2000 Group on MG ( Part B- 1 ) သဝဏ်လွှာ (၃၁) by May Aye Oo

Swal Taw YwetMarch 29, 20122min1064

………ရေ
2000 notes တွေ မတင်ဖြစ်တော့တာက ကိုးနတ်ရှင် မကောင်းတာကစတာပါပဲ။ facebook ဖွင့်လို့မရတာ လနဲ့ချီကြာခဲ့တယ်။ဖွင့်ရတဲ့ အခါ MGကိုတစ်ပြိုင်တည်းမရပြန်ဘူး။
နောက်ပြီး တင်ရင်လည်း ဓာတ်ပုံလေးတွေ ကောင်းနိုးရာရာပါတင်ချင်တော့ အချိန်ပိုပေးရတယ်။
ကျွန်မကိုယ်ပိုင်စာတွေက word ထဲမှာ save ပြီး အခွင့်သာမှ တင်ရတာလေ။
MG ကများသောအားဖြင့် ဂျီမေး မကောင်းရင်တောင်ရနေတတ်တယ်။သဂျီးဘယ်လိုများလုပ်ထားလဲမသိပေါင်။
အဲဒီတော့ ဒီတာဝန်ကို ………..ထမ်းရင် ဝမ်းမြောက်ဝမ်းသာလွှဲပေးမှာပေါ့။
ကျောက်ကွင်းမှာ ကျောင်းမနေနိုင်တော့တဲ့ကလေးတွေကို အားပေးတဲ့camp လေးအကြောင်း(ယဉ်ကျေးလိမ္မာ မဟုတ်ဘူးလေ၊ဒါမျိုးလေးတွေလည်း လုပ်ပေးနေကြောင်းသိစေချင်တာ) တင်ပေးချင်တာ ဘယ်လိုမှမရခဲ့ဘူး။
ကြာသွားတော့လည်း mood မရှိတော့ဘူးပေါ့။
လောလောဆယ် မေအေးဦးက မြိတ်ကိုရောက်နေတယ်။၂၈ ရက်နေ့မှရောက်မယ်။သူသိရင်လည်း ခွင့်ပြုမှာပါ။
ခင်မင်စွာဖြင့်
ပဒုမ္မာ

Dear ……….,

It’s good if you can help. I cannot be on facebook all the time as I do not have internet at home, I can only use when I’m in the office.

Please go ahead.

Thanks and best regards,

May Aye Oo @ Mary

Please let me share the activities of 2000 Group on MG.

I believed that we should spread the good deeds as much as we can.

Let’s try our best for our mother land,

With respect,

Swal Taw Ywet.

သဝဏ်လွှာ (၃၁) by May Aye Oo on Tuesday, January 10, 2012 at 5:05am ·

 လူငယ် ယဉ်ကျေး လိမ္မာ သင်တန်း (၁၆ နှစ် -၂၅ နှစ်) ဖွင့်ပေးရန် စီစဉ်ခြင်း။

 ၁၄-၁၅ ဇန္နဝါရီလ ၂၀၁၂

မေတ္တာဆိုတာ မနောကံနဲ့ ပို့နေရုံသက်သက်မဟုတ်ဘဲ

ဝစီကံမေတ္တာ နဲ့ ကာယကံမေတ္တာတွေလဲ ပြဖို့ လိုအပ်ပါသေးတယ်..။

(ဆရာတော် ဦးဇောတိက – မေတ္တာတရားတော်)

 

