ဧပြီ ၁ ရက်၊ မဲရုံတွေမှာ သတင်းယူမည့် မီဒီယာသမားများ သိထားသင့်တာ

ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်ကို  7 Day ဂျာနယ်သတင်းထောက် အဘဥက္ကာကိုကို ၏ ဖေ့စ်ဘွတ်မှ ကူးယူပြီး CJ ဖြစ်ချင်တဲ့ ရွာထဲက လူတွေအတွက် ပြန်လည် ဝေငှလိုက်ခြင်းဖြစ်ပါတယ်…. း-)

မီဒီယာသမားများသည် အောက်ပါဥပဒေပုဒ်မများကိုလည်း ကြိုတင်လေ့လာ သိရှိထားပြီး တိကျစွာသတိပြုလိုက်နာကြရန် လိုအပ်သည်။

(က) ပုဒ်မ ၆၀။ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်တစ်ဦးဦးအား နှောက်ယှက်ခြင်း။
(ခ) ပုဒ်မ ၆၁။ ရွေးကောက်ပွဲနေ့တွင် မဲရုံအတွင်းနှင့် မဲရုံမှ ကိုက် ၅၀ဝ အတွင်း မဲဆွယ်ခြင်း၊ တစ်ဦးတစ်ယောက်ကို မဲပေးရန်၊ ဆန္ဒမဲမပေးဘဲနေရန် တိုက်တွန်းသွေးဆောင်ခြင်း။
(ဂ) ပုဒ်မ ၆၃။ ရွေးကောက်ပွဲနေ့တွင် မဲပေးချိန်အတွင်း မဲရုံမှူး၏ အမိန့်ကိုငြင်းဆန်ပြီး မဲရုံအတွင်းသို့ ဝင်ရောက်ခြင်း။
(ဃ) ပုဒ်မ ၆၄။ ရွေးကောက်ပွဲပြစ်မှုများကို မဟုတ်မမှန် စွပ်စွဲတိုင်တန်းခြင်း တို့ပါဝင်သည်။

လုပ်ပိုင်ခွင့်နှင့်တာဝန်များ

(က) မဲရုံအသီးသီး၌ မဲရုံပြင်ပ မြင်သာသောနေရာများမှနေ၍ လေ့လာ သတင်းရယူနိုင်သည်။
(ခ) ဆန္ဒမဲပေးမှုများကို မဲရုံပြင်ပ မြင်သာသောနေရာများမှ လေ့လာသတင်းရယူနိုင်သည်။ (မဲရုံအတွင်း ဝင်ခွင့်မရှိပါ)
(ဂ) မီဒီယာသမားများသည် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများနှင့် အများပြည်သူတို့ကို လွတ်လပ်စွာ တွေ့ဆုံမေးမြန်း သတင်းရယူခွင့်ရှိသည်။ သို့သော် ဆန္ဒမဲပေးမှုကို အနှောက်အယှက်မဖြစ်စေရ။
(ဃ) မဲရေတွက်ခြင်းကို လေ့လာစောင့်ကြည့်ခွင့်ရှိသည်။ သို့သော် တာဝန်ရှိပုဂ္ဂိုလ်များ၏ တာဝန်ထမ်းဆောင်မှုကို အနှောက်အယှက်မဖြစ်စေရ။
(င) မဲရုံများတွင် လျှို့ဝှက်ဆန္ဒမဲပေးခြင်းကို အနှောက်အယှက်မပြုရ။
(စ) မီဒီယာများအနေဖြင့် ဝါဒစွဲ၊ ပါတီစွဲကင်းပြီး ဘက်လိုက်မှုမရှိရန် လိုအပ်သည်။ နိုင်ငံရေးပါတီတစ်ခုအပေါ်ဖြစ်စေ၊ ကိုယ်စားလှယ်လောင်း တစ်ဦးအပေါ်ဖြစ်စေ ထောက်ခံအားပေးခြင်း၊ ဆန့်ကျင်ကန့်ကွက်ခြင်း ပြုရာရောက်သည့် အပြုအမူမျိုးမပြုလုပ်ရ။
(ဆ) လုံခြုံရေးအရ မီဒီယာများအတွက် ပြန်ကြားရေးဝန်ကြီးဌာနက စိစစ်ရေးကဒ်များထုတ်ပေးမည်။ ၎င်းကဒ်များကို မြင်သာသည့်နေရာတွင် ချိတ်ဆွဲထားပြီး လုံခြုံရေးတာဝန်ခံများက လိုအပ်ချက်အရ စစ်ဆေးမှုကို ကြည်ဖြူစွာခံယူကြရန်လိုအပ်သည်။
(ဇ) မီဒီယာများသည် ဆန္ဒမဲပေးခြင်းစတင်ချိန်မှ မဲပေးခြင်းပြီးဆုံး၍ မဲရေတွက်သည့်အချိန်အထိ လေ့လာနိုင်သည်။
(ဈ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားလိုက်နာရန်နှင့် ရွေးကောက်ပွဲဆိုင်ရာတာဝန်ရှိသူများက ဥပဒေနှင့်အညီသတ်မှတ်ညွှန်ကြားသည့် စည်းကမ်းများကိုလိုက်နာရန် တာဝန်ရှိသည်။
(ည) သက်ဆိုင်ရာက ပြဋ္ဌာန်းထားသည့် လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို တိကျစွာလိုက်နာရမည်။

