သူနှင့်မိုးညဘူတာ

Written by – ဥက္ကာကိုကို (သံတွဲ)

(၁)
ထိုနေရာသည် ဘူတာရုံလေးတစ်ရုံ ဖြစ်သည်။ ဝါကျင်ကျင်မီးရောင်ကလေး၏ တုန်ယင်သော အလင်းယဲ့ယဲ့က တဖြည်းဖြည်းအုပ် မိုးလာသော အမှောင်ထုကို ကိုယ်စွမ်းရှိသရွေ့ အံတုနေရှာသည်။ သံလမ်းတစ်ဖက်ရှိ လမ်းမကြီးပေါ်တွင် ကားတစ်စီးဖြတ်မောင်းသွားသံ ကြားလိုက်ရသည်။ ညဂျူတီကျဟန်တူသည့်  ဘူတာဝန်ထမ်းအဖိုးကြီးက သံဆန်ခါကြားမှနေ၍ ကျွန်တော်အား အကဲခတ်သလို တစ် ချက်လှမ်းကြည့်ပြီး စာရင်းဇယားများကို လေးလေးဖင့်ဖင့် ဆက်လက်လုပ်ကိုင်နေ၏။
ရုတ်တရက် မီးသီးအလင်းရောင် အနည်းငယ် မှိန်ဖျော့သွားသည်။ လူတချို့ ဘူတာအတွင်း ဝင်ရောက်လာကြ၏။ အချို့က ခုံတန်း လျားပေါ်သို့ ပစ္စည်းများ တင်လိုက်ကြပြီး အချို့က အဖိုးကြီးဆီမှာ လက်မှတ်သွားဖြတ်နေကြသည်။
ဤဘူတာရုံကလေးသည် ရန်ကုန် နယ်နိမိတ်အတွင်းမှာပင် တည်ရှိလေသည်။ အခြေခံလူတန်းစား မျိုးစုံတို့ အားကိုးအားထား ပြုရာ၊ မြို့ပတ်ရထားကြီးများ အချိန်မှန်မှန် (တစ်ခါတစ်ရံ အနည်းငယ်နောက်ကျတတ်သည်မှ အပ) ရောက်ရောက်လာတတ်သော ကြား ဘူတာရုံအိုလေး ဖြစ်သည်။
လူတစ်ဦးက နံရံပေါ်မှ ချိတ်ဆွဲထားသော ရထားအချိန်စာရင်းကို ဓာတ်မီးနှင့် ထိုးကြည့်နေသည်။ ထို့နောက် စကားတွတ်ထိုးသံ များကြားရ၏။ လွယ်အိတ်တစ်လုံးလွယ်ထားသော မျက်မှန်နှင့် လူတစ်ယောက် ကျွန်တော့်ဆီလျှောက်လာပြီး ““မီးတစ်တို့လောက်”” ဟု တောင်းသည်။
သောက်လက်စဆေးပေါ့လိပ်ကို လှမ်းပေးလိုက်တော့ ထိုလူက သူ့အိတ်ကပ်ထဲမှ လိမ်တွန့်နေသော စီးကရက်ကို ထုတ်ပြီး ပြန် ဖြောင့်လိုက်၏။ ခဏအကြာ ဘူတာရုံလေးအတွင်း ဆေးလိပ်ငွေ့များ လွင့်ပျံ့သွားလေသည်။
ရထားတစ်စီးစီး ဝင်လာတော့မည်ထင်သည်။
(၂)
ကိုယ်ပိုင်ဥဩဆွဲသံနှင့် အတူ ရထားနှင့် ခပ်ဆင်ဆင်တူသော လူတစ်ယောက်၊ ခုနှစ်ထွေသိုင်းကွက်ဆွဲကာ ဘူတာထဲသို့
