သဘာဝကျကျစိုက်ပျိုးနည်း အပိုင်း (၂) (update)

Wai Aung Chan MyoApril 1, 20121min640

မြေဆီလွှာတစ်ခု၏ အာဟာရဓါတ်ပြည့်ဝမှု၊ ထိန်းသိမ်းမှုတို့ကို မြေကြီးထဲရှိ အဏုဇီဝသက်ရှိ များက အဓိကနေရာမှ တာဝန်ယူထိန်းညှိဆောင်ရွက်ပေးနေပါသည်။ ထိုအဏုဇီဝပိုးများသည် မြေကြီးထဲရှိ အာဟာရဓါတ်များကို အပင်မှ အလွယ်တကူ စားသုံးနိုင်ရန် ပြုလုပ်ပေးသည့်အပြင် ၎င်းတို့ကိုယ်တိုင်လည်း ပတ်ဝန်းကျင်ရှိ အတူနေရန်သူများ၏ စားသောက်ခံရခြင်းဖြင့် အပင်၏ပတ်ဝန်းကျင်တွင် အာဟာရဓါတ်များ တိုးပွားစေပါသည်။

ထို့ကြောင့် မြေဆီလွှာတစ်ခု၏ အရည်အသွေးသည် ပတ်ဝန်းကျင်ရှိ အဏုဇီဝပိုးများနှင့် ၎င်းတို့ကို စားသောက်သော သဘာဝရန်သူများ၏ အရည်အတွက်အနည်းအများပေါ် မူတည်နေပါသည်။ ဘက်တီးရီးယားကဲ့သို့ အကောင်ငယ်အဏုဇီဝပိုးများမည်မျှပင်များစေ၊ ၎င်းတို့ကိုစားသောက်သော ပရိုတိုဇိုးဝါး၊ နီမတုတ်ကဲ့သို့ အဏုဇီဝပိုးကြီးများလုံးဝမရှိလျှင်သော်၎င်း၊ လိုအပ်သည်ထက် အရည်အတွက်နည်းပါလွန်းလျှင်သော်၎င်း၊ အပင်အတွက် အဓိကလိုအပ်သော အာဟာရဓါတ်အချို့၏ ရာခိုင်နှုန်းအများစုကို ၎င်းဘက်တီးရီးယားများကသာ စုပ်ယူ စားသောက်ထားပေလိမ့်မည်။ ထို့ကြောင့် ၎င်းတို့ကိုစားသောက်သော တနည်းအားဖြင့် ၎င်းတို့၏ သဘာဝရန်သူဖြစ်သော ပရိုတိုဇိုးဝါး၊ နီမတုတ်ကဲ့သို့ အဏုဇီဝပိုးကြီးများသည် လည်း မြေကြီးအတွင်း အသက်ရှင်လှုပ်ရှား ရုန်းကန်နေရန်လိုအပ်ပေသည်။ ထို့နည်းတူ ဘက်တီးရီယားများမရှိခဲ့လျှင်လည်း အပင်အတွက်လိုအပ်သော အဓိကအာဟာရဓါတ်များ ကို ထိန်းသိမ်းပေမည့်သူ မရှိသောကြောင့် အပင်မှာ အာဟာရဓါတ်ချို့ယွင်းပြီး မကြာခင် သေဆုံးပေလိမ့်မည်။

တနည်းအားဖြင့်ဆိုရသော် မြေကြီးအတွင်း အဏုဇီဝပိုးငယ်များနှင့် ၎င်းတို့၏သဘာဝရန်သူ ပိုးများ ဟန်ချက်ညီညီလှုပ်ရှားရုန်းကန်ရင်း အပင်အတွက် အဓိကလိုအပ်သည့်အာဟာရ ဓါတ်များကို ထုတ်လုပ်ပေးနေကြခြင်းဖြစ်သည်။

