Facebook အကူအညီဖြင့် သားအမိသုံးဦး ပြန်လည်ဆုံတွေ့

introJune 10, 20101min330

အမေရိကန်နိုင်ငံမှ အမျိုးသမီးတစ်ဦးသည် နှစ်ပေါင်းများစွာ ကွဲကွာနေသည့် သူမ၏ ကလေးများအား Facebook၏ အကူအညီဖြင့် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။ ကယ်လီဖိုးနီယားတောင်ပိုင်း၊ ဆန်တာဘာဘရာတွင် နေထိုင်သည့် အမည်ဖော်ပြခြင်း မရှိသော အဆိုပါ အမျိုးသမီး၏ ခင်ပွန်းဟောင်းသည် (၁၉၉၅)ခုနှစ်က သူမ၏ သားနှင့်သမီးအား ခေါ်ဆောင်ကာ ထွက်ခွာသွားပြီးနောက် ကလေးများနှင့် မိခင်မှာ လုံးဝအဆက်အသွယ် ပြတ်သွားခဲ့သည်။ ထိုစဉ်က ကလေးနှစ်ဦးမှာ အသက်(၂)နှစ်နှင့် (၃)နှစ်သာ ရှိကြသေးသည်။ သူမသည် မတ်လအတွင်းက ဆယ်ကျော်သက်အရွယ် ရောက်နေပြီဖြစ်သည့် သမီးနှင့် အဆက်အသွယ် ရခဲ့သော်လည်း မိန်းကလေးက မိခင်အပေါ် အေးစက်စက် ရှိနေခဲ့ကြောင်း သိရသည်။ နောက်ပိုင်းတွင်မူ ရဲများက ကလေးနှစ်ဦး၏ ဖခင်ဖြစ်သူ ဖူစတီနို ယူထရီယာအား ပြန်ပေးမှု၊ ကလေးများအား အတင်းအကြပ် ချုပ်နှောင်ထိန်းသိမ်းထားမှုများဖြင့် ဖမ်းဆီးထားလိုက်ကြောင်း သိရသည်။ ကလေးများကို ဖလော်ရီဒါရှိ ဆွေမျိုးမတော်စပ်သော မိသားစုများက ဆက်လက်တာဝန်ယူ စောင့်ရှောက်ထားသည်။ ကလေးများနှင့် မိသားစုများ စောင့်ရှောက်ရေးဌာနမှ ကယ်ရီဟုပ်နာက အမျိုးသမီးအနေနှင့် ကလေးများအား နှစ်ပေါင်းများစွာ ခွဲခွာခဲ့ရကြောင်း၊ သို့သော်လည်း ပြန်တွေ့ချိန်တွင် ကလေးများမှာ အခြားမိသားစုဝင်အဖြစ် ရှိနေခြင်းအတွက် မည်သို့ခံစားရမည်ကို နားလည်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း သူမအနေနှင့် ယခုချက်ချင်း ပျော်ရွှင်ဖွယ်ရာ မိသားစု ပြန်လည်တွေ့ဆုံပွဲလေးတစ်ခု ဖြစ်လာရန် မမျှော်လင့်သင့်ကြေင်းလည်း ဟုပ်နာကဆိုသည်။ အမျိုးသမီးသည် ကလေးများအား ပြန်လည်တွေ့ရှိရန် နှစ်ပေါင်းများစွာ နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သော်လည်း ခြေရာခံနိုင်ခဲ့ခြင်း မရှိပေ။ နောက်ဆုံးတွင် သူမသည် အင်တာနက် Social Networkingဝက်ဘ်ဆိုက် အတော်များများမှတဆင့် ကလေးနှစ်ဦးအား ရှာဖွေခဲ့ပြီး နောက်ဆုံးတွင် Facebook၌ တွေ့ရှိခဲ့ခြင်းဟု သိရှိရသည်။

Source: CNet