စီဂျေကြီး ကိုထူးဆန်း စီဂျေ မှ နုတ်ထွက်တော့မည် ဆိုသော သတင်းသည် စီဂျေကြီးနေထိုင်ရာ မရမ်းကုန်းရပ်ကွက် အတွင်း တောမီး အလား အလျှင်အမြန် ပြန့်နှံ့သွားသည်။ ရပ်ကွက်အတွင်း တီးတိုး တီးတိုး ဆိုကုန်ကြသည်။ ဒီမိုကရေစီ စံနစ်ကြီးထဲ ဘာကြောက်ရမှာလဲ၊ ကိုယ့်အတွေးအမြင် ကိုယ်ထင်ရာ လွတ်လပ်စွာ ပြောဆိုနိုင်တာဘဲဟု ဟစ်အော်နေကြဖြစ်သော စီဂျေ အိမ်ဘေးမှ ကိုသော်တာ တောင် ကျယ်ကျယ် မပြောရဲသေး။ မတော်လို့ ဒီသတင်း မဟုတ်ခဲ့လျှင် စီဂျေကြီး သူ့ သတင်းထဲမှာ သူ့ကို တဘက်သတ် ထည့်ရေးလိုက်လျှင် အတော် လိုက်ရှင်းနေရဦးမည်။ ရပ်ကွက် ကထိန်တုန်းက သီချင်းဆိုတဲ့ ကောင်မလေးတွေ သူဆုတော်ငွေတက်ချထားတာကို သူနဲ့ကောင်မလေးနှစ်ယောက်ထဲ ပါသည့် ပုံဖြတ်ပြီး ဘာ ဘာ ညာ ညာ လို တင်လိုက်လျှင် ဘောဥက္ကဌ လို နံမည်ကြီးသွားမှာ သူကြောက်သည်။ သူပြောသည့် စကားလုံးများထဲမှ ရွေးပြီး မဒမ်သော်တာ ပွဲကြမ်းစေမည့် စာသားတွေဘဲ ရွေးထည့်လိုက်က ဒုက္ခ ရောက်သွားနိုင်သည်။ တစ်ရပ်ကွက် လုံးမှာ ဘယ်လိုဖြစ်တာလဲ၊ ဖြုတ်ပြစ်လိုက်တာကို ကြားကောင်းအောင် နုတ်ထွက်တယ်ပြောတာနေမှာ။ ဘာမှတောင် မကြာသေးဘူး။ သို့လော သို့လော နှင့် တစ်ဦးနှင့် တစ်ဦးတွေ့လျှင် ပြောစရာ အတင်းရနေကြလေသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

စီဂျေကြီး ကိုထူးဆန်း အမှန်တကယ် နုတ်ထွက်သွားကြောင်း သတင်းသည်ကား တောမီးထက်မြန်သော ဖေ့စ်ဘုတ် သတင်းအလား ရပ်ကွက် အတွင်း ပြန့်သွားသည်။ဟုတ် တယ် ။ သူ့စီဂျေ ကဒ်ကိုမျက်ရည် အရွဲသား တုန်တုန်ရင်ရင်နှင့် ပြန်အပ်တာတွေ့တယ် ဟု ပြောသော ပဲပြုတ်သည် ဒေါ်အမာမှာ ရပ်ကွက် ဟီးရိုးလောလောဆယ်ဖြစ်သွားသည် ။သူကြီး ဦးခိုင်ရဲ့ မြန်မာပြည် အထူးကိုယ်စားလှယ်တော် ဦးဖောရဲ့ အိမ်မှာ ဟဲ့။ ငါပဲပြုတ်ရောင်းရင်းတွေ့တာလေ ။ သနားပါတယ် ဟယ် ။ကိုထူးဆန်းကြီး ။ သူ့ ကဒ်ပြားကို ဦးဖောကိုပေးတာ တုန်တုန်ရင်ရင်နဲ့ မျက်ရည်တွေလည်းကျလို့ဟဲ့။ ပြောတာတော့ သူ့ဟာသူနုတ်ထွက်တာတဲ့။ ဖြုတ်တာမဟုတ်ပါဘူးဟဲ့။ Breaking News အလား သူတွေ့မြင်သမျှကို မေးလာသူအပေါင်းအား ခေါင်းတခါခါ လည်တခါခါ ဖြင့် ထပ်ခါတလည်းလည်း ပြောပြနေရသည်။