ဝင်လာ သည်။ တဝေါ့ဝေါ့လေချဉ်တက်သံ ကျယ်ကျယ်လောင်လောင်ပေးပြီး ဘူတာရုံ၏ ညာဘက်ထောင့်ချိုးအစွန်သို့ သွားကာ ငြိမ်းချမ်းစွာလှဲ အိပ်ချလိုက်သည်။
ရထားတစ်စင်း အမှန်တကယ်ဝင်လာပြီ ဖြစ်ကြောင်း ဘူတာရှေ့သို့ ကြိုရောက်လာသော မီးရောင်ကို ကြည့်၍ သိလိုက်သည်။ ဂျက်ဂျက်ဂျူံးဂျူံးအသံများကို ရထားသံလမ်း၏ တုန်ခါမှုနှင့် အတူ စတင်ကြားနေရပြီ ဖြစ်သည်။ ရထားတစ်စင်းတော့ ဝင်လာခဲ့ပြီ။
အပြင်မှာ မိုးဖွဲလေးတွေကျနေတာကို ရထားမီးရောင်နှင့် မြင်ရသည်။ ထီးပါမလာခဲ့ကြောင်း သတိပြုမိသလို ကိုယ့်မှာ ဘယ် တုန်းကမှ ထီးအပိုင်တစ်လက် မရှိခဲ့ကြောင်း ကျွန်တော်ပြန်အသိဝင်မိသည်။
ထို့နောက် ဘယ်သူမှ အနှောင့်အယှက် မဖြစ်အောင် ခပ်ဖွဖွလေး ရယ်မောပစ်လိုက်သည်။ ဆေးလိပ်က မီးသေသွားပြန်၏။ ရထားကတော့ ဘရိတ်ဆွဲကာ ရပ်တန့်ပစ်လိုက်ပြီ ဖြစ်သည်။
(၃)
ရောင်စုံလူအုပ်ကြီးက ရထားကြီးပေါ်မှ တဝေါဝေါညာသံပေးကာ သွန်ကျလာသည်။ ဘူတာရုံလေးအတွင်း၊ စကားသံ၊ အော် ဟစ်သံ၊ ရန်ဖြစ်သံ၊ ရယ်မောသံများဖြင့် ဆူပွက်သွားသည်။
တအောင့်နေတော့ ရထားက သူ့အသံဩဩကြီးဖြင့် တစ်ချက်အော်လိုက်ပြီး နောက်ထပ်လူအသစ်များကို ဝမ်းဗိုက်များအတွင်း ထိုးသိပ်ကာ အရှိန်ယူပြေးထွက်သွားတော့သည်။
အစောပိုင်းက ဘူတာထဲမှာ ရှိနေကြသော လူများက ရထားကြီးခေါ်ဆောင်ရာသို့ လိုက်ပါသွားကြပြီး ရထားပေါ်မှ ဆင်းလာကြ သောလူများက ကိုယ့်လမ်းကို ကိုယ့်ခြေထောက်ဖြင့် ဆက်သွားကြပြီ ဖြစ်သောကြောင့် ဘူတာလေးအတွင်း တစ်စစ လူပြန်ရှင်းသွား၏။
ဘူတာဝန်ထမ်း အဘုးိကြီး အညောင်းတစ်ချက် ဆန့်လိုက်တာတွေ့လိုက်ရသည်။ ခပ်လှမ်းလှမ်းမှာ လှဲအိပ်နေသော အမူးသမား ထံမှ သီချင်းတစ်စကို ယောင်ရမ်းဆိုညည်းနေသံ ကြားရ၏။
““ကျန်းကျန်းမာမာ …ချမ်းချမ်းသာသာ …ဘေးရန်ကာဆီးမည် … လူမွဲတွေက မနှေးခေတ်မှီ .. သူဌေးဖြစ်တော့မည် …အေ့””
ဥဩဆွဲသံ ခပ်ရှည်ရှည်ထပ်ကြားလိုက်ရသည်။