သာသနာ့ သမိုင်းဝင် ရွာကလေးဖြစ်တဲ့ ကျောက်ကွင်းကျေးရွာလေး မှာ ၂၀၁၁ ဒီဇင်ဘာ ၂၅-၂၆-၂ရ ရက်တွေမှာ၊  အလယ်တန်း ကျောင်းသားတွေ အတွက် ယဉ်ကျေးလိမ္မာသင်တန်း၊ အခမဲ့ဆေးခန်း၊ ညနေခင်းအင်္ဂလိပ်စာ သင်တန်း တွေ နဲ့ စာကြည့်တိုက်ဖွင့်ပွဲ၊ ပြီးတော့ ၂၀၁၁ ဒီဇင်ဘာ ၃၁၊ ၂၀၁၂ ဇန္နဝါရီ ၁၊ ၂ ရက် တွေမှာ ဥတ္တရအလင်းအဖွဲ့နဲ့ မိတ်ဆွေများ က ပြုလုပ်ပေး တဲ့ တရားအလှူပွဲ၊ အဲဒါတွေအပြီးမှာတော့ ဆရာတော်က ကျမကို လူငယ်သင်တန်း ဖွင့်ပေးဖို့ တောင်းဆိုလာပါတယ်..။

ကျမကလဲ လူငယ်တွေကို စဉ်းစားစေချင်တဲ့ အကြောင်းလေးတွေ၊ ပြောချင်တာလေးတွေ ရှိတာမို့ သင်တန်းလေး ဖွင့်ပေးချင်ပါ တယ်..။

အဲဒါနဲ့ ကျမလဲ.. ဆရာတော်နဲ့ တိုင်ပင်ပြီး.. လာမယ့် ၁၄-၁၅ (ဇန္နဝါရီလ) မှာ.. ကျောက်ကွင်းရွာ မှာ လူငယ် သင်တန်း ဖွင့်ပေးမယ်လို့ ဆုံးဖြတ်ကြပါတယ်..။ ဒီသင်တန်းမှာ ကူညီပေးမယ့် volunteer တစ်ဦးကတော့ စင်္ကာပူက လာမှာပါ။ ကျမတို့ရဲ့ ပရဟိတ လုပ်ငန်း တွေရဲ့ donor တစ်ဦး လဲဖြစ် ပါတယ်။ သူက အင်ဂျင်နီယာ တစ်ယောက်ပါ။ စိတ်ပညာကို ဝါသနာပါလို့ အသုံးချစိတ်ပညာ ဒီပလိုမာ ကို စင်္ကာပူမှာ ရထားပြီး စင်္ကာပူနိုင်ငံက စိတ်ရောဂါ အထူးကု ဆေးရုံမှာ စနေ၊ တနင်္ဂနွေ တွေမှာ counseling လုပ်ပေးနေတဲ့ သူပါ။ ရန်ကုန်ကို ခွင့်နဲ့ လာတဲ့အခိုက်မှာ၊ မနှစ်ကလဲ ဒေးဒရဲမြို့ ၊ မင်္ဂလာကံကျောင်းမှာ ၁ဝ တန်းဖြေမယ့်ကျောင်းသား/ သူတွေအတွက် counseling လုပ်ပေးခဲ့ပါတယ်..။ ဒီနှစ်လဲ ကူညီအုံးမှာမို့၊ ဒီနှစ်တော့ ကျောင်းနေခွင့် ဆုံးရှုံးခဲ့ကြတဲ့ ကျေးရွာလူငယ်တွေ အတွက် လုပ်ပေးကြစို့ရဲ့… လို့ စီစဉ်ကြတာလဲ.. ပါတာပေါ့လေ..။

