`အိပ်မက်၏အခြားတစ်ဖက်မှ အချက်အလက်များ´

ဇာတ်ကြောင်းပြန်သီချင်း

ထိုစဉ်က မြို့လေးရဲ့ လက်ဖျံရိုးတွေပေါ်မှာ ကဗျာထမ်းလမ်းလျှောက် ဟု အများက သမုတ်ခံရသည့် အနံကြီးကွင်းကျယ်တစ်ကောင် ရှိခဲ့ပါသည်။ သူသည် ဘုံဆန်သော လူသားနယ်ပယ်တွင် ဆိုးရွားသော နတ်သူငယ် တစ်ကောင်ဖြစ်သည်။ ဝေဒနာတွေကို ရင်ထဲမှာ တနင့်တပိုး ထိုးသိပ်ကာ သီချင်းတအေးအေးဖြင့် နေထိုင်တတ်ပြီး ဘဝမီး ကို ငပွကြီး လုပ်ကာ ရင်ဆိုင်တတ်သူလည်း ဖြစ်သည်။

သူသည် တပါးလူ၏ စကားဟူသမျှကို ခေါင်းတညိတ်ညိတ်နှင့် နာခံတတ်ပြီး၊ မျက်ကွယ်တွင်မူ ဝါဒဟူသမျှ ခဝါချပစ်တတ်သည့် လူတေလူရွဲ့တစ်ဦးလည်း ဖြစ်သည်။ သူ့မှာ ရည်းစား ရ ယောက် ရှိခဲ့ဖူးပြီး အားလုံးကို သူကချည်းချန်ရစ်ခဲ့တာဖြစ်သည်။ သူတစ်ဦး၏ စိတ်နာကျည်းမှုကို သူဂရုမထားသလို သူကလည်း မည်သူ့ကိုမှ စိတ်မနာတတ်ခဲ့ပေ။

ဒီအသက်အရွယ်အထိ ရန်ပွဲတစ်ပွဲမှ မနွှဲဘူးသော်လည်း သူသည် ပတ်ဝန်းကျင်နှင့် ယဉ်ပါးနေသော လူမိုက်တစ်ဦးပင်။ ထိုမိုက်ဂုဏ်နှင့်ပင် မြို့လေးတွင် မည်သူမှ ယောင်လို့မဟမိသည့် ကဗျာဆရာအလုပ်ကို သူရယ်ရယ်မောမော ရွေးချယ်လိုက်သည်။ သူ့တွင်ရှိသော ဘာဂျာအိုလေးတစ်လက်နှင့် မြို့လေး၏ ဆောင်းညတွေကို သိမ်းယူနိုင်ခဲ့သည်။

သူသည် လမင်းကြီး၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်သည်။ နံနက်ခင်းများ၏ အရှင်သခင်ဖြစ်သည်။ အချိန်မရွေးထပေါက်ကွဲနိုင်သော မီးတောင်တစ်လုံးဖြစ်သည်။ ဝေဒနာတို့၏ နားခိုရာတစ်ခုဖြစ်ကြောင်းလည်း သူ့ကိုယ်သူ ပြန်ပြောပြတတ်လေ့ရှိသည်။သူအနှစ်သက်ဆုံးပန်းမှာ စံပယ်ဖြစ်ပြီး သူအမြတ်နိုးဆုံးမှာ သဇင်ဖြစ်လေ သည်။

ပင်လယ်၏ ညနေခင်းများအောက်မှာ သူ့ရည်မှန်းချက်တွေ လျှမ်းလျှမ်းတောက် ဖူးပွင့်ခဲ့ကြသည်။ သူ့အနာဂတ်၏ မီးအိမ်ကို သူကိုယ်တိုင် မီးခတ်ထွန်းညှိလိုက်သည်။ တဖျောဖျောလွင့်စဉ် ရိုက်ခတ်လာသော သဲပွင့်မှုန်များကြားမှာ သူအရိုင်းဆန်စွာ ကြွေးကြော်ကခုန်သည်။ မျက်ရည်စက်တို့ တစ်ပေါက်ပေါက်။

နွေဦး၏ သစ္စာပန်းများ လှိုင်လှိုင်ဝေပွင့်ကြပါစေ…။ လူတို့ စိုက်ပျိုးသော စပါးခင်းများ ဖြစ်ထွန်းအောင်မြင်ပါစေ…။ မိုးခါးမိုးသည် ဒေသနာတော်နှင့်အညီ သွန်းဖြိုးနိုင်ပါစေသတည်း…

