စည်းကမ်းရှိစေချင်ပါသည်။

pyiminluMarch 31, 20121min570

ဒီနေ့ မနက် ပျင်းပျင်းရှိတာနဲ့ မန်းလေးမြို့ထဲ ဆိုင်ကယ်စီးပြီး အိမ်ကနေထွက်၊ ကျူံးမြောက်ဘက်လမ်း အတိုင်း အနောက်ကိုမောင်း၊ ပြီး လမ်း၈ဝ အတိုင်း ဟိုကြည့် ဒီကြည့်နဲ့ သွားလိုက်တာ ၃၅ လမ်း မီးပွိုင့်လဲ ရောက်ရော ကားတွေ၊ ဆိုင်ကယ်တွေ က လမ်းလေးခွမှာ လမ်းအပြည့်နဲ့၊ ယာဉ်ထိန်းရဲကလည်း ၃၅ ကုန်းတံတားပေါ်က ဆင်းလာတဲ့ ကား မှန်သမျှကို လမ်း၈ဝ မြောက်ဘက်ကိုဘဲ ကွေ့ခိုင်းနေတော့ စိတ်ထဲမှာ ၈၁၊ ၈၂ လမ်းဘက်မှာ ယာဉ်တိုက်မှု ဖြစ်လို့လားလို့ အရင်တွေးမိတယ်။ နောက်တော့ NLD နဖူးစည်း စည်းပြီး ခွပ်ဒေါင်းအလံတွေ လွှင့်လာတဲ့ ဆိုင်ကယ်တွေ မြင်တော့မှ NLD မဲဆွယ်လှုပ်ရှားမှုကြောင့်လို့ သဘောပေါက်ပြီး လမ်း၈ဝ အတိုင်း ဆက်ထွက်လာလိုက်တာ ၃ရလမ်းရောက်တော့ NLD မဲဆွယ်စည်းရုံးရေး ကားတန်းကြီးကို အနောက်ကနေ အရှေ့ကို သွားနေတာ တွေ့လိုက်ရတယ်။

ကားတန်းနဲ့ လိုက်ပါလာတဲ့ ကားပေါ်က ထောက်ခံသူတွေ၊ ဆိုင်ကယ်နဲ့ လိုက်တဲ့ ထောက်ခံသူတွေရဲ့ မျက်နှာမှာ ယုံကြည်ချက်နဲ့အတူ ဖြစ်လာတဲ့ တက်ကြွ ပျော်ရွှင်မှုတွေကို မြင်တွေ့ရပြီး တေးသီးချင်း၊ ကြွေးကြော်သံတွေကို သီဆိုပြီး လိုက်ပါလာတာကို တွေ့ရပါတယ်။ လမ်းဘေးဝဲယာက ပြည်သူတွေကလည်း လမ်းမပေါ်ထွက်ပြီး လက်ခုပ်တီး အားပေးကြ၊ ကားပေါ်က ဖွင့်ထားတဲ့ အောင်နိုင်ရေး တေးသံတွေကို လိုက်ဆိုကြ၊ တစ်ယောက်က အမေစု လို့ တိုင်လိုက်ရင် ကျန်သူတွေက ကျန်းမာပါစေလို့ ဖေါက်လိုက် ကြနဲ့ NLD နဲ့ ပြည်သူ အတိုင်အဖေါက် ကို ညီနေကြတာပဲ။  ကျွန်တော်လည်း လမ်းပိတ်နေတုန်း ကားတန်း ဖြတ်အသွားကို စောင့်ရင်း ဒီမြင်ကွင်းတွေကို မြင်ရတော့ ကြက်သီးထမိပြီး ကိုယ်ပါ အများရဲ့ အပျော်တွေ ကူးစက်ဝင်ရောက် လာပါလေရော။ အဲဒါနဲ့ ဆိုင်ကယ်နဲ့ထွက်၊ အကွက်အကွင်းကောင်းရှာ၊ စိမ်ပြေနပြေ ဓါတ်ပုံရိုက်လို့ရရင် ရိုက်မယ်လို့ စိတ်ကူးထားတာကို အသာထားပြီး ကားတန်းနောက်ကို လိုက်ပြီး ဓါတ်ပုံရိုက်ဖို့ ကြိုးစားတော့တာပေါ့။

