ခုဆို သင်္ကြန်ကျဖို့ သိပ်မလိုတော့ပါဘူး။ ဒီသင်္ကြန်မှာလည်း ရွာပြန်ဦးမယ်။ တစ်နှစ်ဆိုတဲ့ အတိုင်းအတာအတွင်းမှာ ချစ်ရတဲ့ အဖေ၊ အမေ၊ ညီလေး၊ ညီမလေးတွေနဲ့ ခွဲခွာပြီး နေခဲ့ရတော့ လွမ်းတာပေါ့ဗျာ။ မနှစ် သင်္ကြန် ရုံးပိတ်ရက်တုန်းကလည်း ရွာဆီကို ပြန်ခဲ့ပါတယ်။ အဲဒီတုန်းက ကင်မလာလေး တစ်လုံး ပါသွားတာဆိုတော့ မရိုက်တတ်၊ ရိုက်တတ်နဲ့ ဟိုရိုက်ဒီရိုက် လျောက်ရိုက်ခဲ့တယ်။ အဲဒီ ပုံလေးတွေကို ဒီနေရာမှာ ပြန်လည် ဝေမျှချင်ပါတယ် ခင်ဗျာ။

၁။ ဒါကတော့ ရွာအပြန်လမ်းမှာ ရိုက်ခဲ့တာဖြစ်ပြီး အဝေးကကြည့်ရင် အကယ်ဒမီရွှေစင်ရုပ်နဲ့ ခပ်ဆင်ဆင် တူတယ်လို့ ခံစားမိတဲ့ ပုံလေးပါ။

 

၂။ ထန်းပင်ထန်းတော လွမ်းမောစရာပဲ ရန်ကုန်သူရယ် … ရန်ကုန်သူရယ် …

 

၃။ ထန်းတန်းလေးကြားက လမ်းလေး

 

၄။ ဒါကတော့ ရေမတင်တော့တဲ့ ရေကန်

 

၅။ ကန်ဘောင်ပေါ်က လူသွားလမ်းလေး (အဝေး)

 

၆။ ကန်ဘောင်ပေါ်က လူသွားလမ်းလေး (အနီး)

 

၇။ ဒါကတော့ ရွာရဲ့ သောက်ရေကန်

 

၈။ ဒါကတော့ ရေမတင်တဲ့ ရေကန်နဲ့ ရေရှိတဲ့ကန်ကို ဆက်သွယ်ထားတဲ့ မြောင်းကလေး

 

၉။ ဒါကတော့ ရင့်မှည့်တော့မယ့် တယ်သီးတွေ

 

၁၀။ ကျောက်ရေတွင်းလေး (သိပ်မသုံးတော့ပါဘူး)

 

၁၁။ ကျောက်ရေတွင်း ဆင်းတဲ့ ကျောက်လှေကား

 

၁၂။ ဒါကတော့ ရွာရဲ့ ဆည် (ရွာနဲ့ ၂ မိုင်ခန့်ဝေး)

 

၁၃။ ဆည်ကရေတွေကို ရွာအတွင်း ပေးပို့တဲ့ရေစက်

 

၁၄။ ဒါကတော့ နည်းနည်းလေး ဝေးပြီး မြင်ရတာ

 

၁၅။ ဒါတွေကတော့ ရေစက်က မောင်းပို့လိုက်တဲ့ ရေတွေကို ထည့်တဲ့ ကျောက်တိုင်ကီကြီးတွေ

 

၁၆။ ကျောက်တိုင်ထိပ်က အလှူရှင် ကျောက်စာ

 