ကျောက်ကွင်းရွာ မှာ မူလတန်းကျောင်းကလေးဘဲ ရှိပါတယ်။ ဒါကြောင့် ကျောက်ကွင်းရွာက ကလေးများဟာ.. ၄ တန်း အောင်ပြီးရင် ကျောင်းပြီးပြီလို့ ဆိုကြပါသတဲ့..။ ဒါကြောင့် ရွာက လူငယ် ၊ လူကြီး အများစု ဟာ အတန်းပညာ နည်းကြ ပါတယ်..။ အဲဒါအပြင် ပြင်ပ ဗဟုသုတ လဲ နည်းကြတော့ အစစအရာရာ နောက်ကျကြပြီး..ဆင်းရဲတွင်းထဲက ကို မတက် နိုင်ကြပါဘူး..။ (ဒါကြောင့်လဲ.. ကျမတို့ က ကလေးတွေ ရော၊ လူငယ်တွေ၊ လူကြီးတွေရော.. ပြင်ပ ဗဟုသုတ တွေ ရ ရ အောင်လို့ စာကြည့်တိုက် ကလေး လုပ်ပေးခဲ့တာ.. အောင်မြင်နေပါပြီ..။ ၂၀၁၁-၂၀၁၂ စာသင်နှစ်မှာ မူလွန်ကျောင်းလေးလဲ စ, နေပါပြီ..။)

ကလေးတွေ က မူလတန်းအောင်လို့ အလယ်တန်း တက်မယ် ဆိုရင် အနီးဆုံး ရွာကျောင်းကို သွားတက်တာတောင်.. နေကလေး ပွင့်ပြီး ခြေခင်း လက်ခင်းလေးသာရင် အနည်းဆုံး ၂ နာရီ လမ်းလျှောက်ရပါတယ်..။ မနက် ၉ နာရီ တက်တဲ့ ကျောင်းကို အိမ်ကနေ မနက် ၆ နာရီ ကထဲက စ ထွက်ရပါတယ်..။ နေ့လယ် ၃ နာရီ ကျောင်းဆင်းရင် ရွာကို ညနေ ၅နာရီ ကျော် မှ ပြန်ရောက်ကြ ပါတယ်..။ မိုးတွင်းနဲ့ ဆောင်းတွင်းတွေ ဆိုရင်တော့ သွားလာရတာ တော်တော် အဆင် မပြေကြ ပါဘူး..။ မြွေပွေး ပေါတဲ့ အရပ်မို့ အန္တရာယ် လဲ သတိထားရပါတယ်..။ မြွေပွေး တွေကလဲ နှင်း ကလေး ကျပြီ ဆိုတာနဲ့ အလျို အလျို ထွက်လာကြတာ..။ အထူး သဖြင့် မနက် လင်းအားကြီး နဲ့ နေဝင်ရီသရောမှာ.. ပိုထွက်ကြ တာ ပေါ့..။

အဲဒီ အပြင် ကလေးတွေ ကို ထမင်းထုပ် ၂ ထုပ် ထည့် ပေးရတာက မိဘ တွေ အတွက် သိပ်ကို ဝန်ပိစေတဲ့ အချက် တစ်ခုပါ..။ ကိုယ့် အိမ်မှာ ဆားနဲ့ ဘဲ စားစား၊ ထမင်း ထုပ် ထည့်ရတဲ့ အခါကျတော့၊ ဟင်း.. စီမံကြရပါပြီ။ ဆင်းရဲတွင်း နက် ကြတဲ့ ရွာ ကလေးမို့ ဒါက သူတို့ အတွက် ဒုက္ခ တစ်ခုပေါ့..။ ဒါနဲ့ ဘဲ ကလေးတွေက နွားကျောင်း၊ ပဲ နုတ်၊ ကောက်စိုက် နဲ့ ပညာရေး နဲ့ ဝေးကုန်ကြတာပေါ့..။

ဒါကြောင့် အတန်းပညာနည်းပေမယ့် ဘဝမှာတော့ ပညာမနည်းရလေအောင်၊ စဉ်းစားတွေးခေါ်တတ်အောင် သင်တန်းလေးတွေ လုပ်ပေးဖြစ်နေတာပါ..။ သင်တန်းလုပ်ပေးတာတောင်မှ အခုလို မိုးစပါးရိတ်ပြီး နွေစပါး မစ, ခင်လေး ဒီလို ပြာသိုလ တစ်လ ထဲ အားကြတာမို့ ဒီလမကုန်ခင်ကို အမြန်စီစဉ်ရပါတယ်..။

