ခိုင်တိုစန် (Chitosan) သဘာဝပိုးသတ်ဆေး(သို့) ရွက်ဖြန်းအားဆေးအကြောင်း

Wai Aung Chan MyoMarch 31, 20121min590

ခိုင်တိုစန်သည်အပင်မှ အပင်ရောဂါပိုးဆန့်ကျင် ပစ္စည်းများ ပုံမှန်ထက် အဆများစွာ တိုးတက်ထုတ်လုပ်နိုင်အောင် လှုံ့ဆော်ပေးနိုင်သည့်သဘာဝဩဂဲနစ်ဓါတုပစ္စည်း ဖြစ်ပါသည်။ ခိုင်တိုစန်သည် ဘက်တီးရီးယားနှင့် မှိုရောဂါများကို အထူးနှိမ်နင်းပေးနိူင်သည့်အပြင် သံမွှားကောင် များကိုလည်း  ကြေပျက်စေနိုင်ပါသည်။ ဤ နည်းအားဖြင့် အပင်ရောဂါ ဖြစ်စေသောဘက်တီးရီးယားမျိုးပွားမှု လျော့နည်းကာ တဖြည်းဖြည်း ပျက်သုဉ်းသွားမည် ဖြစ်ပါသည်။ ထို့ပြင် အပင် ရောဂါပိုးများမှ ထွက်ရှိလာသော အဆိပ်နှင့်အပင်ကို အန္တရာယ်ပြုမည့် အင်ဇိုင်းများကို ခိုင်တိုစန်မှ ဆွဲဆောင်

စုခဲပေးပြီး ၎င်းတို့၏အာနိသင်များပျက်ပြယ်သွားအောင် ပြုလုပ်ပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးသည်။

ခိုင်တိုစန်သည် အပင်၏ သဘာဝဝင်ပေါက်များနှင့် အနာဒဏ်ရာများ မှတဆင့် ဝင်ရောက်တတ်သော ဘက်တီးရီးယားပိုးများနှင့် အပင်ဆဲလ်များ

အားတွယ်ကပ်ထိုးဖောက် ဝင်ရောက်တတ်သော ဗိုင်းရပ်ပိုးများရန်မှလည်း အထက်ပါနည်းဖြင့် ကာကွယ်ပေးနိုင်သည်။ အခြားတစ်နည်းအားဖြင့် မြေကြီးထဲသို့ ခိုင်တိုစန်ဖျန်းပေးခြင်းဖြင့် မြေကြီးတွင်းရှိ အပင်ရောဂါပိုးများ လျော့နည်းကျဆင်းလာစေပြီး၊ မြေဆီလွှာနှင့်အပင်အကျိုးပြု အဏုဇီဝပိုးများကိုမူ

ပိုမိုတိုးပွားလာစေပါသည်။ အချုပ်အားဖြင့်ဆိုသော် အပင်များကို ခိုင်တိုစန်ဖျန်းပေးခြင်းအားဖြင့် အပင်ရောဂါများကိုကာကွယ်ပေးခြင်း၊ အပင် ကြီးထွားမှုကောင်းစေခြင်းနှင့်၊ အင်းဆက်ပိုးမွှားဒဏ်ခံနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ တစ်ပြိုင်နက် ရရှိစေနိုင်ပါသည်။

ခိုင်တိုစန်သည် အထက်ဖော်ပြပါနည်းများဖြင့် အပင်၏ရောဂါများကို ခုခံတွန်းလှန်သောဖြစ်စဉ်အမျိုးမျိုးကို ဆပွားတိုးတက်လာအောင် ဆောင်ရွက်ပေးသောကြောင့် စိုက်ခင်းရှိအပင်များတွင် ရောဂါမကျရောက်မီ ခိုင်တိုစန်ကို ကြိုဖျန်းထားမှသာလျှင် ထိရောက်စွာ ကာကွယ်နိူင်မည်ဖြစ်သည်။

ထို့ကြောင့် အပင်အနည်းငယ်တွင် ရောဂါစတွေ့ နေပြီး အခြားအပင်များသို့ရောဂါမကူးစက်သေးခင် စောလျင်စွာဖျန်းထားရန်လိုအပ်ပါသည်။ ထို့ပြင် အာလူးလောင်မဲကဲ့သို့သော ရောဂါမျိုးကို ခိုင်တိုစန်တစ်မျိုးတည်းသုံး၍ မနှိမ်နင်းသင့်ပေ။ ခိုင်တိုစန်သည် ဓာတုဆေးများကဲ့သို့ အပင်ပေါ်တွင် စွမ်းအားပြည့်