(၄)
ဘူတာအတွင်းသို့ ခြေသလုံးအိ်မ်တိုင် မိသားစုတစ်စု ထပ်မံဝင်ရောက်လာကြသည်။
ကလေးမနှစ်ယောက်က သံတိုသံစများ၊ ပလတ်စတစ်အိတ်ခွံများ၊ တိုလီမုတ်စများကို စုပြုံထိုးသိပ်ထားသော ဂုန်နီအိတ်ကြီး နှစ် လုံးအား ကိုယ်စီထမ်းထားကြသည်။
နို့စို့အရွယ် ကလေးငယ်ကို ခါးထစ်ခွင် ချီထားသော မိန်းမက ရှေ့မှ ကလေးနှစ်ဦးကို အော်ငေါက်လျှက်လိုက်ပါလာသည်။ အကျႌ မပါ၊ မျက်တွင်းဟောက်ပက်နှင့် ဖခင်ဖြစ်ဟန်တူသူက ထမင်းထုပ်များကို ကိုင်၍ နောက်ဆုံးမှ ချိနဲ့စွာ တစ်လှမ်းချင်းဝင်လာသည်။
ကလေးမလေးနှစ်ဦးက အိတ်များကို သံမံတလင်းပေါ်ပစ်ချလိုက်ပြီး မိသားစုငါးယောက် ဝိုင်းဖွဲ့ထိုင်လိုက်ကြကာ ပါလာသော ထမင်းထုပ်များကို ဖွင့်၍ အလုအယက်စားသောက်ကြတော့သည်။
ကျွန်တော် … ကုန်သွားသော ဆေးပေါ့လိပ်ကို ရထားသံလမ်းပေါ်သို့ တောက်ထုတ်ပစ်လိုက်သည်။
â္ဌââââ
ထမင်းစားနေကြသော ထိုမိသားစုအနားသို့ ခွေးပိန်မတစ်ကောင် မယောင်မလည်လာရပ်သည်။ ထိုအချိန်မှာ ထမင်းဝိုင်းလေးက လက်စသပ်နေပြီ ဖြစ်သည်။
ခွေးပိန်မမှာ ကားလမ်းတစ်ဖက်ရပ်ကွက် ဓမ္မာရုံဘေးတွင် သားပေါက်ထားသော ခွေးလေခွေးလွင့်တစ်ကောင် ဖြစ်ကြောင်း ကျွန်တော် မှတ်မိနေသည်။ နို့အုံတယမ်းယမ်းနှင့် အမြီးနှံ့ကာ အစာတောင်းနေသော ခွေးပိန်မကို တစ်ချက်ကြည့်ပြီး ကလေးတို့အဖေက စားကြင်း စားကျန်များ (တကယ့်တော့ သိပ်မကျန်ပါ) ကိုကြပ်ကြပ်အိတ်တစ်လုံးထဲ စုထည့်ချပေးလိုက်၏။
ခွေးပိန်မ မျက်လုံးများ လက်ခနဲ တောက်ပသွားတာ မြင်လိုက်ရပြီး ထမင်းထုပ်ကို ပါးစပ်ဖြင့် ကိုက်ချီကာ ရထားလမ်းတစ်ဖက် သို့အလောတကြီး ပြေးသွားလေသည်။ ခွေးပေါက်လေးများ မျှော်နေကြရော့မည်။
““ဘော် …ဘော်””
““ဟာ …ဒီခွေးမတော့ သေတော့မှာပဲ””