ဒီတစ်ခါတော့ .. လူငယ်တွေကို ဗုဒ္ဓဘာသာတရားရဲ့ လွတ်လပ်ခြင်း၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိခြင်း စတဲ့ ဘယ်ဘာသာတရားမှာမှမရှိတဲ့ အချက်လေး တွေ ပေးချင်တာရယ်.. ကြောင့် “ကာလာမသုတ်” အကြောင်း ပြောပြပေးမှာပါ..။

ပြီးတော့ အသိနဲ့ အကျင့် တစ်ထပ်ထည်းကျဖို့ ကြိုးစားရမယ်.. ဆိုတဲ့ message လေးပေးချင်တာရယ်..။ လူတော် နဲ့ လူကောင်း ကို ခွဲခြားပြပြီး ဆွေးနွေးပေးချင်တာရယ်ကြောင့် ဆရာတော် ရဝေနွယ် ရဲ့ “လူတော် နဲ့ လူကောင်း” ဆိုတဲ့ စာစုထဲက “ဧကူဒါန မထေရ်” အကြောင်း မျှဝေပေးအုံးမှာပါ..။

ကျောင်းမနေကြတော့ပေမဲ့ အသက်အားဖြင့် ၁၆ ကနေ ၂၅ ထိ လူငယ်တွေမို့ စဉ်းစားတွေးခေါ်တတ်ကြအောင် သင်ပေးချင်တာပါ..။

Health Talk အနေနဲ့တော့ လူငယ်တွေမို့ AIDS အကြောင်း ရယ်၊ မူးယစ်ဆေးဝါး ပညာပေး အကြောင်းလေး ရယ်.. ပြောမယ် စိတ်ကူးပါတယ်..။ ဒေါက်တာဇော် ဒေးဒရဲ camp မှာသင်သွားတဲ့ “အသက်ရှည်ရှည်အနာကင်းဝေး ချမ်းသာရေး” ခေါင်းစဉ်လေး ပြန်ပြောပြချင်ပါတယ်..။

game အနေနဲ့တော့ project game မျိုးတွေနဲ့၊ သူတို့ရဲ့ I.Q ၊ E.Q ၊ တွေမြှင့်တင် ပေးနိုင်တဲ့ game မျိုးတွေ ထည့်ပေးချင်ပါတယ်..။

ပြီးတော့ ၁၄ နဲ့ ၁၅ ရက်တွေမှာ လုပ်မှာဆိုတော့ သူတို့လေးတွေ နဲ့ လဲ ရင်းရင်းနှီးနှီး စကားပြော၊ ဆွေးနွေးရအောင်.. ကျောင်းဝင်း ထဲမှာဘဲ.. ၁၄ရက်နေ့ ညဘက်ကို မီးပုံပွဲလေး လုပ်မှာပါ..။ အဲဒီပွဲမှာ သူတို့တွေရဲ့ တောင်းဆိုချက်အရ  ကော်ဖီ ပူပူလေး၊ နွားနို့ နဲ့ နို့စိမ်း နဲ့ နှပ်ပြီး ဖျော်မယ်လေ..။ ချမ်းအေးတဲ့ ပြာသိုလရဲ့  မီးပုံပွဲ၊ ကော်ဖီပူပူလေး နဲ့ Good Morning ပေါင်မုန့်နဲ့ပေါ့..။

အသုံးဝင်မယ့် ပစ္စည်းလေးတစ်ချို့လဲ.. လှူချင်သေးတာမို့  .. ..။

ပွင့်သောပန်းတိုင်း.. လန်းစေ .. ဖို့ …

ကျမတို့ အားလုံး.. တတ်နိုင်တဲ့ တစ်ထောင့် တစ်နေရာကနေ.. တတပ် တအား .. ပါဝင် ကူညီကြပါစို့…. လို့..

ဖိတ်ခေါ်ရင်း ….