ကြာရှည်စွာ နေနိုင်ခြင်းမရှိသောကြောင့် တစ်ပတ်တစ်ကြိမ်ဖျန်း၍အသုံးပြုသင့်ပါသည်။ ခိုင်တိုစန်ကို အပင်ပေါ်ဖျန်းထားပါက ဦးစွာရောဂါ ကာကွယ်စေနိုင်ပြီး၊ ရက်အနည်းငယ်အကြာတွင် အပင်ကြီးထွားမှုနှင့်ခံနိူင်ရည်ရှိမှုကိုအားပေးသော glucosamine အဖြစ် ဓါတ်ပြောင်းလဲသွားပါသည်။ သို့သော် အပင်၏မူလဇီဝကမ္မဖြစ်စဉ်များကို ထိခိုက်မှုမဖြစ်ပေါ်နိူင်ကြောင်းသုတေသနပြုထားပြီးဖြစ်ပါသည်။

ခိုင်တိုစန်ကို စားသောက်ကုန်ပစ္စည်းများနှင့် တိုင်းရင်းဆေးဝါးအချို့တွင ်ထည့်သွင်းအသုံးပြုနိူင်သောကြောင့် အစာ လမ်းကြောင်းထဲသို့ ခိုင်တိုစန်ဝင်ရောက်သွားသည့်တိုင်အောင် အဆိပ်မဖြစ်စေနိူင်ပါ။ ထို့ကြောင့် ဆေးဖျန်းလုပ်သားများနှင့် စားသုံးသူပြည်သူများအတွက ်အန္တရာယ်မရှိ။ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်ညစ်ညမ်းမှု မဖြစ်စေနိူင်ပါ။ ဤသို့ အန္တရာယ်ကင်းရှင်းမှုကြောင့် ရိတ်သိမ်းပြီးဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ရောဂါဝင်၍ပုပ်သိုးခြင်းမဖြစ်စေရန်၊ ကြာရှည်အထားခံနိူင်ရန်နှင့် အရောင်လှပမှုများအတွက်သာမက ဓာတုဆေးသုံးရန်မသင့်လျော်သော ရိတ်သိမ်းချိန်လွန် ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်များတွင်လည်း ခိုင်တိုစန်ကိုကမ္ဘာအနှံ့ တွင်ကျယ်စွာအသုံးပြုနေကြပြီဖြစ်သည်။

ခိုင်တိုစန်ကိုသိုလှောင်သိမ်းဆည်းရာတွင် အအေးခန်းမလိုသော်လည်း အပူချိန်မြင့်တက်နေသောဂိုဒေါင်ထဲတွင်လပေါင်းများစွာသိုလှောင်၍ မရပါ။ ပူသောနေရာတွင် လအတန်ကြာထားပါက ခိုင်တိုစန်သည် glucosamine အဖြစ် ဓါတ် ပြောင်းလဲသွားပြီး အပင်ကြီးထွားမှုကိုအားပေးသော်လည်း ရောဂါကာကွယ်သည့်အာနိသင်များစွာ လျော့နည်းနိူင်ပါသည်။

ဓာတုဆေးဖြင့်နှိမ်နင်း၍မရသော “ဘက်တီးရီးယားပင်ညှိုးရောဂါ” ကို ခိုင်တိုစန်ဖြင့် အတိုင်းအတာတစ်ခုအထိ နှိမ်နင်းနိူင်ခြင်း၊ ပမာဏအနည်းငယ်ဖြင့်ထိရောက်မှုကောင်းအောင်ဆောင်ရွက်နိူင်ခြင်း၊ နိူင်ငံခြားပို့ကုန်၏ ဘေးထွက်စွန့်ပစ် ပစ္စည်းဖြစ်သော ပုစွန်ခွံမှ ထုတ်ယူရရှိနိူင်ခြင်းကြောင့် စီးပွားရေးတွက်ခြေကိုက်သည့်အပြင် ဓာတုဆေးများနှင့်နှုင်းယှဉ်လျှင်ဈေးနှုန်းလွန်စွာသက်သာခြင်း၊ ကုန်ကြမ်းပစ္စည်းပြတ်လပ်မှု၊

ဈေးတက်မှုပြဿနာများ နည်းပါးသည့် “စဉ်ဆက်မပြတ်ပေါများ စွာ ထုတ်လုပ်ရရှိနိူင်သည့်ပစ္စည်း” ဖြစ်ခြင်းတို့သည် နိူင်ငံတော်အတွက် ရေရှည်အကျိုးစီးပွားများစွာဖြစ်ထွန်းစေမည့် သဘာဝ အဖိုးတန်ဩဂဲနစ်ဓာတုပစ္စည်း ဖြစ်ပါသည်။