2010 အတွက် သိသင့်တဲ့အချက် 10 ချက်ပါ ဖတ်ကြည့်ထားသင့်ပါတယ်

guestktyJune 10, 20101min961

လေးစားရသော မိတ်ဆွေခင်ဗျား …….
ပြည်တွင်းမှာ အစိုးရဌာနတခုရဲ့ အကြီးအကဲဖြစ်နေတဲ့ ပညာတတ်မိတ်ဆွေကမေးတယ်။ ” ရွေးကောက်ပွဲ မှာ အနိုင်ရတဲ့ ပါတီက အစိုးရဖွဲ့နိုင်မှာပဲ မဟုတ်လား” တဲ့။ ထိုမေးခွန်းကြောင့် ရင်ထဲလေးလံကာ အထိတ်တလန့် ဖြစ်သွားရသည်။ ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲ ဥပဒေ ပါအချက်လက် များအကြောင်း သာမန် ပြည်သူအများ နားမလည်မှုကြောင့် ဖြစ်လာမည့် ဆိုးကျိုးများ ကိုသတိပြုမိသောကြောင့်၊ လူအများနားလည်သင့်သော အဓိကအချက်များအား ထုတ်နှုတ်ကာ နားလည်လွယ်အောင် ရေးသားလိုက်ပါသည်။

မေးခွန်း ၁။ အစိုးရကတော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးမယ်ပြောထားတော့ ရွေးကောက်ပွဲဟာ တရားမျှတမှာလား။

အဖြေ ၁။ လွတ်လပ်တဲ့ရွေးကောက်ပွဲဆိုတာ အစိုးရကကတိပေးထားရုံနှင့်မလုံလောက်ပါ။ ရွေးကောက်ပွဲဆိုသည်မှာ မဲထည့်၊ မဲရေတွက်လုပ်ငန်းစဉ်တခုတည်းမဟုတ်ပါ။ ရွေးကောက်ခံကိုယ်စားလှယ်များ လွတ်လပ်စွာမဲဆွယ်ခွင့်၊ ပုဂ္ဂလိကပိုင်မီဒီယာများသာမက နိုင်ငံပိုင်မီဒီယာများကိုလဲ လွတ်လပ်စွာ၊ သာတူညီမျှစွာသုံးစွဲမဲဆွယ်ခွင့်။ ပါတီများမှ တင်သွင်းသော ကိုယ်စားလှယ်များအား စိစစ်ရာမှာ မျှတမှုရှိခြင်း။ ပါတီများအားလုံး လုပ်ပိုင်ခွင့်၊ လှုပ်ရှားပိုင်ခွင့်တို့သည် တပြေးညီ ဥပဒေအတိုင်း ဖြစ်စေခြင်း စသည့်လုပ်ငန်းစဉ်များ ပါဝင်ပါသည်။

(က) ယခုနအဖမှ ကျင်းပပေးမည်ဆိုသော ရွေးကောက်ပွဲကိုပြန်ကြည့်လျှင် နိုင်ငံတကာမှ လွတ်လပ်သော အဖွဲ့အစည်းများအား ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ ခွင့်မပေးပါ။ ကမော္ဘဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စသည့် အာဆီယံနိုင်ငံများအပါအဝင် ဇင်ဘာဘွေ၊ အီရတ်၊ အာဖဂန် စသည်နိုင်ငံများပင်လျှင် နိုင်ငံတကာ စောင့်ကြည့် လေ့လာမှုအား ခွင့်ြ့ပုခဲ့ကြသည့် သာဓကရှိပါသည်။

(ခ) လက်ရှိအခြေအနေတွင် နအဖ နှင့်နီးစပ်သော၊ နအဖမှဖွဲ့စည်းထားတော့ ပါတီများမှအပ ကျန်ပါတီများမှာ တရားဝင်မဲဆွယ်လှုပ်ရှားခွင့် မရှိသေးပါ။

(ဂ) နိုင်ငံရေးပါတီများ သာတူညီမျှရှိစေရေးနှင့်ပတ်သက်လျှင် ယခု နအဖမှဖွဲ့စည်းထားတာ့ USDP ပါတီသည် နိုင်ငံပိုင် အဆောက်အအုံ၊မြေနေရာ စသည်တို့ကို ဆက်လက်သုံးစွဲနေသည့်အပြင်၊ ပါတီရံပုံငွေများမှာလဲ မူလမိခင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း မှရယူသုံးစွဲနေသောပါတီဖြစ်သည့်အပြင်၊ ဝန်ထမ်းအများစုပါဝင်သည့် အသင်းသားများမှာလည်း ပါတီဝင်အလိုလိုဖြစ်သွားမည့်အခြေအနေများရှိနေပါသည်။

