ဂျာနယ်ပါဆောင်းပါးဖြစ်တဲ့ မကျေနပ်တဲ့ အဖေ့သံ

မိဘတွေက သားဖြစ်သူပြည်ပမှာမို့ အကျိုးအကြောင်းသိရအောင် တစ်လတစ်ခါ ဖုန်းဆက်ပါဆိုတာနဲ့ မိဘများစိတ်ချမ်းသာအောင် ဖုန်းဈေးကြီးပေမဲ့လည်း တစ်လတစ်ခါတော့ ဆက်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ရွာကိုဖုန်းဆက်တော့ အမေဖြစ်သူက ဖုန်းလာကိုင်ပါတယ်။ အရင်ကလည်း အမေဖြစ်သူပဲ သူသားရဲ့ဖုန်းလာရင် သူပဲကိုင်ပြောနေကြပါ။ ဒါပေမဲ့ ခုတစ်ခါကျတော့ မကျေနပ်သံတွေဖြစ်နေတဲ့ ဖခင်ဖြစ်သူက ဖုန်းကိုသူလည်းပြောမယ်ဆိုပြီး ဒီလိုလေး မကျေနပ်သံ အဖေ့သံကို ကြားလိုက်ရပါတယ်။

သားရေတဲ့။ ဗုဒ္ဓဘာသာဝင်သားသမီးတိုင်းဟာ ဖခင်ဖြစ်သူကို အနန္တဂိုဏ်းဝင် ကျေးဇူးရှင်၊ အမေကမွေး၊ အဖေကကျွေးတဲ့ ကျွေးဖခင်ဆိုပြီး အဖေ့တို့ကို ဂုဏ်ပုဒ်တွေ အများကြီးနဲ့ ပြောဆိုသတ်မှတ်နေကြတာကို အဖေအပါဝင် ဖခင်ဖြစ်သူတိုင်း ကြားသိနေရပါတယ်။ ဒါပေမဲ့ အဲဒီစကားဟာ သားတို့သားသမီးတွေရဲ့ ရင်ထဲက လှိုက်လှိုက်လှဲလှဲလာတဲ့စကားလား၊ ဒါမှမဟုတ် သူများပြောလို့ လိုက်ပြောနေကြတာလား။ အဖေကတော့ သားတို့သားသမီးတွေ လက်လွတ်စပယ် ပြောဆိုဂုဏ်ပြုတဲ့စကားပဲလို့ ထင်မိတယ်။

ဘာဖြစ်လို့ အဖေဒီလိုပြောရတာလဲဆိုတော့ သားတို့ပြောတဲ့ ဒီစကားတွေဟာ ဖခင်ဖြစ်တာနဲ့ အလိုလိုတွဲဖက်ပါလာတယ်ဆိုတာ အဖေသိပါတယ်။ ဒါပေမဲ့ အဖေဟာ ဒီတာဝန်ကိုကျေပွန်အောင်ဆိုတဲ့ စိတ်နဲ့ သားတို့ကို ပြုစုလုပ်ကိုင်ကျွေးမွေးနေတာ မဟုတ်ပါဘူး။ အဖေ့ရင်ထဲမှာ သားတို့မွေးလာပြီးဆိုကတည်းက သားတို့အပေါ်ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ သားတို့ကို အဖေတက်နိုင်သမျှ လိုလေစိတ်မရှိအောင် ပြုစုလုပ်ကိုင်ကျွေးမွေးပေးခဲ့ပါတယ်။ ဒါဟာ အဖေ့ရင်ထဲက တကယ်ခံစားချက်ပါ။