ထိုသို့ဖြင့် ကြယ်တို့လည်း ကြွေ၏။ စံပယ်တို့လည်း ဝေ၏။ အတိတ်ပုံရိပ်တို့ အတုံးအရုံး သေကုန်ကြ၏။ အနုပညာ သွေးစက်တို့သည် နှလုံးသားထဲမှ တစိမ့်စိမ့် ဖတ်လျှံယိုကျခဲ့ပြီ။

အိပ်မက်များ ရှင်သန်ချိန် ရောက်ပါတော့မည်။

အမေလွမ်းတဲ့ ထမင်းဝိုင်း

ဆေးပေါ့လိပ်တစ်လိပ်ရဲ့ နောက်ဆုံးဈာပနအား လိုက်ပါပို့ဆောင်အပြီးမှာ ကြုံလှီဖျော့တော့စွာ ကျွန်တော်ယိုင်လဲသွား၏။ မဖြည့်တင်းရသေးတဲ့ အစာအိမ်ကို အပြင်ဖက်မှ လက်ဖြင့် ပွတ်သပ်ချော့မြူကာ ကျွန်တော်ငိုင်နေမိသည်။ အမေ့အိမ်ကို လွမ်းလှပါသည်။

မနီးမဝေးရှိ လက်ဖက်ရည်ဆိုင်မှ ထုတ်လွှင့်လိုက်သော ရနံ့တစ်ခုနှင့်အတူ ရဲလေး၏ သီချင်းတစ်စ ကပ်ပါလာ၏။

“ငါရှိနေသရွေ့ သားသုံးယောက် မငတ်စေရဘူး´´

အမေ့အိမ်ကို လူရော အစာအိမ်ပါ လွမ်းလှသည်။

တစ်ချိန်က ကျွန်တော်ဆင်နွှဲခွင့်ရခဲ့သော အမေ့ရဲ့ထမင်းဝိုင်းများ ထိုထမင်းဝိုင်းထဲမှ အဖေသည် နှုတ်မဆက်ဘဲ ပထမဆုံး ထွက်ခွာသွားခဲ့သည်။ အဖေနှင့် ကျွန်တော် ဦးတည်ရာလမ်းချင်း မတူသော်လည်း ထမင်းဝိုင်းလေးကို မျက်ရည်တွေကြား ထားရစ်ခဲ့ကြသူများဖြစ်သည်။ အားနွဲ့သောအိမ်အိုလေးတစ်လုံးထဲတွင် သားငယ်နှစ်ဦးနှင့်အတူ အမေကျန်ရစ်ခဲ့သည်။

ထိုစဉ်က ပင်လယ်စပ်နား မြို့တစ်မြို့အတွင်းက ကျွန်တော့အနာဂတ်များကို အမေခူးခပ် ကျွေးမွေးခဲ့သည်။ လိုလေသေးမရှိသော ဆယ့်ကိုးနှစ်လုံးလုံး ကျွန်တော်တေခဲ့ပေခဲ့သည်။ အမေ့၏ ချိုမြိန်သော အပြုံးများနှင့် ကျွန်တော့အိပ်မက်တွေ ဝဝလင်လင်ရှိခဲ့ကြောင်း ပြန်လည်သတိရမိသည်။ ခြံထဲက စံပယ်ရုံကလေးကတော့ အမေ့မေတ္တာနှင့် နွေးထွေးနေဦးမှာပင်…။

အခုတော့ သားလူမိုက်ကဗျာဆရာ မြို့ပြကြီးအလယ်မှာ သမင်လိုလို ယုန်လိုလို ဘာလိုလို ညာလိုလို အရာအားလုံးကို လိုနေတတ်ခဲ့ပြီ။ အမေ့အိမ်ကို လွမ်းလှပါသည်။

အမေသည် ထမင်းစားပွဲမှ ကွက်လပ်လေးတွေကို လွမ်းမောနေပါလိမ့်မည်။ ယခုအချိန်မှာ ထမင်းဝိုင်းကလေးအား အမေရော ကျွန်တော်ပါ ခံစားချက်ကိုယ်စီနှင့် လွမ်းနေမှာ သေချာလှပါသည်။