(ဃ) ၂၀၀၈ခုနှစ် ဆန္ဒခံယူပွဲ မှအတွေ့အကြုံများအရ ဝန်ထမ်းအများစုအား အဓမ္မဖိအားပေးကာ နအဖဖွဲ့စည်းထားသောပါတီအများအတွက် ကြိုတင်ထောက်ခံမဲပေးစေခြင်း စသည့်အချက်များ ဖြစ်လာနိုင်သည်။

(င) လက်ရှိရွေးကောက်ပွဲဥပဒေများအရ ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများအပေါ် အကြွင်းမဲ့အာဏာဖြင့် ထိန်းချုပ်ထားနိုင်ပြီး၊ ကော်မတီရဲ့ဆုံးဖြတ်ချက်သည်အတည်ဖြစ်ပြီး တရားဥပဒေအရ ပြန်လည်ရင်ဆိုင် ဖြေရှင်းခွင့်ပင်မရှိပါ။

အထက်ပါအချက်လက်များအား ထောက်ရှုခြင်းအားဖြင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲတခု ဖြစ်လာနိုင်ခြေ အလွန်နည်းပါးကြောင်း သုံးသပ်နိုင်ပါသည်။

မေးခွန်း ၂။ ဒါဆို အခု လွှတ်တော်ထဲဝင်ပြီး ပြုပြင်ပြောင်းလဲနို်င်ဖို့ကြိုးစားမည် ဆိုတဲ့ပါတီများလဲရှိပါသည်။ ထိုပါတီများမှသူများရော လွှတ်တော်အတွင်းရောက်နိုင်ပါရဲ့လား။

အဖြေ ၂။ အဖြေ ၁ မှာဖြေဆိုထားချက်အရ နအဖနှင့် မပတ်သက်သော ပါတီများမှသူများ လွှတ်တော်တွင်းရောက်နိုင်ခြေ နည်းပါးသည်မှာ ရှင်းပါသည်။ သို့သော် အဖြေ ၁ ပါ မညီမျှသော၊ မတရားသော ကိစ္စများကံကောင်းစွာဖြင့် ဖြစ်မလာဘူးဟု ဆိုကြပါစို့။ ဒါဆိုလျှင် မေးခွန်းပါ လွှတ်တော်တွင်း ဝင်ရောက်ပြောင်းလဲဖို့ ကြိုးစားသည့်ပါတီများ ရွေးကောက်ပွဲတွင် ဝင်ရောက်ရန်ပြင်ဆင်သည့်အခါ အဓိကပြသနာကြီးများ ရှိပါသေးသည်။

နအဖ ဖွဲ့စည်းပုံအရ ပြည်ထောင်စုလွှတ်တော်တွင် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ဟူ၍ လွှတ်တော် ၂ရပ်ရှိမည်ဖြစ်ရာ၊ ထိုလွှတ်တော် ၂ရပ်ပေါင်းအတွက် ကိုယ်စားလှယ်အရေအတွက် စုစုပေါင်း ၆၆၄ယောက်ရှိမည်။ ထိုအထဲမှ လွှတ်တော်၂ရပ်လုံးတွင် စစ်တပ်မှတိုက်ရိုက်ပါဝင်မည့် အရေအတွက် ကိုနှုတ်လျှင် ပြည်သူများရွေးချယ်ရမည့် ကိုယ့်စားလှယ်အရေအတွက် မှာ ၄၉၈ယောက်ဖြစ်သည်။ ကိုယ်စားလှယ်တစ်ဦး ၅သိန်းနှုံးအစိုးရ ထံတင်သွင်းရမည်ဖြစ်ရာ အသစ်တည်ထောင်သောပါတီများမှာ ကိုယ်စားလှယ်နေရာ အားလုံးဝင်ပြိုင်နိုင်ရန် ကိုယ်စားလှယ်များအတွက် ကုန်ကျစားရိတ်သည်ပင် သိန်းပေါင်း ၂၅၀ဝရှိသည်။ မဲဆွယ်ရာတွင်သုံးစွဲရမည့်ငွေကြေးမပါသေး။ ထို့ကြောင့် နအဖ ဖွဲ့စည်းပေးထားသော ပါတီမှလွဲလျှင် ကျန်ပါတီများမှာ ကိုယ်စားလှယ်နေရာ ၁၀ဝခန့်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်ပင် မလွယ်ကူပါ။

