မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါဘီ ရောဂါပိုး သယ်ဆောင်ထားသူူ ဦးရေမှာ နိုင်ငံလူဦးရေ၏ ၁ဝ ရာခိုင်နှုန်းခန့် ရှိကြောင်းသိရ

ShwemannmayJune 11, 20101min550

မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါ ‘ဘီ’ ပိုးကူးစက်ပြန့်ပွားမှုနှုန်းမှာ နိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးခန့်ရှိပြီး အသည်းရောင်အသားဝါ ‘ဘီ’ ရောဂါပိုး သယ်ဆောင်ထားသူဦးရေမှာ နိုင်ငံလူဦးရေ၏ ၁ဝ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။

လူကြီးများတွင် အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံရပါက ၁ဝ ရာခိုင်နှုန်းမှာ နာတာရှည် ရောဂါပိုးသယ်ဆောင်သူ (Chronic carrier) များ ဖြစ်သွားနိုင်ပြီး ၎င်းတို့အနက်မှ ၅ဝ ရာခိုင်နှုန်းသည် နောက်ဆက်တွဲ အသည်းရောဂါများ ဖြစ်လာ နိုင်ကြောင်းနှင့် မွေးကင်းစကလေးငယ်များတွင် အသည်းရောင် အသားဝါ ဘီပိုး ကူးစက်ခံရပါက ၉ဝ ရာခိုင်နှုန်းသည် နာတာရှည်ရောဂါပိုး သယ်ဆောင်သူဖြစ်သွားပြီး ၎င်းတို့အနက် ၃ဝ ရာခိုင်နှုန်းသည် နောက်ဆက်တွဲ အသည်းရောဂါများ ဖြစ်လာနိုင် ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးကြောင့် ဖြစ်တဲ့ အသည်းကင်ဆာရောဂါက ဖြစ်ပွားမှုအများဆုံး ရောဂါထဲမှာပါပါတယ်။ အခုနောက်ပိုင်းတော့ အသည်းနဲ့ပတ်သက်တဲ့ ကျန်းမာရေး အသိတွေကို ပြည်သူတွေက အရင်က ထက်ပိုသိလာကြပါပြီ။ အသည်းရောင်အသားဝါ ဘီပိုးအတွက် ထိရောက်တဲ့ ကာကွယ်ဆေးရှိပေမယ့် ရောဂါဖြစ်လာခဲ့ရင်တော့ ကုသပျောက်ကင်းဖို့ မလွယ်ကူတဲ့အတွက် မဖြစ်ခင် ကြိုတင်ကာကွယ်ဆေးထိုးခြင်းကသာ ထိရောက်ပါတယ်”ဟု အသည်း ရောဂါဆိုင်ရာ ဆရာဝန်က ဆိုပါသည်။

အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးကို ရောဂါပိုးနှင့်ထိတွေ့ရန် အခွင့်အရေးများသူများ (၀၊၁၊ ၂၊၁၂) အတွက် စထိုးပြီးရက်နှင့်တစ်လအကြားတွင် တစ်ကြိမ်၊စထိုးပြီးရက်နှင့်နှစ်လအကြာတွင် တစ်ကြိမ် ထိုးနှံရပြီး နောက်ဆုံးအလုံးကိုမူ စထိုး ပြီးရက်နှင့် တစ်နှစ်အကြာတွင် တစ်ကြိမ်ထပ်မံထိုးနှံပေးရကြောင်း၊ အခြေခံကာကွယ်ရန် (၀၊၁၊၆) အတွက် စထိုးပြီးရက်နှင့်တစ်လအကြာတွင် တစ်ကြိမ်၊စထိုးပြီးရက်နှင့်ခြောက်လအကြာတွင် တစ်ကြိမ် ထိုးနှံရကြောင်း သိရသည်။

“ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) က ဖွင့်လှစ်ထားတဲ့ ကာကွယ်ဆေးနှင့် ရောဂါရှာဖွေရေးဆေးခန်းမှာ ၁၉၉၈ ခုနှစ်ကစပြီး အသည်းရောင်အသားဝါဘီ ကာကွယ်ဆေးကို စတင်ထိုးနှံပေးခဲ့ပါတယ်။ အဲ့ဒီဆေးခန်းမှာက ရောဂါပိုးရှိ၊ မရှိ အရင်စစ်ဆေးပေးပြီး ရောဂါမရှိမှသာ ကာကွယ်ဆေးထိုးနှံပေးပါတယ်။ ကာကွယ်ဆေးကထိုးပြီး ငါးနှစ်အထိ အာနိသင်ရှိတဲ့အတွက် ငါးနှစ်ကြာရင် ကာကွယ်ဆေးပြန်ထိုးပေးဖို့ လိုပါတယ်” ဟု ဒေါက်တာဝင်းအောင် ညွှန်ကြားရေးမှူး ဆေးသု တေနဦးစီးဌာန (အောက်မြန်မာပြည်)မှ ဆိုပါသည်။

********

ပိုးရှိမရှိစစ်ဆေးခ ၁၀၀၀ဝ ကျော်ကျော်ကုန်ကျပါမယ်။

ဆေးကတော့သိပ်ဈေးမကြီးပါဘူး။

ထောင်ပိုင်းပါပဲ။  အတိအကျမသိလို ့မရေးတော့ပါဘူး။ အရင်ကထက်တော့သက်သာလာတာသေချာပါတယ်။

တတ်နိုင်ရင်ထိုးထားသင့်ပါတယ် ။ ကာကွယ်ခြင်းပာာကုသခြင်းထက်ကောင်းတယ်ဆိုတယ်မို ့လား။