ထိုကဲ့သို့ မိတ်ဆွေပိုး၊ ရန်သူပိုးတို့ ကောင်းမွန်စွာ ရှင်သန်ကြီးထွားကြရန် သင့်တင့်မျှတသော သဘာဝပတ်ဝန်းကျင် ရာသီဥတုရှိဖို့ လိုအပ်ပေသည်။ ယခုခေတ်တွင် သဘာဝမြေဆီအစား ဓာတ်မြေဩဇာများကို သုံးစွဲလာကြရာမှ ရှေ့ကတင်ပြခဲ့သည့်အတိုင်း မြေကြီးအတွင်း ဓာတု ပစ္စည်းများသာ ထူပြောလာပြီး အပင်အတွက် အဓိကလိုအပ်သော မိတ်ဆွေပိုး၊ ရန်သူပိုးတို့ နေထိုင်ဖို့ရာ ပတ်ဝန်းကျင်ကို ဖျက်ဆီးသကဲ့သို့ ဖြစ်လာသည်။

ထို့ကြောင့် အပင်မှာ ဓာတ်မြေဩဇာ စထည့်ကာစ ၂နှစ်၊ ၃နှစ်အတွင်းသာ တဟုန်ထိုးဖွံ့ဖြိုး ပြီး နောင်နှစ်များတွင် မြေဆီလွှာပျက်ဆီးကာ၊ ဓာတ်မြေဩဇာ ပိုပိုထည့်လာသော်လည်း အထွက်နှုန်းမှာ မတက်လာသည့်အပြင် ပို၍ကျဆင်းလာလေသည်။

(မှတ်ချက်- ယခုအောက်တွင်ဥပမာပေး ဖော်ပြသည့်ပိုးအမျိုးအစားသည် အပင်ရွက်စားပိုး၊ အမြစ်ဖျက်ပိုး၊ အဖျက်မှို စသည်တို့ကို ဆိုလိုသည်။ အထက်ကဖော်ပြခဲ့သည့် မိတ်ဆွေပိုး၊ ရန်သူပိုးတို့နှင့် မရောထွေးစေလိုပါ။)

ထိုနည်းတူ ဓာတုအဆိပ်ပိုးသတ်ဆေးများကို သုံးစွဲရာတွင် ပိုးပမာဏ ၉၅%သေနှုန်းရှိသည် ဆိုပါစို့။ ထိုပမာဏသည် သဘာဝနည်းဖြင့်ပြုလုပ်ထားသော အရွက်ပိုးသတ်ဆေး၏သေနှုန်း ထက် များစွာပိုသည်။ (သဘာဝပိုးသတ်ဆေး၏ သေနှုန်းသည် ပျမ်းမျှအားဖြင့် ၆ဝ မှ ၇၀% ခန့်ရှိသည်။) သာမာန်အားဖြင့်နှိုင်းဆလျှင် ဓာတုအဆိပ်ပိုးသတ်ဆေးသည် သဘာဝဆေး ထက် ပို၍သာသည် ကောင်းသည်ဟု ထင်ရသည်။ သို့ရာတွင် တကယ်တမ်းအဖြစ်မှန်မှာ ပိုးများကျ၍ ဓာတုအဆိပ်ပိုးသတ်ဆေးဖြန်းရာတွင် ပိုးအကောင် ၁၀ဝတွင် ၉၅ကောင် သေ ဆုံးသော်လည်း အသက်ရှင်ကျန်ရစ်သော ပိုး ၅ကောင်သည် ဆေးဒဏ်ကို ခံနိုင်ရည်ရှိသွား ပြီး နောက်သူတို့၏ မျိုးဆက်သည် ပို၍ခံနိုင်ရည်ရှိသွားသည်။ ထိုကျန်ရစ်သောပိုး ၅ကောင် မှ ဆင့်ပွားပေါက်ဖွားလာသော မျိုးဆက်သည် ပထမအကြိမ်ဖြန်းသည့် ဓာတုအဆိပ်ပိုးသတ် ဆေး၏ ဒဏ်ကို ခံနိုင်ရည်ရှိသွားသည့်အတွက် ဆေးမတိုးတော့ပေ။ ထို့နောက် ထိုမျိုးဆက် မှ ပေါက်ဖွားတိုးပွားလာသော အကောင်အရေအတွက်သည် ပတ်ဝန်းကျင်တွင် ၁၀၀%နီးပါး ရှိလာပေလိမ့်မည်။ ထိုအခါ ပထမဆုံးအကြိမ်ဖြန်းသည့် ဓာတုပိုးသတ်ဆေးသည် ဆေးမတိုး တော့ပေ။ ထို့ကြောင့် စိုက်ပျိုးရေးသမားသည် နောက်ထပ်အမျိုးအစားမတူသည့် ဓာတုပိုး သတ်ဆေးတစ်မျိုးကို ထပ်ဖြန်းပေမည်။ ထိုဆေးလည်း ကြာလာသောအခါ ပထမနည်းတူ ၎င်းဆေးကိုယဉ်သော ပိုးမျိုးဆက်ဖြစ်လာပေသည်။