အမြန်ရထားတစ်စင်းက ဥဩသံအဆက်မပြတ် မြည်ကြေးကာ ဘူတာရှေ့မှ ဒရောသောပါး ခုတ်မောင်းသွား၍ ဖြစ်သည်။ ခွေး ပိန်မကား ရထားရှေ့မှ ပွတ်ကာသီကာလေး ခုန်ထွက်၍ တစ်ဖက်ကားလမ်းပေါ်သို့ ရောက်သွားလေပြီ။
ဆေးပေါ့လိပ်အသစ်တစ်လိပ်ကို ထပ်မံမီးညှိလိုက်မိသည်။ ဒီနေ့ ဆေးလိပ်သောက်တာ များနေပြီဟုလည်း တစ်ဆက်တည်း တွေး မိ၏။
““ကျွီ …ဒုန်း””
““ဂိန် ..ဂိန် ..ဂိန် ..အီ ..အီ””
““ဟာ …””
အဖြစ်က မြန်သည်။ ရထားတွဲကြီး တစ်ခုလုံးကို ခုန်ပျံကျော်လွှား တိမ်းရှောင်နိုင်ခဲ့သော ခွေးပိန်မသည် အမူးလွန်နေသည့် ဂျစ် ကားတစ်စီးအောက်တွင် ၎င်းင်း၏ မိခင်မေတ္တာကို ခင်းကျင်းပြသသွားခဲ့ပြီ။ နောက်တစ်နေ့ နံနက်ခပ်စောစောတွင် စည်ပင်လုပ်သားတစ်ဦးက ခွေးပိန်မ၏ ဈာပနကို လိုက်ပါပို့ဆောင်ပါလိမ့်မည်။ ဆာလောင်မွတ်သိပ်နေကြရှာမည့် ခွေးသားပေါက်လေးများ နေကောင်းကြပါစေ။
ခေါင်းကို ဘယ်မှညာသို့ တစ်ချက်ချင်း ခါယမ်းနေမိသည်။ ခွေးပိန်မ၏ ရုပ်အလောင်းနံဘေးမှာ ပျံ့ကျဲနေသည့် ထမင်းလုံးများကို ကြည့်ပြီး ဒီနေ့ညစာ မစားရသေးတာကို သတိရသွားသည်။
(၆)
သတိရခြင်း။ ဘာကို သတိရတာလဲ။ အမေ့ကို သတိရသည်။ သတိရမှုနှင့်အတူ အိမ်လွမ်းစိတ်က တွယ်ကပ်ပါလာသည်။ နှစ် နှစ်ကျော် ဝေးကွာနေခဲ့သော ဇာတိမြေမှ အမေ့ကို သတိရသည်။ ဆာလောင်နေချိန်တွေမှာ အမေ့ထမင်းဝိုင်းလေးကို လွမ်းဆွတ်သည်။ အဆင်တွေ မပြေချိန်မှာ အမေ့ရဲ့ ကရုဏာကို ငတ်မွတ်သည်။
ကျွန်တော့်နေရာတွင် မိန်းမသား တစ်ဦးဆိုပါက။
““အမေ့အိမ်ကိုလည်း ..ချစ်သမီးလွမ်းပါတယ် …”” စသဖြင့် ဆိုညဉ်းပေလိမ့်မည်။ ကျွန်တော်က ပုဆိုးတောင် အနံကြီးကွင်း ကျယ်မှ ဝတ်သော ယောက်ျားတစ်ဦး ဖြစ်သောကြောင့် ထူးအိမ်သင်ကိုပဲ အားကိုးလိုက်ရသည်။
““အိမ်ပြန်ချင်တယ် ..ဟူး …အနွေးထွေးဆုံးအမေ့အိမ် …အိပ်မရတဲ့ည …များစွာထဲ ..ရထားဥဩသံလေးများကြား ရင် အိမ်ပြန်ချင်တဲ့ စိတ်ကလေး တားမရတယ် …””