ထို်အချက်ကြောင့် ပြုပြင်ပြောင်းလဲမည် ဟုကြွေးကြော်ထားသော ပါတီများမှကိုယ်စားလှယ်အများ လွှတ်တော်အတွင်းရောက်နိုင်ချေ အလွန်နည်းပါးပါသည်။

မေးခွန်း ၃။ အထက်ပါ အခက်အခဲများအား ကျော်လွှားနိုင်သည်ပဲဆိုကြစို့၊ ဒါဆိုလျှင် ပြုပြင်ပြောင်းလဲရေးအတွက် လုပ်မည့်ပါတီများမှ ကိုယ်စားလှယ်နေရာ အများအပြားဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရလျှင်ရော နောင်တက်မည့်အစိုးရအဖွဲ့မှာ မပါနိုင်ဘူးလား။

အဖြေ ၃။ ပထမသိထားသင့်သည်မှာ ရွေးကောက်ခံကိုယ် စားလှယ်များသည် ဥပဒေပြုရေး (legistation) အတွက်သာ တာဝန်ရှိမှာဖြစ်ပါတယ်။ အစိုးရအဖွဲ့ (executive branch) ဖွဲ့စည်းဖို့မဟုတ်ပါ။ ဖွဲ့စည်းပုံအရ လွှတ်တော်နှစ်ရပ်မှ ဒုသမ္မတ နှစ်ယောက် အမည်စာရင်း တင်သွားနိုင်မှာဖြစ်ပြီး စစ်တပ်ကိုယ်စားလှယ်များမှ တစ်ယောက်၊ စုစုပေါင်း ၃ယောက်တင်သွင်းရမှာဖြစ်ပါတယ်။ လွှတ်တော်၂ရပ်မှ ကိုယ်စားလှယ်များဖွဲ့စည်းထားသော သမတရွေးချယ်ရေး အဖွဲ့က ဒုသမ္မတ ၃ယောက်မှ တစ်ယောက်အား သမ္မတအဖြစ်ရွေးချယ်မှာ ဖြစ်ပါတယ်။

ပြည်သူလူထုမှ တိုက်ရိုက်ရွေးချယ်ရမှာမဟုတ်ပါ။ ထိုသမ္မတသည် ဖွဲ့စည်းပုံအရ စစ်ရေးအမြင်ရှိသူ ဖြစ်ရမှာဖြစ်ပါတယ်။ အရွေးခံရသော သမ္မတမှ အစိုးရအဖွဲ့အတွက် ဝန်ကြီးများအား နာမည်စာရင်း တင်သွင်းဖွဲ့စည်းရမှာဖြစ်ပြီး၊ ဝန်ကြီးဖြစ်မည့်သူများဟာ ပြည်သူရွေးချယ်ထားသော ကိုယ်စားလှယ်ဖြစ်လျှင်၊ မိမိပါတီမှ နှုတ်ထွက်ရမှာဖြစ်ပါတယ်။ ထို့ကြောင့် ပါတီတခုသည် ကိုယ်စားလှယ်အများစု အရွေးခံရစေကာမူ အစိုးရအဖွဲ့အတွင်း ပါဝင်နိုင်ရန် အခွင့်အလမ်းနည်းပါးသလို၊ ပါဝင်နိုင်ပါကလဲ မိခင်ပါတီအား ကိုယ်စားပြုနိုင်မည် မဟုတ်တော့ပါ၊ ပြည်သူ့ကိုယ်စားလှယ် မဟုတ်တော့ပါ။ သမ္မတမှ ချမှတ်ပေးသော မူဝါဒလမ်းကြောင်းများ အကောင်ထည်ဖေါ်ပေးရမည့် သူမျှသာဖြစ်သွားပေမည်။