သတင်းသေချာ သိသွားသော ကိုသော်တာ့သား ယောင်စူးခေါင်းဆောင်သော ကလေး အဖွဲ့ က ဟေး ဆို အားရ၀မ်းသာ ၀ိုင်းအော်ကြသည်။ ဦးထူးဆန်း စီဂျေလုပ်တယ် ။ အင်တာမဲထဲမှာ ဓါတ်ပုံတွေရိုက် စာတွေ ရေးတယ် ဆိုကတည်းက သူတို့ ကောင်းကောင်းမဆော့ရတော့ ။ နင်တို့ပုံတွေ အင်တာမဲထဲ ပါသွားချင်လို့လား ဆိုကာ လူကြီးများ၏ အဟန့်အတားခံရမှု တစ်ခုတိုးလာသည်။ ယောင်စူးကတော့ အနော်တို့ ဆော့တာ ရေချိုးတာတွေ ရှက်ရှက်ပေါ်တာတွေ ရိုက်ပြီးတင်လို့ကတော့ တရားစွဲပြစ်မယ်ဗျ ဟုသူ့ အဖေ လေသံဖြင့် ပြောကာ အဆော့မပျက်။ သို့သော် အရင်လို ငါးမမျှားရ ရေးထားသော ရေကန်မှာ ငါးခိုးမျှားတာတော့ မလုပ်ရဲတော့။

ယောင်စူးတို့ အော်သံ ဟေး အသံကိုကြားသော ယောင်စူးတို့ အိမ်မှ ခွေး နက်ကျားကလည်း ထောက်ခံကာ ရှည်ရှည်လျားလျားအူလိုက်သည်။ သူတို့လည်း စီဂျေကြီး ဒဏ်မှ လွတ်ကင်းတော့မည် သိသွားသည့်ပုံပင် ။ နက်ကျားတို့မှာလည်းကထူးဆန်း စီဂျေဖြစ်ပြီးနောက်ပိုင်း တွေ့ရာ နေရာ အီးမပါ သေးမပန်း ရ ရှာတော့၊ အရင်တုန်းက ကိုသော်တာ နှင့် ယောင်စူးတို့ တစ်ခါတစ်လေ အင်းယားကန်ပေါင်ပေါ် လမ်းသွားလျှောက်လျင် သူ့ကို ကြိုးချည်ခေါ်သွားနေကြ။ နက်ကျားလည်း အင်ယားကန်ပေါင် မြက်ခင်းတွေ့လျင် မနေနိုင်တော့၊ သေးပေါက်ရတာ နှင့် ။ အီးပါရတာနှင့် ။ ဒါကို စီဂျေကြီးတွေ့သွားပြီး အများသူငါ ထိုင်ရာ လဲလျောင်းဆော့ကစားရာ မြက်ခင်းမှာ ကိုယ်ချင်းစာနာမှုမရှိ ။ ခွေးများကို ခွေးမွေးသူပိုင်ရှင်များခေါ်လာပြီး အီးပါ သေးပေါက်လုပ်ကြတာကို ကိုယ်စိုက်တဲ့ အပင် ကိုယ်ပြန်မရိတ်ကြဘူးဆိုကာ “ခွေးမွေးပြီး အီးမကြုံးသူပိုင်ရှင်” များ ခေါင်းစဉ်တပ်၍အင်တာမဲပေါ်တင်လိုက်ကြောင်း သတင်းပြန်ကြားပြီးကတည်းက နက်ကျား၏ လွတ်လပ်ခွင့် ဆုံးရှုံးခဲ့ရသည်။ ကန်ဘောင်မှ ခွေးလေခွေးလွင့်များကို ထမင်းကျွေးကျွေးနေသော စေတနာရှင် အဒေါ်ကြီးအားလည်း ငရဲကြီးခံကာ စီဂျေကြီးမှ တားမြစ်သင့်ကြောင်း၊ အများပြည်သူ တို့ အပန်းဖြေရာနေရာတွင် ခွေးလေ ခွေးလွင့်များ မရှိသင့်ကြောင်း ရေးသားလိုက်သည်ဟုလည်း သိလိုက်ရသည်။ အခုတော့ နက်ကျားလည်း လွတ်ပြီကျွတ်ပြီ ထောက်ခံလိုက်သည့်အလား တ၀ူဝူ နှင့် ကလေးများ အော်သံနှင့် အတူလိုက်အူနေ သည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကထူးဆန်း စိဂျေ မှ နုတ်ထွက်ကြောင်း သတင်းအတွက် ကထူးဆန်း၊ မဒမ်ထူးဆန်းတို့နှင့် အပြိုင် အကြီးကျယ်စိတ်မကောင်းဖြစ်နေသည်ကတော့ တစ်အိမ်ကျော်မှ ဒေါ်နုနုထွဋ် ၏ သမီး နှစ်ယောက်ဖြစ်သည့် ခင်ကလျာနုနုထွဋ် နှင့် ခင်သဉ္စာနုနုထွဋ် တို့ အမွှာ ညီအမ။