၁၇။ ဒါကတော့ ရွာဦး ဘုန်းကြီးကျောင်းမှာ တည်ထားတဲ့ စေတီလေးတစ်ဆူ

“ရွှေကို မလို၊ ရေကိုသာ လိုသည်” ဆိုတဲ့ မြန်မာပြည် အလယ်ပိုင်း ပူပြင်းတဲ့ အရပ်ဒေသက ရွာလေးတစ်ရွာဖြစ်တဲ့ ကျနော်တို့ ရွာလေးမှာလည်း နွေရာသီဆို ရေက သိပ်ပြီး ဒုက္ခရောက်ပါတယ်။ ရွာတစ်ရွာလုံးရဲ့ အားကိုးအားထားပြုရာ ရေကန်ကြီး နှစ်ကန် ရှိပေမယ့်၊ ဒီရေကန်တွေဟာလည်း ပူပြင်းလွန်းတဲ့ နွေရာသီမှာဆို ခမ်းခြောက်တတ်ပါတယ်။ အဲလို အခါမျိုးမှာ ရွာနီးချုပ်စပ်က ရေလက်ကျန်ရှိတဲ့ ရေကန်တွေဆီကို ရေသွားယူရပါတယ်။ ရွာနီးချုပ်စပ်ဆိုပေသိ တစ်ရွာနဲ့ တစ်ရွာကလည်း သုံးလေးငါးမိုင်လောက် ဝေးတာကလား။

ကျနော်ငယ်ငယ်ကဆို ရေခမ်းသွားတဲ့ ရေကန်ထဲမှာ တွင်းတွေ ထပ်တူးပြီး ရေထွက်လာတာကို ထိုင်စောင့်ပြီး ရေယူရတဲ့ထိ ရှားပါးခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်များအတွင်းကတော့ ကျနော်တို့ရွာမှာ ဆည်ကြီးတစ်ဆည် ဆောက်ခဲ့ပါတယ်။ အဲဒီဆည်ကြီး ပြီးစီးသွားတဲ့ နောက်ပိုင်းမှာတော့ ရေအတွက် အများကြီး ဒုက္ခ မရောက်တော့ပါဘူး။ ဆည်ကြီးရဲ့ ကျေးဇူးက ကျနော်တို့ ရွာသာမက ရွာနီးချုပ်စပ်က ရွာတွေအတွက်ပါ အကျိုးပြုပါတယ်။ လယ်ယာတွေထဲ ရေမပေးလွှတ်နိုင်ပေမယ့် ရွာရဲ့ သုံးရေအတွက်တော့ အားကိုးအားထား ပြုလောက်တယ်လို့ ဆိုနိုင်ပါတယ်။

အဲဒီဆည်ဟာ ရွာရဲ့ အရှေ့ဘက် နှစ်မိုင်ဝန်းကျင်ခန့် အကွာမှာ တည်ရှိတာပါ။ ရေစည်လှည်း ရှိတဲ့လူတွေကတော့ နွားကို အသုံးပြုပြီး ဆည်ရေကို သွားတိုက် (ရေယူ) ကြပေမယ့်၊ ရေစည်လှည်း မရှိသူတွေမှာတော့ ရေပုံးကို ခေါင်းနဲ့ရွက်၊ ပုခုံးနဲ့ ထမ်းပြီး သွားယူ ကြရတာပါ။ ပူပြင်းတဲ့ နေရှိန်အောက်မှာ အသွားအပြန် လေးမိုင်ခရီးကို လျောက်လှမ်းပြီးမှ ရေနှစ်ပုံလောက်သာ ရတဲ့ အဖြစ်ပါ။

ဒါကြောင့် ရွာထဲကလူတွေရော နွားတွေပါ သက်သာရာ ရစေဖို့အတွက် တစ်နည်းအားဖြင့် ရေ ပြဿနာ ပြေလည်စေဖို့အတွက် ရွာထဲမှာပဲ သုံးရေကို ရယူနိုင်အောင်ဆိုပြီး ဆည်ကရေကို ရေစက်နဲ့ မောင်းတင်ကာ ရွာထဲအရောက် ပို့ဖို့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ၊ ဓမ္မဝိဟာရ ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ ရွာရဲ့ ကျေးဇူးရှင် ဆရာတော် ဦးအာသဘာစာရ က အစီအစဉ် ချမှတ်ကာ ဆောင်ရွက်ခဲ့ပါတယ်။ ရေစက်နဲ့ ရွာထဲမှာထားတဲ့ ရေစည်တွေကိုတော့ ပုံထဲမှာ ဖော်ပြခဲ့ပြီးပါပြီ။