မေးခွန်း ၄။ ခင်ဗျားဟာကလဲဗျာ ပါတီကရွေးကောက်ပွဲမှာ အများစုအနိုင်ရတောင် သိပ်မဟုတ်လှသေးပါလား။ ဒါဆို ဆိုပါစို့ ပါတီတခုက လွှတ်တော် ၂ရပ်လုံးမှာ ကိုယ်စားလှယ်နေရာ အများစုအနိုင်ရပါပြီတဲ့။ သူတို့ကိုယ်စားလှယ်တွေက ကိုယ့်ပါတီခေါင်းဆောင်ကို ဒုသမ္မတတွေအဖြစ် နာမည်စာရင်းတင်သွင်းနိုင်ရင် ကိုယ့်ပါတီကလူ သမ္မတမဖြစ်နိုင်ဘူးလား။ ဒါဆို အစိုးရမဖွဲ့ မဖွဲ့နိုင်ဘူးလား။

အဖြေ ၄။ အဲသလောက် အထိကံကောင်းဖို့ဖြစ်နိုင်ချေ နည်းပေမယ့် ဖြစ်လာနိုင်တယ်ဆိုကြပါစို့။ ဖွဲ့စည်းပုံမှာလေ့လာကြည့်တဲ့အခါ တခုထူးခြားတာတွေ့ရပါတယ်။ နိုင်ငံတော် သမတ နှင့်သက်ဆိုင်တဲ့ အခန်း (၃) ပုဒ်မ ၆၀(စ)မှာ ဒီလိုဆိုထားတယ်။

ကိုယ်စားလှယ်များက သမ္မတအမည်စာရင်းများ တင်သွင်းပြီးနောက်မှာ ” ထိုသို့ နိုင်ငံတော် သမ္မတနှင့် ဒုသမ္မတများရွေးချယ်တင်မြှောက်နိုင်ရန် လိုအပ်သည့်ဥပဒေကိုပြဌာန်းပေးရမည်” တဲ့။ ထိုပုဒ်မ မှာ လိုအပ်သလို manipulate လုပ်နိုင်ရန် ဟထားသည်ဟုယူဆနိုင်စရာ အကြောင်းရှိသည်။

ယခုရွေးကောက်ပွဲကာလသည် ထိုဖွဲ့စည်းပုံအရဆိုလျှင် အသွင်ပြောင်းကာလ (transitional period) ပါပုဒ်မများနှင့် အကြုံးဝင်နေပါသည်။ အသွင်ပြောင်းကာလ အစိုးရမှာ နအဖဖြစ်သည်။ အသွင်ပြောင်းကာလအစိုးရ လုပ်ချင်တာလုပ်တာမှန်သမျှသည် ထို ဖွဲ့စည်းပုံ အသက်ဝင်စေရေးဖြစ်သည်ဟု မှတ်ယူရမည်ဟု ရေးသားထားပြန်ပါသည်။ ဒါ့ကြောင့် နအဖ သည် ထိုပြဌာန်းချက်အရ သမတရွေးချယ်ရေး ဥပဒေလုပ်ငန်းစဉ်တွင် ဝင်ရောက်စွက်ဖက်နိုင်ချေရှိနေပါသေးသည်။

ထိုဥပဒေအား လိုသလိုလုပ်နိုင်ရန် ဟထားခြင်း(open) ဖြစ်နိုင်ချေရှိသည်။ အချုပ်အားဖြင့် ဆိုရလျှင် အနိုင်ရပါတီမှ အမည်စာရင်းတင်သွင်းသူ သမတဖြစ်နိုင်ချေဆိုသည်မှာ ကြံ့ဖွတ်ပါတီမှ လွဲ၍ ဖြစ်နိုင်ချေ သိပ်မရှိဟုဆိုနိုင်သည်။

မေးခွန်း ၅။ သမတဖြစ်နိုင်ခြေနည်းလဲ အနိုင်ရပါတီဟာ ဖွဲ့စည်းပုံပါ ဒီမိုကရေစီမကျတဲ့ ဥပဒေတွေပြင်ဆင်ဖို့ မလုပ်နိုင်လောက်ဖူးလား။