ထိုအခါ ၎င်းခံနိုင်ရည်ရှိသည့်ပိုးများသည် ဓာတုအဆိပ်ပိုးသတ်ဆေး၂မျိုးစလုံးခံနိုင်ရည်ရှိ သည့် စွမ်းရည်မြှင့်ပိုးများဖြစ်လာပေသည်။ နောက်ထပ်နောက်ထပ် သုံးသည့် မတူသော ဓာတုအဆိပ်ပိုးသတ်ဆေး အမျိုးအစားများစွာလည်း ထိုနည်း၎င်းပင်ဖြစ်ကာ ဓာတုအဆိပ် ပိုးသတ်ဆေးမျိုးများစွာကို ခံနိုင်ရည်ရှိသည့် အထူးစွမ်းရည်မြှင့်ပိုးများဖြစ်လာပေသည်။

၎င်းအချိန်တွင် မည်သည့်ပိုးသတ်ဆေးမှ မနိုင်သည့်အဆင့် ရောက်ရှိသွားလေသည်။

သဘာဝပိုးသတ်ဆေးမှာမူ ထိုကဲ့သို့ မဟုတ်ဘဲ သဘာဝတရားဖြင့် သဘာဝလောကကို ဟန်ချက်ညီညီ ထိန်းညှိထားခြင်းဖြစ်သည်။ သဘာဝပိုးသတ်ဆေး၏ အဓိကရည်ရွယ်ချက် မှာ ပိုးများကိုသေစေလိုခြင်းမဟုတ်ဘဲ ပိုးများကို မိမိစိုက်ပျိုးထားသောအပင်ကို မကျရောက်၊ မဖျက်စီးစေလိုခြင်းဖြစ်သည်။ ထိုမှသာ သဘာဝတရားကို ထိန်းသိမ်းရာ ရောက်ပေသည်။

အောက်ပါဆေးဖော်စပ်နည်းများသည် ဓါတ်မြေဩဇာအစားထိုး၊ ဓာတုအဆိပ်ပိုးသတ်ဆေး အစားထိုး ဆေးနည်းများဖြစ်ကာ လက်တွေ့စမ်းသပ်အောင်မြင်ထားသော ဆေးနည်းများဖြစ် သည်။ ထိုနည်းများကို သစ်မွွှေးစိုက်ပျိုးသူမိတ်ဆွေများ အကျိုးဖြစ်ထွန်းစေခြင်းအလို့ငှာ မချွင်းမချန် ဖော်ပြပေးလိုက်ပါသည်။ လိုအပ်သလို၊ ဉာဏ်ရှိသလို ဖော်စပ်သုံးစွဲနိုင်ပါသည်။

ဆက်ရန်ရှိသည်။