ဒီနှစ် ကျနော် ရွာပြန်တဲ့အချိန်မှာတော့ ဂေဇက် ရွာထဲက တောရွာဆိုတဲ့ ဝေါဟာရနဲ့ မရင်းနှီးသူတွေအတွက် ဓာတ်ပုံလက်ချောင်တွေ ရိုက်ကူးမယ်လို့ စိတ်ကူးထားပါတယ်။ နောက်ပီး သရဲမယုံတဲ့ သဂျီးအတွက် သရဲခြောက်တဲ့ သစ်ပင်ကြီးတွေ၊ ဥစ္စာစောင့်ရှိတဲ့ တောင်ပုံတွေ၊ ဖြစ်နိုင်ရင် ညဘက်မှာ သရဲခြောက်တယ်ဆိုတဲ့ အပင်နား ကင်မလာ တစ်ခါတည်း ချိန်ထားခဲ့ပြီး သရဲ ဓာတ်ပုံပါ ရိုက်ယူပြီး ပြလိုက်ချင်သေး။ ကိုယ်တိုင်တော့ သွားပြီး ရိုက်ရဲဘူးရယ်။ အချို့ သရဲတွေက နှစ်ယောက်၊ သုံးယောက်လောက် သွားရင်တောင် ခြောက်လှန့်တတ်တာ။ တစ်ယောက်တည်းချို .. အင်း … သားသား ကြောက်ကြောက် … :D

ကဲဗျာ … တောသီချင်းလေး တစ်ပုဒ်နဲ့ အဆုံးသတ်လိုက်မယ် … အဆိုတော် အောင်သူရဲ့ သီချင်းလေးပေါ့ …

ဪ .. မောင်တို့ အညာမှာ .. .. .. တမာပင် နန်းတွေနဲ့ .. .. .. ထန်းပင် ထန်းတော .. .. .. လွမ်းမောစရာပဲ .. .. .. ရန်ကုန်သူရယ် .. .. .. ရန်ကုန်သူရယ် .. .. ..
ရန်ကုန် မြို့ကြီးကိုတဲ့ .. .. .. ယောင်လည်လည် ရောက်လာခဲ့တယ် .. .. .. မျက်လုံးလေး ကလယ်ကလယ် .. .. .. မျဉ်းကြား မကူးလို့ ရုတ်တရက်ဖမ်းကာ .. .. .. ဒဏ်ရိုက်ခံရတယ် .. .. ..
ကားမှားစီးလို့ (အမျိုးသမီး သီးသန့်စီးကား) အရှက်တကွဲ မျက်နှာငယ် .. .. .. လှောင်ပြောင်းခံရမယ် .. .. ..
အောက်ပြည် အောက်ရွာဆိုတာ .. .. .. လူညာတွေ ပေါလေသတဲ့ (ဒီရွာထဲက ရန်ကုန်သူားတွေ မပါ) .. .. .. မကြုံဖူးလို့ မယုံဘူး မေရယ် .. .. .. မကြုံဖူးလို့ မယုံဘူး မေရယ် .. .. ..
အဲဒါကြောင့်လည်း .. .. .. ရန်ကုန်သူကို အညာသား ချစ်ခဲ့တယ် .. .. ..
တူးနှယ့် တူးနှယ့် ဗြောင် ….. :D

ပြီးပါပြီ …….. The End

ခင်မင် လေးစားစွာဖြင့်
အံစာတုံး

About မဟာရာဇာ အံစာတံုး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။