ဘူတာစောင့် အဘုးိကြီးက ကျွန်တော့်ကို ကြည့်ကာ ခေါင်းတဆတ်ဆတ်ညိတ်နေသည်။ သူပုံစံက ပုတ်သင်ညိုနဲ့ တူနေတာမို့ ကျွန်တော်နည်းနည်းတော့ ဖီးလ်ငုတ်သွားသည်။
ဘူတာထောင့်မှာ အိပ်နေသော အမူးသမားကို လှမ်းကြည့်လိုက်တော့ ဘယ်အချိန်က ထထွက်သွားပြီ မသိချေ။ သူ့နေရာတွင် ကွပ်လပ်ကလေးကသာ မသိခြင်းကို ကျွေးကျွန်ပြုကျန်ရစ်ခဲ့သည်။ ထိုသူကား အိမ်ပြန်ရောက်ချင် ရောက်သွားလောက်ပြီ။ ဒါမှ မဟုတ် လမ်းဘေးကြုံသည့် တစ်နေရာမှာ ထပ်အိပ်ချင်အိပ်နေနိုင်သည်။ ဒီညအဖို့ သူလည်း သူ့သမိုင်းသူ ဆက်လက်ရေးထိုးပေလိမ့်မည်။ မိုးဖွဲတွေက  တဖျောဖျောကျဆင်းလာနေသည်။
âââ
ဒီအတိုင်း အစိုခံ၍ အဆောင်ပြန်လိုက်ရင် ကောင်းမလားဟု စဉ်းစားပြီးမှ မိုးစဲအောင်တော့ စောင့်လိုက်ဦးမည်ဟု ပြန်တွေးမိ သည်။ ဘေးနားမှာ ချထားသည့် ဆေးပေါ့လိပ်ကို ကောက်ယူမီးညှိလိုက်၏။
အဆိပ်ငွေ့များကို အဆုတ်တွင်း ထိရောက်အောင် တစ်ဝကြီးရှူသွင်းပစ်လိုက်သည်။ ““ဆေးလိပ်တွေ အရမ်းမသောက်ပါနဲ့လား”” ဟုစိုးရိမ်သံနှင့် တားမြစ်ခဲ့သည့် ခြောက်ယောက်မြောက် ရည်းစားမလေးကို ဖျတ်ခနဲ အမှတ်ရမိသည်။
(၆)
အဲဒီတုန်းက …
မြို့လေးရဲ့ လက်ဖျံရိုးတွေပေါ်မှာ သူမနှင့် ကျွန်တော်၊ မိုးအရွာကို မကြာခဏထိုင်စောင့်နေခဲ့ကြဖူးသည်။ ကောင်းကင်တိမ်စိုင် များ အရောင်ပြောင်းသွားတာကို ကြည့်ပြီး သူမက ဝမ်းသာအားရ လက်ခုပ်တီးတတ်သည်။ (တိမ်ဖြူဖြူလေးတွေ မျက်နှာမည်းသွားမှ စားဝင်အိပ်ပျော်တဲ့ ကောင်မစုတ်လေး)။
သူမ၏ လက်ခုပ်သံအဆုံးမှာတော့ ဝါခေါင်မိုးက ဖျောခနဲရွာချလာစမြဲဖြစ်သည်။ ထိုစဉ်က သူမရဲ့ လက်ခုပ်သံကို ကျွန်တော်က ““တိုက်ပွဲခေါ်သံ”” ဟုအမည်ပေးထား၏။
မိုးနတ်သား၏ ရွာသွန်းနိုင်မှုနှင့် ကျွန်တော်တို့ နှစ်ဦး၏ ကြံကြံခံနိုင်မှုတို့အကြားမှာ စံပယ်ဖူးလေးများ တဖျတ်ဖျတ်ပွင့်ခဲ့ကြသည်။ မိုးစက်တို့ စနက်ကြောင့် မီးငြိမ်းသွားသော ကျွန်တော့်လက်ထဲမှ စီးကရက်ကိုကြည့်ပြီး သူမက ကျေကျေနပ်နပ်ရယ်မောပစ်တတ်သည်။
