမစိုးရိမ်လင့်………… မဲသာလိမ်၍ရမည်….. လူတွေကို လိမ်၍မရပါ တကား……….. စကားပြောတက်စ ကလေးကပင်လျှင် မေမေချု မေမေချု တဲ့ အဲလောက်ထိ ပေါက်ရောက်မှု ကွာပါတယ်ဗျာ……….. အသည်းကြားက မဲတစ်ပြားကို တန်ဖိုးရှိစေချင်ပေ မယ့် တန်ဖိုးမဲ့သွားခဲ့ရင်လဲ စိတ်မထိခိုက်ကြပါနဲ့………… အကျင့်ပါနေလို့ဆိုပီး နားလည်ပေးလိုက်ကြပါ… ပြည်သူချစ်တာ ဘယ်သူဆိုတာ ပြည်သူတွေအသိဆုံးပါပဲဗျာ………………

  • amatmin

    March 29, 2012 at 3:33 pm

    အန်တီပဒုမ္မာ.အရီးလတ်.ကိုကြောင်ဝတုတ်.ကိုသူရဇော် ကွန်မန့်တွေအတွက်ကျေးဇူးပါဗျ..

    ကျနော်တို့အားလုံးသိတဲ့ အတိုင်းပဲ ရပ်/ကျေးအဖွဲ့အစည်းဆိုရင် လူတိုင်းလိုလိုက အမြင်စောင်းနေတတ်တော့ .
    အသိမှန်ကြပြီး အများအတွက်လုပ်ချင်စိတ်ရှိတဲ့ လူတွေက ဝင်မပါတတ်ကြဘူးလေ ။
    လုပ်နေတဲ့လူအများစုကလည်း အထက်အာဏာပိုင်တွေနဲ့ပေါင်းပြီး ထင်သလိုကြဲနေကြတာကိုး..
    အထူးသဖြင့် အခုပြောနေကြတဲ့မဲစာရင်း တမင်မှားယွင်းတာတွေလည်းအပါအဝင်ပေါ့..
    ဆိုတော့ အခုလိုပြောင်းပစ်လို့ရနိုင်မဲ့ အခြေအနေပေးတုန်းမှာ.လူကောင်းသူကောင်းတွေကို
    ရွေးထုတ်ထားရင် နောင်အချိန်အတွက်အကျိုးရှိတာပေါ့လို့..ပြောချင်တာပါ..
    ဥပမာ.ဗျာ..ကိုကြောင်ဝတုတ်.ကိုသူရဇော်တို့က လူငယ်တွေပေါ့.ဒီတော့ ရပ်ရွာကများ ကိုယ်စီကိုရွေးပေးလို့..
    အခွင့်ကြုံလာမယ်ဆိုရင်..လက်မရှောင်ဘဲ အချိန်နဲနဲလောက်ပေးပြီး ဝင်ပါကြစေချင်တာပါ..
    အပေါ်က အပြောင်းအလဲကို စောင့်ကြည့်နေကြတာထက် အောက်ခြေဝန်ကိုလည်းနိုင်သလောက်ဝင်ထမ်းပြီး
    ကိုယ်နဲ့နီးစပ်တဲ့လူတွေကို သိသလောက်ဝင်မျှကြတာပေါ့ဗျာ…
    ကိုဘလက် သီချင်းထဲကလို.ကျနော်..ကျမ တို့မှာလည်း တာဝန်ကိုယ်စီ ရှိကြပါသည်ပေါ့.. 🙂

  • ကြောင်လေး

    March 29, 2012 at 8:08 pm

    “””အသိမှန်ကြပြီး အများအတွက်လုပ်ချင်စိတ်ရှိတဲ့ လူတွေက ဝင်မပါတတ်ကြဘူးလေ ။
    လုပ်နေတဲ့လူအများစုကလည်း အထက်အာဏာပိုင်တွေနဲ့ပေါင်းပြီး ထင်သလိုကြဲနေကြတာကိုး..
    အထူးသဖြင့် အခုပြောနေကြတဲ့မဲစာရင်း တမင်မှားယွင်းတာတွေလည်းအပါအဝင်ပေါ့..
    ဆိုတော့ အခုလိုပြောင်းပစ်လို့ရနိုင်မဲ့ အခြေအနေပေးတုန်းမှာ.လူကောင်းသူကောင်းတွေကို
    ရွေးထုတ်ထားရင် နောင်အချိန်အတွက်အကျိုးရှိတာပေါ့လို့..ပြောချင်တာပါ..
    ဥပမာ.ဗျာ..ကိုကြောင်ဝတုတ်.ကိုသူရဇော်တို့က လူငယ်တွေပေါ့.ဒီတော့ ရပ်ရွာကများ ကိုယ်စီကိုရွေးပေးလို့..
    အခွင့်ကြုံလာမယ်ဆိုရင်..လက်မရှောင်ဘဲ အချိန်နဲနဲလောက်ပေးပြီး ဝင်ပါကြစေချင်တာပါ..”””

    အဲဒီလိုစိတ်မျိုးနဲ့ဝင်မဲ့သူတွေကသတ္တိနဲ့ခံနိုင်ရည် တော်တော် ရှိဖို့လိုလိမ့်မယ်ထင်တယ်။ လတ်တလောမှာအထက်ကသူတွေနဲ့တော်တော် အတိုက်အခံဖြစ်နိုင်တယ်။ အရေးအခင်းဖြစ်ပြီးကာစက အဲလိုမျိုးတွေ ကြုံခဲ့ဖူးတယ်။
    ရွေးတင်ပေးလိုက်တဲ့ပြည်သူတွေကလည်း သူတို့ဖက်က သေချာကို အမာခံဖြစ်ဖို့လိုလိမ့်မယ်။

Leave a Reply