အနားရှိ ဆေးပေါ့လိပ်တစ်လိပ်ကို ကောက်ယူကာ ထပ်မံမီးရှို့ သတ်ပစ်လိုက်သည်။

အလွမ်းစိတ်က မသေ…။

ပွင့်ဖတ်တစ်ချပ်စာ

ဝေးကွာမှုအတွင်း တိမ်မြုပ်နေသော ထူးတည့်အံ့ဖွယ်ရာ မေတ္တာတရားများ…။ကျွန်တော့ အာရုံကြောမကြီး အတွင်း ဆူပွက်နေသော အိမ်မပြန်အလွမ်းတစ်ချို့ ရေနစ်စပြုခဲ့ပြီ။ ကောက်ရိုးတစ်မျှင်လောက်သော်မျှ သဘောထားမကြီးနိုင်သော သူမရဲ့စိမ်းကားမှုတွေအပေါ် နင့်နင့်သီးသီး တပ်ဆုတ်ပေးခဲ့ပါသည်။ သူမ၏ သရဖူကို ငေးရင်း မောရင်း…ခြေကျင်းတစ်ခုစာမျှ မလင်းပနိုင်ခဲ့သောဘဝကို ကျွန်တော်ရွံ့မုန်း၊ ပြုံးတတ်ခဲ့သည်။

ကျွန်တော် အံကြိတ်အပြုံးများနှင့်ပင် သူမ၏ ပျော်ရွှင်မှုပါတီကို ကျင်းပပေးလိုက်ပါသည်။

ကိုယ်သင်းရနံ့တို့ရဲ့ တမန်တော်ရေ….

ကျွန်တော့် ဆက်တင်တွေ ပြိုလဲခဲ့…

ကျွန်တော့် လက်မတွေ ကွေးညွတ်သွားခဲ့…

ကျယ်လောင်သော သူမအကြည့်အောက်မှာ ကျွန်တော့်နှုတ်ခမ်းတွေ ဆွံ့အခဲ့ရ။

သူမ…မကြားလိုက်ရသောချစ်စကားယဲ့ယဲ့တစ်ခွန်း…ကမ္ဘာကြီးထဲကို ရောက်လာခဲ့သည်မှာ စံပယ်သုံးနှစ် လွန်ခဲ့ပြီ…။

ဒီလိုနှင့်ပင်…  တိတ်တခိုး ဟူသော အသုံးအနှုန်းကို ကျွန်တော်… ယုံကြည်သက်ဝင်ခဲ့ရတော့သည်။

တိတ်တခိုး

အိပ်မက်တစ်ချို့ရဲ့ အထွတ်အထိပ်မှာ

နတ်သမီးလေးကို ရှာတွေ့နိုင်မယ် ထင်ပါရဲ့။

သူ… ပိုင်စိုးခဲ့ နှလုံးသားထဲ

စွဲလမ်းမှုတို့ အသချေင်္။

သိသွားခဲ့ရင်ကော?

ခွင့်လွှတ်ပါကွယ်…

ချစ်တာ တစ်ခုတည်းကိုပဲ

သိမ်းဆည်းထားမိတယ်။   ။

မမဖြိုးနှင့် သူမ၏မိုး

မမဖြိုးအတွက် စံပယ်ညိုလေးများ…။ ဒိုင်ယာရီကြားတိတ်တဆိတ် အိပ်မောကျ။ ရစ်သမ်ကျကျ ရွာသွန်းနေသော မိုးရေထဲတွင် လက်တစ်ဘက်က ထီးကိုကိုင် ကျန်လက်တစ်ဘက်က လုံချည်စကို အသာမကာ ခပ်ရွရွကလေး လမ်းလျှောက်လာသော ကောင်မလေးတစ်ဦးသည် ကျွန်တော့နှလုံးသားတစ်စအား လက်သည်းချွန်ချွန်နှင့် ကုတ်ဖဲ့ဆွဲနှုတ်ယူသွားခဲ့။

ချစ်သော မမဖြိုး…။ မျက်ဝန်းနက်နက်တွေ လှမ်းလှမ်းပစ်တတ်သော မမဖြိုး…။ မရိုးတဲ့ အချစ်တွေက…ခဏခဏနှစ်ပတ်လည်ကြ။

မှတ်မှတ်ရရ…မမဖြိုးကို စတွေ့ခဲ့တာ၊ ကျွန်တော့တို့မြို့၏ တစ်ခုတည်းကျန်တော့သော ရုပ်ရှင်ရုံလေးထဲမှာ ဖြစ်သည်။ သူတို့ထိုင်ခုံက ကျွန်တော်တို့နှင့် မလှမ်းမကမ်းတွင်ဖြစ်၏။ ထိုစဉ်က သူမမှာ အတွဲနှင့်ဟုထင်သည်။ အမှတ်တမဲ့ပင် ဖြစ်၏။ ထိုမှ…အမှတ်တရ ဖြစ်လေသောအခါ…