အဖြေ ၅။ ဖွဲ့စည်းပုံပြင်ဖို့ဆိုလျှင် ပထမဆုံး လွှတ်တော်ကိုယ်စားလှယ်အားလုံးပေါင်းရဲ့ ၂ဝရာနှုံးက အဆိုတင်သွင်းရမှာဖြစ်တယ်။ ထို ၂ဝရာနှုံးအဆိုတင်သွင်းနိုင်မှ လွှတ်တော်မှာ အဲဒီဥပဒေကို ပြောင်းသင့် မပြောင်းသင့် ဆွေးနွေးမှာဖြစ်တယ်။ ပြောင်းသင့်တယ်လို့ အဖြေထွက်မှ မဲခွဲမှာဖြစ်ပီး အနည်းဆုံး ၇၅%သော
ကိုယ်စားလှယ်များရဲ့ ထောက်ခံချက်လိုတယ်။ ကိုယ်စားလှယ်များ ထောက်ခံချက်ရရုံနှင့် မပြီးသေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပခါ ပြည်သူအများစုမှထောက်ခံမဲရမှာသာ ပြောင်းလဲနိုင်မှာဖြစ်တယ်။

မေးခွန်း ၆။ ဒါဆို မျှော်လင့်ချက်တော့ ရှိသေးတာပဲ နအဖနှင့်ပတ်သက်သော ပါတီများ၊ မပတ်သက်သော ပါတီများမှကိုယ်စားလှယ် များအပါဝင် တပ်မတော်ကိုယ်စားလှယ်များထဲမှ ပြုပြင်ပြောင်းလဲမှုကိုလိုလားသူများကိုပါ စည်းရုံးနိုင်လျှင် ဖြစ်နိုင်ချေရှိတယ် မဟုတ်ဘူးလား။

အဖြေ ၆။ အဲဒီအိပ်မက်အတိုင်း တကယ်ဖြစ်လာနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် သတိပြုစေလိုတာက ကာကွယ်ရေးဦးစီးချုပ်ဟာ တပ်မတော်ကိုယ်စားလှယ်များအား ကြိုက်သလို ရွေးချယ်ခွင့်၊ ဖယ်ရှားခွင့်ရှိနေတယ်။ ပြုပြင်ပြောင်းလဲ လိုတဲ့စစ်သားကိုယ်စားလှယ်များဟာ အချိန်မရွေးဖယ်ရှားခံလိမ့်မယ်။

ထို့ကြောင့် စစ်တပ်ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်နိုင်တဲ့ ပြုပြင်ပြောင်းလဲမှုဆိုတာ အဓိက အခန်းကြီများနှင့် မပတ်သက်သော သာမန်အသေးအမွှား ပုဒ်မများနှင့်သက်ဆိုင်တော့ ကဏ္ဍများတွင်သာ မျှော်လင့်လို့ရမှာဖြစ်တယ်။

မေးခွန်း ၇။ ကဲဗျာ ဒါဆိုလဲ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့က ဒီနအဖကလူတွေ ရှိနေသရွေ့တယ်မလွယ်ပါလား။ သူတို့တွေဟာ ၂၀၁ဝပြီးရင် အုပ်ချုပ်ရေးဖွဲ့စည်းပုံကတော့ ပြောင်းသွားမှာပဲဟာ၊ အဲဒီကျမှ ပြုပြင်ပြောင်းလဲရေးအတွက် အတားအဆီးဖြစ်နေသူတွေကို တရားဥပဒေအရ အရေးယူနိုင်အောင် ကြိုစားမယ်။ သူတို့ဘေးကို လွှင့်သွားအောင် ဝိုင်းလုပ်ကြမယ်ဆိုရင်ကောဗျာ။

အဖြေ ၇။ ဒီမေးခွန်းဟာ ဘာနဲ့အလားတူနေလဲဆိုတော့၊ တကယ့်စစ်မြေပြင်မှာ ရန်သူကိုအနိုင်ယူဖို့မလွယ်လို့ အသေအချာပြင်ဆင်ထားတဲ့ သူ့ဘန်ကာထဲအထိလိုက်ပြီးမှ သတ်မယ်ဆိုတဲ့အယူအဆလိုပဲ။ နအဖဟာ သူတို့ဖွဲ့စည်းပုံမှာ တိုင်းပြည်ရှေ့ရေးအတွက် စစ်မှန်တဲ့တရားမျှတမှု၊ လွတ်လပ်မှု၊ နဲ့ လူ့အခွင့်အရေး များအတွက် ဘာမှလုံလောက်တဲ့ အာမခံချက်ပေးမထားပေမယ့်၊ သူတို့ရှေ့ရေးအတွက်တော့ အာမခံချက် အပြည့်အဝယူထားပါတယ်။ အခုချိန်အထိ ၂၂ကျော်အတွင်း လုပ်ဆောင်ခဲ့သမျှရော ၂၀၁ဝအပြီး အစိုးရဖွဲ့ပြီးသည်အထိ သူတို့လုပ်ခဲ့သမျှအရာအားလုံးအတွက် ဘယ်လိုတရားဥပဒေအရမှ စွဲဆိုနိုင်စေခြင်းမရှိရဟု အခြေခံဥပဒေအတွင်းမှာ အတိအလင်းထည့်သွင်းထားပါတယ်။