ခိုးခိုးခစ်ခစ်ရယ်သံချိုချိုများ တရစ်ပြီး တစ်ရစ်နှောင်ဖွဲ့ခြင်း အဆုံးမှာတော့ မထူးခြားသော သတင်းတစ်ပုဒ်လို ကျွန်တော်တို့လမ်း ခွဲခဲ့ကြသည်။ မိုးရွာထဲတွင် ကျောခိုင်းခဲ့ကြသော ကျွန်တော်တို့နှစ်ဦး၏ မျက်ဝန်းထဲတွင် ခိုတွဲနေသည်က မျက်ရည်မဟုတ်ဘဲ မိုးစက်များသာ ဖြစ်နေခဲ့လေသည်။
အခုချိန်ဆို သူမနံဘေးမှာ မိုးနှင့်အတူ ကောင်လေးတစ်ဦးလည်း  ရှိကောင်းရှိနေပေလိမ့်မည်။ ချစ်ခြင်းမေတ္တာဆိုသည်မှာ မိတ္တူပွားဖို့ အလွန်လွယ်ကူကြောင်း ကျွန်တော်သဘောပေါက်ခဲ့တာ ကြာပါပြီ။
(၇)
ဒီလိုနဲ့ပဲ
မိုးရည်စိုလူး
အမှောင်ဦးမှာ
အရူးရင့်ခဲ့ …
(ဆောင်းသစ်)
အား …ကဗျာ။ ဟုတ်တယ်။ ကဗျာရေးရမယ်။ ကျွန်တော်ကဗျာ မရေးဖြစ်တာ အတော်ကြာနေပြီ။ ကဗျာတင်မဟုတ်ပါ။ ဘာ ဆိုဘာမှ မရေးဖြစ်ဘဲ စာနဲ့တူတာဆိုလို့ မဖြစ်မနေရေးရမည့် သတင်းတွေသာ ရေးဖြစ်သည်။ ရန်ကုန်ကို တက်လာတုန်းကတော့ စာပေ လောကထဲ ဇောက်ချဝင်တော့မည်ဆိုပြီး ရောက်လာခဲ့တာ ဖြစ်၏။ တကယ်ရောက်သွားတော့ ကျွန်တော်နှင့် သိပ်မအပ်စပ်ဟု ထင်မှတ်ရ သောသတင်းမီဒီယာလောက ဖြစ်နေသည်။
အနာဂတ်ဆီ လှမ်းမျှော်ကြည့်လိုက်တော့ အရာရာကို မကွဲမပြားမြင်ရသည်။ စိန်ခေါ်မှုတွေက လက်ခပန်း တဖြောင်းဖြောင်း ခတ်ကာ ဟန်ရေးပြနေကြသည်။ ကြိုးဝိုင်းထဲဝင်ရန် ကျွန်တော့်မှာ ဘာမှအဆင်သင့် မဖြစ်သေး။ အဟဲ ..ရပါတယ်။ တွေ့ကြတာပေါ့။ ငါဆိုတဲ့ ကောင်ကလည်း ဘာကောင်မှ မဟုတ်တာပဲ။ အဲဒီဘာကောင်မှ  မဟုတ်တာ တစ်ခုတည်းနဲ့ ဘဝကို ရင်ဆိုင်ပြပါ့မယ်။  ရပါတယ်။
ကဗျာဝိညာဉ်က ကျွန်တော့်သွေးသားထဲ တရှိန်ထိုးမွှေနှောက်စီးဝင်နေသည်။ ကျွန်တော့် ပုစွန်ဦးနှောက်တွေ တဆတ်ဆတ်ခုန် နေကြ၏။ သူငယ်ချင်းကဗျာ ဆရာလင်းလက်တာရာ၏ ကဗျာတစ်ပိုဒ်ကို ရူးရူးမူးမူး ထပ်တလဲလဲ ရွတ်ဆိုနေမိသည်။
““သံစဉ်တွေ ချိုမယ့်ရာသီ …
မကြာမီ …တဲ့လား