ဒါကို သားတို့က မသိနားမလည်တာလား၊ မိခင်ဖြစ်သူကပဲ ဖခင်ဖြစ်သူထက် သားတို့အပေါ် ပိုမိုချစ်ခင်တယ်လို့ သားတို့က ထင်နေတာလား၊ အဖေကပဲ သားတို့ကို မိခင်လောက် ချစ်မပြနိုင်လို့လား။ အဖေက သားတို့ကို မိခင်လောက်တော့ ဘယ်ချစ်ပြနိုင်မလဲ။ အဖေက ယောက်ျားသားလေ။ မိခင်မိန်းမသားတွေလောက်တော့ သားတို့အပေါ် နွဲ့နွဲ့နှောင်းနှောင်း ဘယ်ချစ်ပြနိုင်မလဲ။ ဒါဟာ လည်း ယောက်ျားလေးနဲ့ မိန်းကလေးတို့ရဲ့ သဘာဝကွာဟချက်မို့ အပြစ်မမြင်သင့်ပါဘူး။ နောက်ပြီး မိခင်နဲ့ဖခင်မှာ ဖခင်ကပဲ အိမ်မှာမနေရဘဲ အပြင်ကိုအလုပ်ထွက်လုပ်ရတာ များတယ်လေ။ ဒါကြောင့် အိမ်မှာအဖေတို့ထက် နေခွင့်ရှိတဲ့ မိခင်က သားတို့ကို ပိုမိုပြုစုချစ်ခင်မြတ်နိုးနိုင်တာပေါ့။ ဒါပေမဲ့ သားတို့ သိထားရမှာက အဖေဟာ မိခင်ဖြစ်သူလို သားတို့နဲ့အနီးကပ် ပြုစုယုယချစ်မပြနိုင်ပေမဲ့ အဖေသားတို့အပေါ် ချစ်တဲ့အချစ်မေတ္တာ သံယောဇဉ်ဟာ မိခင်ဖြစ်သူထက်တော့ မလျှော့သလို မိခင်လိုပဲ သားတို့ကို လွမ်းတယ်ဆိုတာတော့ သိထားသင့်ပါတယ်။

ဒီလို အဖေဖြစ်သူမှာလည်း သားတို့အပေါ် လွမ်းမှု၊ ချစ်ခင်မှုတွေ တူညီမှုရှိနေတာကို သားတို့သိမယ်ဆိုရင် အမေဖြစ်သူကို သားတို့ စကားပြောသလို အဖေဖြစ်တဲ့ ငါ့ကိုလည်း စကားပြောဖို့၊ သားရဲ့အကျိုး အကြောင်းပြောဖို့၊ အမှတ်ရဖို့၊ သတိရဖို့တွေ ပြောသင့်တာပေါ့။ အော်-အဖေကသာ သားတို့အပေါ်ကို ချစ်ခြင်းမေတ္တာတွေ ရင်ထဲမှာ မဖော်ပြနိုင်အောင်ဖြစ်နေတာကို မျိုးသိမ့်ထားရပေမဲ့ သားတို့ကတော့ အဖေဖြစ်သူကို မိခင်ဖြစ်သူလောက် ချစ်ခင်မှုမရှိတာ၊ သတိရမှုမရှိတာ၊ လွမ်းဆွတ်မှုမရှိတာ၊ စကားပြောပေးမှုမရှိတာကို အဖေသိမြင်ရတဲ့အခါတိုင်း ဝမ်းနည်းမှုတွေ ဖြစ်နေတယ်ဆိုတာ သားသိရဲ့လား။ ဒါတွေကို အဖေက သားကို မချစ်ခင်လို့၊ အပြစ်မြင်လို့ပြောတာမဟုတ်ပါဘူး။ အဖေ့ရင်ထဲက ခံစားချက်တွေကို မအောင့်နိုင်တော့လို့ သားသိအောင် အဖေပြောပြတာပါ သားရယ်။

ဒါနဲ့ အဖေ့ဖြစ်သူက သူရဲ့မကျေနပ်သံတွေကို ပြောပြပြီးတဲ့အခါ သားဖြစ်သူကလည်း အဖေ့ကို ပြန်ပြောပြ လိုက်ပါတယ်။ အဖေရေ သားလည်း အဖေ့ကို အမေနည်းတူ ချစ်ခင်လွမ်းဆွတ်မှုတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖုန်းဆက်တဲ့အခါမှာတော့ အမေဖြစ်သူက မိန်းမသားမို့ အားနွဲ့တတ်သူပီပီ လွမ်းဆွတ်မှုကို ထိန်းသိမ်းထားမှုအားနည်းတတ်တာကြောင့် အမေဖုန်းလာပြောရင် သားက အမေ့ကိုပဲ သားရဲ့အကျိုးအကြောင်းတွေကို အကုန်ပြောပြလိုက် ရတာပါ။ နောက်ပြီး သားအမေကိုပြောတဲ့စကားကို အဖေ့ဆီကိုလည်း ရောက်မယ်ဆိုတာ သားသိတဲ့အတွက် အဖေ့ကို ဖုန်းပြောဖို့ရန် တကူးတက မခေါ်မိတာပါ အဖေ။ သားအဖေတို့ဆီရောက်ရင် မိဘနှစ်ပါးလုံးကို သားတန်းတူချစ်တယ်၊ မိဘနှစ်ပါးလုံးရဲ့စကားကို သားနားထောင်တယ်ဆိုတာ အဖေသိမှာပါ။