ထို့ကြောင့် ၂၀၁ဝ ပြီးသွားလျှင်လည်း သူတို့သည် တရားဥပဒေ အထက်တွင်ရှိ နေအုံးမှာဖြစ်ပြီး နိုင်ငံပိုင် စီးပွားရေးများ၊ ပိုင်ဆိုင်မှုများကို လက်လွတ်စပါယ် ပေးချင်ရာပေး၊ ခွဲချင်သလိုခွဲခဲ့သမျှ၊ ဒီပဲယင်း ကဲ့သို့ အလွန်ကြီးမားလှသော ရာဇဝတ်မှုကြီး ကျူးလွန်ခဲ့သမျှ အရာအားလုံးအတွက်၊ ဘာမှအရေးယူမခံရပဲ လွတ်ငြိမ်းချမ်းသာ ခွင့်ရနေကြမှာဖြစ်ပါတယ်။

မေးခွန်း ၈။ ဒါဆို ကျုပ်တို့လိုပြည်သူတွေ အနေနဲ့ဘာများတတ်နိုင်သေးတုံး။

အဖြေ ၈။ ပြည်သူများ အနေနဲ့ ယခုလာမယ့်ရွေးကောက်ပွဲအပေါ်မှာ မျှော်လင့်ချက်များများစားစား သိပ်မထားနိုင်ပါ။ မျှော်လင့်ချက်မထားနိုင်သဖြင့် စိတ်မဝင်စားဟုဆိုတာ ဖာသိဖာသာနေလို့လဲမဖြစ်ပါ။

ဆန္ဒမဲတခုခြင်းသည် မိမိကိုယ်တိုင်နှင့် မိမိမျိုးဆက်သစ်တို့ အနာဂါတ်အတွက် အလွန်အရေးပါသော အုတ်တစ်ချပ်စီ ဖြစ်သည်ကို သတိပြုစေလိုတယ်။

ခြောက်တိုင်းကြောက်၊ သွေးဆောင်ဖြားယောင်းခံရတိုင်း နားယောင်ကာ တိုင်းပြည်အကျိုးသယ်ပိုးနိုင်မည်ဟု မိမိမယုံကြည်သော ပါတီနှင့် ကိုယ်စားလှယ်များအား မျက်စိမှိတ်မထောက်ခံလိုက်ဖို့ အလွန်အရေးကြီးပါတယ်။ မဲပေး၊ မဲရေတွက်သည့် လုပ်ငန်းစဉ်များတွင် မှန်ကန်မှုရှိစေရန်၊ ထင်သာမြင်သာရှိစေရန် ပြည်သူအပေါင်းမှ တာဝန်သိစွာ ဝိုင်းဝန်ကူညီ စောင့်ကြပ် လုပ်ဆောင်ပေးနိုင်လျှင် ရေနက်ထဲ စုန်းစုန်းမြုတ်သည့်အဖြစ်မှ ရှောင်လွှဲနိုင်ပြီး အနည်းဆုံးတော့ ရေတိမ်မှာ နှာခေါင်းလောက်တော့ ပေါ်နေနိုင်သေးသည့်အခြေအနေကို ဖန်တီးနိုင်ဖို့ရာ အခွင့်အလမ်းရှိပါသေးတယ်။

One comment

  • yannaingech

    June 10, 2010 at 2:14 pm

    ရင်မောစရာတော့ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်လက်ထဲကမဲကို ကိုယ်တိုင်ယုံကြည်တဲ့သူတွေလည်း အများကြီးရှိမှာပါ။ ရှိနိုင်ပါစေလို့ ဆုတောင်းကြရအောင်ဗျာ…

Leave a Reply