တားမြစ်ချက်များ

(က) နိုင်ငံရေးပါတီတစ်ခုကိုဖြစ်စေ၊ ကိုယ်စားလှယ်လောင်းတစ်ဦးကိုဖြစ်စေ၊ ထောက်ခံရန် သို့မဟုတ် ကန့်ကွက်ရန် တိုက်တွန်းရာရောက်သည့် ဆွေးနွေးမေးမြန်းမှုမျိုး လုံးဝမပြုလုပ်ရ။
(ခ) နိုင်ငံရေးပါတီတစ်ခုကိုဖြစ်စေ ကိုယ်စားလှယ်လောင်းတစ်ဦးကိုဖြစ်စေ ထောက်ခံ/ကန့်ကွက်ရာရောက်စေသည့် ဝတ်စားဆင်ယင်မှု၊ တံဆိပ်အမှတ်အသား/စာတမ်းအမှတ်အသား/သင်္ကေတတစ်ခုခုကိုအသုံးပြု၍ ဘက်လိုက်မှုမပြုရ။
(ဂ) ရွေးကောက်ပွဲတာဝန်ထမ်းဆောင်နေသည့် ပုဂိ္ဂုလ်/ဝန်ထမ်းအသီးသီး၏ တာဝန်ထမ်းဆောင်မှုကို စွက်ဖက်နှောက်ယှက်ခြင်းမပြုရ။
(ဃ) ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် စာရွက်စာတမ်း၊ စာရင်းဇယားများကိုခွင့်ပြုချက်မရှိဘဲ ကိုင်တွယ်ခြင်း ယူဆောင်ခြင်းမပြုရ။
(င) မဲဆန္ဒရှင်တစ်ဦးချင်း၏ လွတ်လပ်စွာလျှို့ဝှက်ဆန္ဒပေးခြင်းကို နှောက်ယှက်ခြင်းမပြုရ။

လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ ၊ အထက်ဖော်ပြပါ လုပ်ပိုင်ခွင့်နှင့်တာဝန်များ၊ တားမြစ်ချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း၊ ချိုးဖောက်ခြင်းများ ရှိပါက ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လေ့လာ သတင်းရယူခွင့်ကို ရုပ်သိမ်းတားမြစ်သွားမည်။

ပြန်ကြားရေးဝန်ကြီးဌာန။

credit ; http://www.facebook.com/oakkarkoko

2 comments

  • MaMa

    March 30, 2012 at 8:35 am

    (စ) မီဒီယာများအနေဖြင့် ဝါဒစွဲ၊ ပါတီစွဲကင်းပြီး ဘက်လိုက်မှုမရှိရန် လိုအပ်သည်။ နိုင်ငံရေးပါတီတစ်ခုအပေါ်ဖြစ်စေ၊ ကိုယ်စားလှယ်လောင်း တစ်ဦးအပေါ်ဖြစ်စေ ထောက်ခံအားပေးခြင်း၊ ဆန့်ကျင်ကန့်ကွက်ခြင်း ပြုရာရောက်သည့် အပြုအမူမျိုးမပြုလုပ်ရ။
    မှန်ပါတယ်။ မီဒီယာသမားအနေနဲ့ ဘက်လိုက်ခြင်း မရှိပဲ အရောင်အစွဲကင်းမှသာလျှင် သတင်းဖြစ်ပေတော့မပေါ့။
    သို့မဟုတ်ပါပဲ မီဒီယာသမားတွေရဲ့ လိုရာဆွဲ အတွေးအရေးတွေကနေ အတင်းတွေ ဖတ်ရရင်တော့ မနိပ်ဘူး။

Leave a Reply