ခုလည်း သားအဖေတို့ရဲ့ မိဘကျေးဇူးကို ဆပ်ချင်တဲ့အတွက် အဖေတို့ဖြစ်စေချင်တဲ့ သာသနာ့ဘောင်မှာ ပညာတတ်သာသနာပြုရဟန်းတော်တစ်ပါးဖြစ်အောင် သားလုပ်နေတာပဲ အဖေ။ သားဘဝများစွာမှာ မိဘကျေးဇူးကို ကျေပွန်အောင်မဆပ်နိုင်ခဲ့တာ များမယ်ဆိုတာ မျက်မှောက်အသိဉာဏ်ရှိတဲ့ လူသားဖြစ်တဲ့ ဘဝနဲ့နှိုင်းယှဉ်ကြည့်ရင်ပင် သိနိုင်ပါတယ်။ မျက်မှောက် အသိဉာဏ်ရှိတဲ့ လူသားများကိုကြည့်လိုက်ရင် မိဘကျေးဇူးမဆပ်တဲ့လူတွေ၊ မဆပ်နိုင်တဲ့လူတွေ အများကြီးရှိတယ်။ ဒါကိုကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ဘဝများစွာမှာ မိဘကျေးဇူးကျေခဲ့တဲ့လူဆိုတာ အလွန်နည်းပါးလိမ့်မယ်ဆိုတာ သိနိုင်ပါတယ်။ ဒါကြောင့် သားကတော့ ဒီဘဝမှာ မိဘကျေးဇူးကို ကျေပွန်အောင်ဆပ်မယ်ဆိုပြီး အဖေတို့ ဖြစ်စေချင်တာ ကိုဖြစ်မြောက်အောင် လုပ်နေတာပါအဖေ။ ဒီလောက်ဆို သားရဲ့ အဖေတို့မိဘအပေါ်ထားတဲ့ စေတနာ ချစ်ခြင်းကျေးဇူးသိတတ်ပုံတွေကို အဖေသိမယ်ထင်ပါတယ်။

ဒါနဲ့ အဖေရော တစ်ခါတလေ ရွာမှာသောက်လေ့ရှိတဲ့ ထန်ရည်ကို သောက်ဖြစ်သေးလား။ အဲဒါကိုလည်း အဖေမသောက်ဖြစ်အောင် ရှောင်ကြဉ်ပါလို့ သားပြောချင်တယ် အဖေ။ ဘာဖြစ်လို့လဲဆိုတော့ အဖေပဲ စဉ်းစားကြည့်လေ၊ သားဖြစ်သူက အများအကျိုး သယ်ပိုးနေတဲ့ ရဟန်းတစ်ပါး၊ လူတကာကို လူကောင်းတစ်ယောက်ဖြစ်အောင် လမ်းညွှန်ဆုံးမပေးနေတဲ့ ရဟန်းဖြစ်ပြီး ဖခင်ဖြစ်သူက လူကောင်း မဖြစ်သေးဘဲ မကောင်းတဲ့အရည်ကို တစ်ခါတလေ သောက်နေတာ သူများမြင်ရင် ဘယ်လိုထင်ကြ မလဲ။ အော်-သားဖြစ်သူက လူတကာကိုသာ ဆုံးမနေတာ၊ ကိုယ့်အဖေမကောင်းတာလုပ်နေတာကျတော့ မဆုံးမနိုင်၊ လမ်းညွှန်မပေးနိုင်ပါလားဆိုပြီး သားရောအဖေပါ သိက္ခာကျစေတဲ့ စကားတွေ ပေါ်လာနိုင်တယ် အဖေ။ အဲဒါကြောင့် အဖေ မကောင်းတဲ့ထန်ရည်ကိုလည်း တစ်ခါမှ မသောက်ဖြစ်အောင် ရှောင်ကြဉ်ပေးပါနော် အဖေ။