သူမကို ကျွန်တော် လွယ်ကူရိုးရှင်းစွာ ချစ်မိသွားပါသည်။ သူမသည် ကျွန်တော်တစ်ဖက်သတ် ငေးမောရသော ငွေလမင်း၊ အမြတ်နိုးဆုံး ကဗျာတစ်ပုဒ်။ ဖြူလွလွ စံပယ်တစ်ပွင့်။ ချစ်စရာ့ ယုန်မလေး။

ကျွန်တော်သည် မမဖြိုးနှင့် စကားတစ်ခွန်းတစ်လေသော်မျှ မပြောဖူးခဲ့ပါ။ တစ်ကြိမ်လောက်တော့ သူမနှင့် မျက်နှာချင်းဆိုင် စကားတစ်ခွန်းလောက် ပြောချင်ပါသည်။ ထိုစကားမှာ ချစ်တယ်မှ လွဲ၍ အခြားမဖြစ်နိုင်ပါ။ လုံလောက်ပါလိမ့်မည်။

ကျွန်တော်မကြိုးစားခဲ့သော ဘာသာရပ်များတွင် သူမအကြောင်း ဘာသာရပ်ကတော့ အခက်ခဲဆုံးဖြစ်ပါသည်။ ခိုးချလို့လည်းမရပါ။ ဆပ်ပလီလည်းမရှိသဖြင့် စာမေးပွဲခန်းအတွင်းသို့ ကျွန်တော် မဝင်ဖြစ်တော့ပါ။ သို့နှင့်…

ကဗျာလေးတစ်ပုဒ်ရှိခဲ့။ စက်ဘီးအိုလေး တစ်စီးရှိခဲ့။ စံပယ်ပန်းခြောက်လေးတွေ ရှိခဲ့။ ရုပ်ရှင်ရုံလေးရှိခဲ့။ လက်ဖက်ရည်ဆိုင်လေးရှိခဲ့။ ပိန်ညှက်ညှက်ကောင်လေးတစ်ဦးရှိခဲ့။ ဗိုလ်ချုပ်လမ်းက မိုးစက်တွေရှိခဲ့။ ကဗျာဆရာကို အထင်မကြီးတတ်သော ကောင်မလေးတစ်ဦးရှိခဲ့။ တကယ်ရှိခဲ့ကြ။

သူမနှင့်ဝေးရာ လွင့်ပါးသွားခဲ့သူအပေါ် မမဖြိုးစိတ်ချမ်းသာနိုင်ပါစေ။ ညနေခင်းတစ်ချို့ကိုလွမ်းဆွတ်ရင်း ကျွန်တော်ရွာချပစ်လိုက်သည်။ သည်းသည်းမည်းမည်း။

ကာလကြာမြင့်လာသည်နှင့်အမျှ မမဖြိုးသည် ကောင်လေးတစ်ဦးအား မိုးနှင့်အတူ ပျော်ရွှင်စွာ မေ့လျော့သွားပေလိမ့်။

နတ်ဆိုးမတွေ့တဲ့ ဂီတ

(က) နတ်ဆိုးသည် သူ၏ စစ်သည်တော်များဖြင့် ငါ့အားဝိုင်းရံပိတ်ဆို့ လိုက်ကြလေပြီ။

ကဗျာတရားကို ဆုပ်ကိုင်။ နတ်ဆိုးကို ငါနိုင်ပါ့မလား…။

သေမင်း၏ ရှေ့တော်ပြေးတို့သည် ခွင့်မလွှတ်နိုင်ဖွယ် အမှားများကို ကျူးလွန်ကြကုန်၏။ အကြိမ်ကြိမ်။

(ခ) အို နတ်ဆိုးငဲ့…။သင့်ဗုံသံကိုလည်းကျွန်ုပ်မကြောက်။ ကျွန်ပ်သည်ကား ဘုရားသခင်ဆီသို့ S.O.S ဟု အချက်မပြ။ ကျွန်ပ်၏ဝေဒနာ အဝဝတို့ဖြင့် အသင်နတ်ဆိုးသည် ကြက်သီးဖျန်းဖျန်းထရစေအံ့။

(ဂ) နတ်ဆိုးသည် တေးဆိုကောင်းသော ငှက်ငယ်အသွင်နှင့် င့ါဦးခေါင်းထက် လူးလာပျံသန်း၏။ ငါ့ဂီတကိုကား သူမကြား။