လူငယ်သင်တန်းအတွက် စိတ်ဝင်စားသူ အလှူရှင်များ 2000.donation.group@gmail.com သို့ဆက်သွယ်နိုင်ပါတယ်ရှင်..။

လိုအပ်သူတိုင်းကို. . ကူညီနှိင်သောသူ.. ဖြစ်ချင်ပါတယ်…  ..။

ကူညီနေကြသူများအားလုံးကိုလဲ ကျေးဇူးအထူးပါ.. ။

ပွင့်တဲ့ပန်းကလေးများအားလုံးကို.. လန်းဆန်းစေချင်တဲ့..။

 

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com

 

GIVE THE WORLD THE BEST YOU HAVE!

I LEARN TO GIVE NOT BECAUSE I HAVE MANY, BUT BECAUSE I KNOW THE FEELING OF NOTHING.

IF I CANNOT BE A BRICK, I WISH TO BE A PIECE OF SAND TO HEAL THE WORLD.

4 comments

  • weiwei

    March 29, 2012 at 10:42 pm

    2000 group ကို သိသိချင်းပဲ အသင်းဝင်ဖြစ်ခဲ့တာ တစ်နှစ်ရှိသွားပါပြီ … တစ်လကို ၂၀၀ဝ ကျပ်နှုန်းနဲ့ ပရဟိတအလှူတွေမှာ ပါဝင်ခွင့်ရနေခဲ့လို့ အလွန်ကံကောင်းတယ်လို့တောင် ထင်မိပါတယ် … ကိုယ်တိုင်လုပ်အားဒါနအနေနဲ့ ဘာမှမလုပ်ပေးနိုင်ပေမယ့် လုပ်ပေးနိုင်တဲ့လူတွေလုပ်ပေးနေတာကို တတ်နိုင်တဲ့ဘက်ကနေအားပေးရတာကလဲ ကုသိုလ်တစ်မျိုးမို့လို့ ကျွန်မကတော့ 2000 group ကို အားပေးပါတယ် …

  • padonmar

    March 29, 2012 at 11:21 pm

    စွယ်တော်ရွက်ရေ
    ပခုံးပြောင်းတာဝန်ယူပေးတာ ကျေးဇူးကမာ္ဘပါ။
    အချိန်နဲ့ တပြေးညီဖြစ်မယ့် နောက်ဆုံးသွားခဲ့တဲ့ မြိတ်ခရီးစဉ်လေးမှာ ၊အူအတက် ပြည်တည်တဲ့ ကလေးလေး ဆင်းရဲလွန်းလို့ ခွဲစိတ်တဲ့ စားရိတ် မတတ်နိုင်တာလေးကို ခွဲဖြစ်အောင် ကူညီခဲ့ရတဲ့ အကြောင်းလေး ပါရင် သိကြစေချင်ပါတယ်။အဲဒါလေးပါရင် မြန်မြန်လေး တင်ပေးပါနော်။

    နောက်ထပ်သွားမယ့် လဲလူ၊ရေဦး ခရီးစဉ်တွေ အတွက်လည်း စိတ်ဝင်စားကြရင် အလှူငွေနဲ့ လုပ်အားတွေရအောင် ကူညီပေးပါအုံး။

    • Swal Taw Ywet

      March 30, 2012 at 12:53 am

      Yes, Ma Ma Padonma,
      I will try my best to support 2000 Group.
      When ( Daw ) May Aye Oo post that trip on FB, I will show on MG.
      Thanks for giving me the chance to help.
      Let’s try our best for our mother land.

      With respect,
      Swal Taw Ywet.

  • MaMa

    March 30, 2012 at 7:25 am

    ပိုစ့်နဲ့မဆိုင်ပဲ ဝင်ပွားလိုက်ဦးမယ်။
    Congratulation ပါ ကြယ်နှစ်ပွင့် ပဒုမ္မာ 🙂

Leave a Reply