စကားဆက်စပ်မိတာနဲ့ တချို့သောလူမိုက်တွေကို လူကောင်းကဆုံးမရင်မရဘဲ သူတို့ထက်ဆိုးတဲ့လူက ဆုံးမမှရတဲ့ ဇာတ်လမ်းလေးတစ်ခု ပြောပြပါဦးမယ်။ တစ်ခါက အရက်အလွန်သောက်တဲ့ သူဌေးတစ်ယောက်ရှိခဲ့ပါတယ်။ သူဟာ စီးပွားရေးလုပ်ငန်းရှင်မို့ လုပ်ငန်းရှင်အချင်းချင်း ပွဲလမ်းတွေ ဂုဏ်ပြုပေးရင်းနဲ့ သူငယ်ချင်းမကောင်းသူများရဲ့ တိုက်တွန်းပေးမှုကြောင့် အရက်၊ ဘီယာတွေကို စွဲလန်းသွားခဲ့ပါတယ်။ ဒါနဲ့ မိခင်ဖြစ်သူက သူသားကို အရက်ပြတ်အောင်ဆိုပြီး ဒုလ္လဘရဟန်း ဝတ်ခိုင်းခဲ့ပါ တယ်။ သူဒုလ္လဘဝတ်တဲ့ကျောင်းဆရာတော်ကလည်း သူ့ကို အရက်မသောက်အောင် အမျိုးမျိုး ဆုံးမဩဝါဒတွေပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီသူဌေးဟာ လူဘောင်ပြန်ရောက်တဲ့အခါမှာ အရက်ကိုပြန်သောက်ပြန်ပါသတဲ့။ မိခင်ဖြစ်သူလည်း ဘယ်လိုမှ ဆုံးမပြောဆိုလို့မရတာနဲ့ သားဖြစ်သူကို လက်လွတ်အရှုံးပေးခဲ့ရပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာတော့ သူ့ကိုဆုံးမမဲ့လူ ရောက်လာပါတယ်။ သူဌေးဟာ နဂိုလိုပုံမှန်အတိုင်း စီးပွားရေးသမားများစုပေါင်းပြီး ဂုဏ်ပြုပွဲလုပ်ရင်း စားသောက်ဆိုင်တစ်ခုမှာ စားသောက်နေကြတဲ့အခါ သူတို့စားပွဲနဲ့မနီးမနားကနေ အရူးတစ်ယောက်က ဖြတ်သွားပါတယ်။ ဒါနဲ့ သူဌေးဖြစ်သူက မူးမူးနဲ့ အရူးကို ဟေ့-အရူး လာကွာ။ မင့်ကို ငါတို့ အရက်လည်းတိုက်မယ်၊ အမြည်းရောကျွေးမယ်ဆိုပြီး လှမ်းခေါ်လိုက်ပါတယ်။ အဲဒီအခါ အရူးဖြစ်သူက တော်ပါပြီးကွာ၊ ငါ့မှာ အရင်ဘဝက အမူးတောင်မပြေသေးဘူး။ နောက်ထပ် မမူးပါရစေနဲ့လို့ ပြန်ပြောလိုက်ပါတယ်တဲ့။ အရူးပြောတဲ့စကားရဲ့ ဆိုလိုရင်းက သူဟာ အရင်ဘဝတွေက အခုလို မူးယစ်စေတဲ့ အရက်စတာတွေကို သောက်သုံးမိခဲ့တဲ့အတွက် အဲဒီအကျိုးဆက်ရဲ့ဓာတ်သဘာဝကြောင့် အခုလူဖြစ်တဲ့ဘဝမှာ ဦးနှောက်ကြည်လင်မှုမဖြစ်ဘဲ ဦးနှောက်မကောင်းတဲ့ အရူးဘဝကို ရောက်နေရတာ။ ဒါကြောင့် နောက်နောင်မှာတော့ ဒီလိုအဖြစ်မျိုးမဖြစ်အောင် ရှောင်ကြဉ်မယ် ဆိုတာကို ပြောလိုက်တာပါ။

ဒီစကားကို သူဌေးဖြစ်သူလည်းကြားရော သတိသံဝေဂတွေရပြီး ငါလည်း သူလို နောက်နောင်ဘဝတွေမှာ ခုလို မူးယစ်စေတာတွေကိုသောက်နေမယ်ဆိုရင် ဦးနှောက် မကြည်လင်မှုအကျိုးဆက်ဓာတ် သဘာဝကြောင့် အရူးဖြစ်မှာ သေချာတယ်။ အဲဒီတော့ ငါ နောက်နောင်ဘဝတွေမှာ အရူးတော့ အဖြစ်မခံနိုင်ဘူး။ ဒါကြောင့် ယခုအချိန်ကစပြီး အရက်တွေကို မသောက်တော့ဘူးလို့ စိတ်ဆုံးဖြတ်ချကာ အရက်ပျက်သွားပါတယ်တဲ့။ ဒါဟာ မကောင်းတဲ့လူကို သူထက်မကောင်းတဲ့လူက ဆုံးမပေးလိုက်တာကြောင့် အသိတရားရသွားတာပါ။