(ဃ) ထိုမတိုင်မီကပင် အနုပညာလူသားသည် သူ၏နှလုံးသားအား စင်ကြယ်စွာ စတေးခဲ့ပြီးဖြစ်သည်။

(င) နတ်ဆိုးလက်ခုပ်

သည်းသည်းလှုပ်…။

မီးအိမ်

(၁)

မှိန်ပျပျမီးအိမ်တွေ အလီလီလင်းပခဲ့ကြသည်။ ရာစုနှစ် ခေတ်အဆက်ဆက်၊ မီးစာကုန်သော်လည်း ဆီမခမ်း။

(၂)

အနုပညာကို ဘာသာတရားတစ်ခုအဖြစ် ကိုးကွယ်ခဲ့ချိန်မှစ၍ ဓမ္မတေးများလည်း ဆို၍မကုန်နိုင်။ ကြည်နူးရွင်မြစွာပင် ကိုယ့်ယုံကြည်ချက်နှင့် ကိုယ့်ရဲတိုက်ကိုယ် ခမ်ခမ်းနားနား တည်ဆောက်ခဲ့သည်။

(၃)

ပင်လယ်ညသည် ကြယ်တွေကို ချွေချနေ၏။ ကမ်းခြေတစ်လျှောက်ရှိ မီးအိမ်များအား လိုက်လံရေတွက်လာရင်း တစ်နေရာမှာတင် အဆုံးသတ်သွား၏။ ထိုနေရာတွင် မီးအိမ်အသစ်တစ်လုံးအဖြစ် ကျွန်တော် ကိုယ့်ကိုယ်ကို ချိတ်ဆွဲလိုက်သည်။ အလျှံတညီးညီး လောင်ကျွမ်းမှုနှင့်အတူ ညည့်သုံးယံစလုံး တဝုန်းဝုန်းဖြင့် လင်းပွင့်သွား၏။ မီးအိမ်ထိပ်မှာ စိုက်ထူထားသောအလံက စိန်ခေါ်မှုတစ်ရပ်အဖြစ် တလူလူမျောလွင့်နေသည်။ လှိုင်းရိုက်သံတို့ ဝပ်တွားငြိမ်သက်။ ပုန်းညက်ပွင့်တို့ တဖျတ်ဖျတ်။

(၄)

ကိုယ့်အလင်းကိုယ် ဆုပ်ကိုင်ကာ သဲသောင်ပေါ်မှာ သွေးဖြင့် ကဗ္ဗည်းထိုးလိုက်သည်။ မရပ်မနား တစ်ကြောင်းချင်း ထို့နောက်…တစ်ကြောင်းပြီး …တစ်ကြောင်း။

……………………………………………….

…………………………………………………

………………………………………………..။

ဖြောင့်ချက်

ကိုယ့်တရားနှင့်

ကိုယ် ဖြေသိမ့်မည်…။

ကြောင်တွေလို ပွတ်သပ် ခိုတွေလို ညည်းညူ…ခွေးတွေလို အမြီးနန့် နွားတွေလို စားမြုံ့ပြန်…ယုန်တွေလို အစာရှာ ငှက်တွေလို အိပ်တန်းပြန်…

သူများစိတ်နဲ့ ငါ့ခန္ဓာကြား

ဝေဒနာတွေ အရောင်မဲ့ခဲ့…..

ငါ့မျက်သူငယ်အိမ်မှ ထွက်သော မျက်ရည်စများ

ပန်းပွင့်ပါစေသား

ငါကျိန်တွယ်၏..

ငါ…ကြုံးဝါး၏။

ငါထုဆစ်ခဲ့သော ဂီတသည် ငါ့အား နားဝင်ပီယံဖြစ်မှုကို မယွင်း ဧကန်

ပေး…စွမ်း…ရ…ပေ…အံ့။

ဥက္ကာကိုကို(သံတွဲ)

2 comments

  • yannaingech

    June 10, 2010 at 11:53 am

    ယုံကြည်တယ်သူငယ်ချင်း။ ဒီလက်ရည်နဲ့ဆက်သွား။ တစ်နေ့သားမှာ…မင်းသေချာပေါက် အောင်မြင်လိမ့်မယ်…

  • etone

    July 9, 2010 at 8:09 am

    အားတော့နာတယ် ။ ဘယ်လိုပဲကြိုးစားဖတ်ဖတ် ခံစားလို့မရဘူး ။ etone ဉာဏ်မမှီဘူးထင်ပါ့ ။

Leave a Reply