ဒါနဲ့ ၃၈ လမ်းအတိုင်း အရှေ့ပြန်တက်ပြီး ၇၈လမ်းမှာ ကားတန်းကို ကြည့်တော့ ၃ရ လမ်းအတိုင်း ၇၃ လမ်းဘက်ကို သွားနေတာတွေ့တော့ ၇၈လမ်း အတိုင်းသွား၊ ၃ရလမ်းမှာ ကားတန်းနဲ့ အတူ အရှေ့ကို ဘေးကနေ ဖြေးဖြေးသွားနေတဲ့ ကားတန်းကို ကျော်နိုင်အောင် အမြန်မောင်း၊ ပြီးတော့ ကိုယ်စားလှယ် ဦးအုံးကြိုင်ရဲ့ ကားကို ကျော်အောင်မောင်းပြီး လမ်းနဲနဲကျယ်ပြီ၊း ရေကုသိုလ်လုပ်နေတဲ့ နေရာနားမှာ ရပ်ပြီး မှတ်တမ်းဓါတ်ပုံကို ရိုက်ပါတော့တယ်။ ယာဉ်တန်းလည်းဆုံးရော အားမရသေးတာနဲ့ ၃ရလမ်းကနေ ၃၅လမ်းဘက်ထွက်၊ ၇၃ လမ်းကျတော့ လမ်းပိတ်တာနဲ့ ၃၄ လမ်းအတိုင်းအရှေ့လိုက်ပြီး ဂေါ်ရာဓါတ်ဆီဆိုင်နား ကနေ ၃၅ လမ်းပေါ် ပြန်ထွက်ပြီး ပါလာတဲ့ ဖုန်းနဲ့ ဗီဒီယို မှတ်တမ်းတင်ခဲ့ပါတယ်။

မနက်က တွေ့ကြုံခဲ့ရတဲ့ အခြေအနေမှာ ယာဉ်ထိန်းရဲတွေ တာဝန်သိသိနဲ့ ယာဉ်လမ်းမပိတ်ဆို့အောင် လုပ်ဆောင်တာကို မြင်ရတော့ စိတ်ထဲကနေ ချီးကျူးမိပါတယ်။ ထို့အတူ ကားတန်းနဲ့ လိုက်ပါတဲ့ ဆိုင်ကယ်က များလည်းများ တချို့မောင်းကြတာတွေက အန္တရာယ်များတယ်လို့ ခံစားမိတော့ စိတ်ထဲမှာ ဖြစ်လာတာက ပျော်တာကနေ မပျက်ကြပါစေနဲ့၊ တချို့ တချို့တွေကြောင့် NLD ရဲ့ Image ကို မထိခိုက်ပါစေနဲ့၊ အောင်နိုင်ရေး လှုပ်ရှားမှုကို သင်္ကြံန်လို သဘောမထားကြပါစေနဲ့ စတဲ့ ခံစားချက်များ ဖြစ်ပေါ်ခဲ့ပါတယ်။ NLD က တာဝန်ရှိသူလို့ ယူဆရတယ့် အမကြီး တစ်ယောက်ကတော့ လူငယ်များကို ဆိုင်ကယ်များ လမ်းပိတ်ဆို့မှု မဖြစ်စေရေး၊ စည်းကမ်းရှိရေးကို ဆိုင်ကယ်နဲ့ လိုက်ပြီး ဆော်ဩနေတာကို တွေ့ရပါတယ်။ ဒါကြောင့် စိတ်ထဲမှာ NLD အနေဖြင့် နောင်ပွဲများမှာ ပါတီ ဂုဏ်မြင့်အောင် စည်းကမ်းတကျဖြစ်ဖို့၊ သူကြီးကိုးကားတဲ့ ဗိုလ်ချုပ်ရဲ့ အချိန်မရောက်မီ တက် မထောင်မိစေဖို့၊ စည်းစည်းလုံးလုံးနဲ့ အများအားကျဖွယ် ပါတီဝင်တွေ ဖြစ်အောင် အောင်နိုင်ရေး အဖွဲနဲ့ အတူ ပညာပေး နှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များကိုလည်း NLD အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ ဖွဲ့စည်းသင့်ကြောင်းကို ကိုပေါက်(မန္တလေး)ရဲ့ စကားအတိုင်း အတွေးလက်ဆောင် ပါးပါးလေးကို မိမိကိုယ်ပိုင်အမြင်ဖြင့် ရေးလိုက်ပါသည်။

 

ပြည်မင်းလူ