နာရီတွေ အရောက်စောပါစေ …””      ။
(၈)
သံလမ်းတစ်ဖက်က ဘူတာပလက်ဖောင်းပေါ်မှာ ကောင်မလေးတစ်ယောက် ထီးတစ်လက်ဆောင်းကာ ရပ်နေသည်။ မိတ်ကပ် အပေါစားတွေ ပြာနှမ်းစွာ လိမ်းခြယ်ထားသည့် မျက်နှာနုနုလေးကို လမ်းမီးတိုင်အလင်းရောင်နှင့် မြင်ရသည်။ ဆေးပေါ့လိပ်က မီးသေသွား ပြန်ပြီ။ ထပ်ညှိရန် မီးခြစ်ကို ခြစ်လိုက်တော့ မီးက မတောက်ချင်။ လေးငါးချက် ခြစ်ပြီးမှ မီးကထတောက်၏။
““ဟေ ့ …ရွှတ် …ရွှတ်””
စောနက တစ်ဖက်မှာ ရပ်နေသော ကောင်မလေးက နှုတ်ခမ်းနီများ ရဲတွတ်အောင် ဆိုးထားသော နှုတ်ခမ်းနှစ်လွှာကို စုကာ တရွှတ်ရွှတ် အသံပြုလာသည်။ ကျွန်တော်လှမ်းကြည့်လိုက်တော့ ပြုံးပြပြီး လက်ယပ်ခေါ်သည်။ ဘာလဲဟ။ ဗိုက်ဆာနေရတဲ့ အထဲ။ လာဆွယ် နေပြန်ပြီ။ ကျွန်တော် လက်ရော ခေါင်းရော ပြန်ခါပြလိုက်တော့ နှုတ်ခမ်းရဲရဲကို စူပွပွလုပ်ကာ မိုးရေထဲမှာ ခြေဆောင့်ထွက်သွား၏။ ခလုတ်မထိ၊ ဆူးမငြိပါစေနဲ့ အမိ။
မိုးဖွဲများက တစ်စစ အင်အားကြီးမားလာကာ မိုးသီးပေါက်များအဖြစ် အသွင်ပြောင်းသွားကြသည်။ ညဆယ့်တစ်နာရီထိုးပြီဖြစ်  ကြောင်းကို ခပ်ဝေးဝေးရှိ ကင်းတဲမှ  ဝတ္တရားအရ အချက်ပေးသံ တဒေါင်ဒေါင်ထွက်လာသည်။
ဘူတာဝန်ထမ်း အဖိုးကြီးက ကျွန်တော့်အား ကွမ်းချေးတက်နေသော သွားများ ပေါ်အောင် ရယ်ပြပြီး လက်မှတ်ရောင်းသည့် တံခါးပေါက်ကို ပိတ်ပစ်လိုက်သည်။ သက်ကြီးတစ်ဦး ခေါင်းချတော့မည်။
အတော်ဝေးဝေးမှ ရထားဥဩသံ ခပ်ရှည်ရှည် ကြားနေရသည်။ အမြန်ရထားတစ်စင်း ဖြစ်ပေလိမ့်မည်။ ဒီညအဖို့ သောက်စရာဆေးလိပ် ကုန်သွားခဲ့ပြီ။
(၉)
ထိုနေရာသည် ဘူတာရုံလေး တစ်ရုံဖြစ်သည်။
ဝါကျင်ကျင် မီးရောင်ကလေး၏ တုန်ယင်သော အလင်းယဲ့ယဲ့အောက်မှာ မရေးရသေးသော ခေတ်ပေါ်ကဗျာတစ်ပုဒ်၊ ငုတ်တုတ် ထိုင်နေဆဲဖြစ်ပါသည်။
ယနေ့ညအဖို့  …ရထားခရီးစဉ် မရှိတော့ဟု သိရသည်။

ဥက္ကာကိုကို (သံတွဲ)
20.9.2009