ကထူးဆန်း ဓါတ်ပုံတွေရိုက် စာတွေရေးပြီး အင်တာမဲပေါ်တင်တာ ပြောသံကြားကတည်းက နှစ်ယောက်သား အပျော်ကြီးပျော်သွားကြတာ။ သူများတွေအင်တာမဲပေါ် ဘယ်လိုပါလာတာ။ သူနဲ့ သူ့ကိုကိုပုံနဲတဲ့။ဒီအပြင် သူတို့မသိ။ အင်တာမဲ ထဲပါလာလျင် လူတွေကသူတို့အကြောင်းပြောမည်။ သူတို့နံမည်ကြီးမည် ဆိုတာဘဲ သိလေသည်။ ထိုအင်တာမဲထဲ ပါအောင် ဘယ်လိုလုပ်ရမလဲ သူတို့မသိ။ ထို့ကြောင့် ကထူးဆန်း အင်တာမဲနှင့် အလုပ်လုပ်နေသည် ကြားတော့ အလွန်ဝမ်းသာသွားကြသည်။ သူတို့အတွက် အားကိုးရာ ကောက်ရိုးတစ်မျှင်တွေ့ပြီဆိုကာ ကထူးဆန်းကြီးကို ဓါတ်ပုံရိုက်ပြီး သူတို့အကြောင်းရေးပေးပါဟု အပူသွားကပ်ကြ၏။ မုန့်ခြင်းဝယ်ပြီး လာ ဂါ ပါ့မယ် တင်ပေးပါ မြူဆွယ်သော်လည်း ကထူးဆန်းက ငါ့ကို လာပြီးလာတ်မထိုးနဲ့။ ငါ ဒါမျိုးလုပ်မစားဟု ဆိုကာ ညင်းလွှတ်သောကြောင့် သူတို့ အကြံမအောင်ခဲ့။

ကထူးဆန်း ရုပ်မြင်သံကြားမှ တီဗွီ အစိအစဉ်များကြောင့် ရိုးရာ အ၀တ်အစားတွေ လုံလုံခြုံခြုံ ၀တ်တာတွေ ကွယ်ပျောက်လာကြောင်း ထို့ကြောင့် မြန်မာလို ရိုးရိုးယဉ်ယဉ်မ၀တ်ဘဲ ဘောင်းဘီတို စကပ်တိုတွေ ၀တ်တာမြင်လျင် ဓါတ်ပုံရိုက်ပြီး အင်တာမဲထဲထည့်ချင်ကြောင်း မဒမ်ထူးဆန်းထံမှ ခိုင်လုံသော သတင်းရလိုက်သည်။ ထိုစဉ်ကတည်းက ညီအမ နှစ်ယောက် ကထူးဆန်း အိမ်ပြန်ရောက်တာ ကြားလျှင် ဘောင်းဘီတို ကြပ်ထုပ်၊ စကပ်တိုနံ့နံ့ နှင့် ကထူးဆန်း အိမ်ရှေ့ လျှောက်ပြန်သံပေး လျှောက် ရသည်မှာ အမောဖြစ်လာသည်။ ကထူးဆန်းကြီး ခိုးရိုက်လိုက်သည်ကိုလည်း သိလိုက်သည်။ သို့သော် မသိချင်ယောင်ဆောင်၍ ဆက်လျှောက်ဆဲ ။ ပုံများများပါအောင် မသိချင်ယောင်ဆောင်၍ ဖြတ်လျှောက်ဆဲမှာပင် ကိုထူးဆန်းနုတ်ထွက်ကြောင်း သတင်းကြားလိုက် ရသည်မှာ သူတို့၏ မျှော်လင့်ချက် အိမ်မက်ပျက်ပြယ်ပါပြီဆိုကာ စိတ်မကောင်းကြီးစွာဖြစ်နေကြရလေသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆက်လက်ဖော်ပြပါမည်။
အခုတော့ ဒီကနေ့ မဲသတင်း အဖြေ သိချင်ဇောနှင့် တင်းနေသော စိတ်များအနည်းငယ် ပြေပျောက်ပါစေဟူသော စိတ်ဖြင့် အရေးပေါ်ရေးသားလိုက်ပါသည်။ ဒေါသပို ရလျင်တော့ ခွေးလွှတ်ပါ။

Happy April Fool.

ရွှင်လန်းပါစေ။
ထူးဆန်း

About ကထူးဆန်း

has written 107 post in this Website..