ခုလည်း သားက အဖေ့ကို မကောင်းတာတွေမလုပ်ခိုင်းတာဟာ အဖေ့ရဲ့ သံသရာအတွက်ရော၊ မျက်မှောက်အတွက်ရော ကောင်းစားစေချင်တဲ့အပြင် သားရဲ့အဖေတို့မိဘအပေါ် ကျေးဇူးဆပ်ချင် လို့ ပြုလုပ်ဆောင်ရွက်ပေးနေတဲ့ သားရဲ့လမ်းခရီးမှာလည်း အနှောက်အယှက် မရှိအောင် အဖေကို ခုလိုပြောရခြင်း ဖြစ်ပါတယ် အဖေ။ ဒီလောက်ဆို သားရဲ့ အဖေ့ကို ချစ်ခင်မှု၊ လွမ်းဆွတ်သတိရမှု၊ မိဘကျေးဇူးသိတတ်မှုတွေကို အဖေသိလောက်ပါပြီနော်။ ဒါတွေ အားလုံးဟာ သားရင်ထဲကလာတဲ့ စကားတွေပါ အဖေ။ ဒါကြောင့် အဖေမကျေနပ်ဖြစ်နေတဲ့ အဖေရင်ထဲက ခံစားချက်တွေကို သားရင်ထဲက ခံစားချက်နဲ့ပြန်လည်ချေပလိုက်တဲ့အခါ အဖေရင်ထဲမှာ ပေါ့ပါးသွားပြီး အဖေစိတ်ကျေနပ်မှုရှိလိမ့်မယ်လို့ သား မျှော်လင့်ပါတယ် အဖေ။

သားဖြစ်သူက အခုလို ပြန်ပြောပြလိုက်တော့လည်း အဖေဖြစ်သူဟာ သူရဲ့ မကျေနပ်သံတွေကို အဝေးလွင့်အောင်ပြောဆိုပေးလို့ သားရဲ့ချစ်ခင်မှု၊ သတိရမှု၊ ကျေးဇူး သိတတ်မှုတွေကို ရင်ထဲမှာ သိမ်းထားရင်း သားရဲ့ဂုဏ်ပုဒ်ကို ထိခိုက်မှာဆိုးတာရယ်၊ သူ့ကျေးဇူးကိုဆပ်တဲ့အနေနဲ့ သူဖြစ်ချင်တာကို ပြုလုပ်ပေးနေတဲ့ သားရဟန်းစကားနားထောင်ပြီး မကောင်းမှုတွေကို ရှောင်ကြဉ် သွားပြီးဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။

စာဖတ်သူအားလုံးလည်း မိဘကျေးဇူးကိုသိတတ်ပြီး မိဘကျေးဇူးဆပ်နိုင်ကြတဲ့အပြင် မကောင်းမှု မှ ရှောင်ကြဉ်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း အဖေနဲ့သားတို့ရဲ့ စကားပြောခန်းလေးကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါရစေ။

ဂျာနယ်ကို Download ဆွဲဖတ်ချင်ရင်တော့ http://minus.com/m0zUnqp1P/3 ကို နှိပ်ပြီး Download ဆွဲ ဖတ်ကြပါလေ။

3 comments

  • kyeemite

    March 30, 2012 at 9:56 am

    အင်မတန်အဖိုးတန်တဲ့ဆောင်းပါးလေးပါဘုရား

  • gabar

    March 30, 2012 at 10:35 am

    သာဓု သာဓု သာဓု ပါဘုရား

  • shwe kyi

    March 30, 2012 at 10:53 pm

    ရွှေကြည် ဖတ်ရင်းနဲ့ အဖေ့ကိုသတိရမိပါတယ်။ ရွှေကြည် လည်းအိမ်ကိုဖုန်းဆက်ရင်အမေနဲ့
    ပြောဖြစ်တာများပါတယ်။ အဖေ ရဲ့ သတင်းကိုအမေဆီကပဲမေးပြီး တကူးတကခေါ်မပြောဖြစ်ပါဘူး။
    အဖေ ဖုန်းထူးမှသာအဖေနဲ့ ခဏ ပြောဖြစ်ပါတယ် ပြီးရင်အမေ နဲ့ ပဲဆက်ပြောတာပါ။
    ရွှေကြည် ရဲ့အဖေလည်း အဲဒီလိုပဲခံစားနေရမယ်ထင်တယ်နော်။
    အရှင်ဘုရားကျေးဇူးပါဘုရား။ တပည့်တော်မ ဆင်ခြင်စရာတခုကိုထပ်တွေ့ရပြန်ပါပြီဘုရား။
    သာဓု လည်းခေါ်ပါတယ်ဘုရား။

Leave a Reply