နောက်တစ်နေ့..နံနက် ကျွန်ုပ်အိပ်ယာနိုးလာတော့…

ကိုအောင်တိုက်မှာ မနေ့ကရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှယူဆောင်လာခဲ့သော စာအုပ်အထူကြီးကို စိတ်ဝင်တစားဖတ်နေသည်ကိုတွေ့ရလေသည်။

ဘေးတွင်ချထားသော လပ်ကီးစရွိုက်စီးကရက်အဆီခံများနှင့်ပြည့်နေသော ဆေးလပ်ပြာခွက်ကိုကြည့်ခြင်းဖြင့် တစ်ညလုံးနီးပါးစာဖတ်ထားသည်ကိုခန့်မှန်းမိပါသည်။

 

အောင်တိုက် ။ ။ ကိုသူရနိုးပြီလားဗျ…ရေသွားချိုးဗျာ…
ပြီးရင် သုံးပန်လှမှာ အာလူးဟင်းချာပါတီလေးကို ချိုစိမ့်လေးတစ်ခွက်နဲ့စားပြီး အချိန်မလင့်ခင်အလုပ်လေးဆက်ကြဦးစို့…

 

ပြောပြောဆိုဆို ကိုအောင်တိုက်သည် စာအုပ်ထူကြီးကိုလက်မှချပြီးနောက် ခြံပြင်သို့ထွက်ပြီး ကျွန်ုပ်တို့နေထိုင်ရာ အမှတ်(၂၃၂)၊ စရည်းပင်လမ်း၊ သုဝဏ္ဏဟူသော ကြေးဆိုင်းဘုတ်အား သေချာစိုက်ကြည့်နေလေတော့သည်..
စိုက်ကြည့်၍ အားရသည်နှင့် ဧည့်ခန်းအတွင်းရှိခုံပေါ်တွင် ပြန်ထိုင်ပြီး စာအုပ်ထူကြီးအားပြန်လည်ဖတ်နေပြန်တော့သည်…

 

ကျွနု်ပ်ရေချိုးပြီး အပြင်သွားရန်အတွက် မော်တော်ကားလေးအား မောင်းနှင်မည်အပြုတွင်…

 

အောင်တိုက် ။ ။ ကိုသူရ ကျွန်တော်မောင်းမယ်ဗျ…. အခုအချိန်မှာ အတွေ့အကြုံမရှိသေးတဲ့ခင်ဗျား ကားမောင်းဖို့မသင့်တော်ဘူး…
ကျွန်တော်တို့သွားမယ့်လမ်းကို ကြိုခန့်မှန်းတဲ့လူရှိသလို…အချိန်မရွေးလုပ်ကြံခံရနိုင်တယ်ဗျ…
စုံထောက်အလုပ်ဆိုတာ အသက်ကိုအလောင်းအစားလုပ်ပြီး အမှန်တရားကိုရှာဖွေရတာမဟုတ်လား…ကိုသူရရယ်…

 

ပြောပြောဆိုဆိုနှင့် ယာဉ်မောင်းသူဘက်တွင် ကိုအောင်တိုက်ဝင်ထိုင်ပြီး သံသုမာလမ်းအတိုင်း မြို့ထဲသို့မောင်းနှင်လာခဲ့ပါသည်…
လမ်းတွင် ကိုအောင်တိုက်ပြောသောစကားများမှာ အတွေ့အကြုံမရှိသူ ကျွန်ုပ်အဖို့ အသဲတယားယား ရင်တဖိုဖိုသာရှိပါတော့သည်…

 

အောင်တိုက် ။ ။ ကိုသူရ အခြေအနေအရ ကျွန်တော်တို့အချိန်မရွေးလုပ်ကြံခံရနိုင်တယ်…
ဒီနေ့မနက်စောစော ကျွန်တော်တို့ အိမ်ကို လာချောင်းကြည့်တဲ့လူရှိတယ်…
ကျွန်တော်တို့ ဘယ်အချိန်အပြင်ထွက်မလဲလို့ သေချာလာကြည့်တာ…
အဲဒီတော့ အခုသွားမယ့်လမ်းတလျောက် အချိန်မရွေး အန္တရာယ်နဲ့ ကြုံနိုင်တယ်…
အခုကျွန်တော်တို့ ရင်ဆိုင်နေရတဲ့လူတွေကလဲ တော်ရုံတန်ရုံအရည်အချင်းနဲ့ ဂိုဏ်းဖွဲ့လှုပ်ရှားနေဟန်မတူဘူး…
ဓနအင်အားရော၊ ပညာဗဟုသုတအင်အားပါတောင့်တင်းလေတော့ သေချာအကွက်ချစီစဉ်ပြီး လုပ်ကြံမယ်ဆိုရင်
လက်သည်တောင်မပေါ်လိုက်ပဲ မာလကဈာန်ကြွသွားနိုင်တယ်…ကိုယ့်လူရေ…

 

သူရ ။ ။ နေပါဦး..ကိုအောင်တိုက်ရယ်…ခင်ဗျားကလဲ အိမ်ကိုလာချောင်းမှန်း ဘယ်လိုသိလဲဗျ.

 

အောင်တိုက် ။ ။ ဒါကတော့ ဒီလိုဗျ… ကျွန်တော်က မနက်တိုင်း အိမ်ရှေ့ထွက်ပြီး အိမ်ကိုပြန်အကဲခတ်တတ်တယ်…
လုပ်ငန်းသဘောအရ အချိန်တော်တော်များများ အပြင်မှာရှိနေတာဆိုတော့ ကိုယ့်လုံခြုံရေးအတွက်လဲဂရုစိုက်ရတယ်ပေါ့ဗျာ…
ကျွန်တော်တို့ရဲ့ အိမ်ခြံစည်းရိုးက နဲနဲမြင့်တော့ချောင်းကြည့်မယ့်လူက ခြေဖျားထောက်ကြည့်မှ အိမ်ထဲကို မြင်သာမယ်…
အဲဒီတော့ ချောင်းကြည့်တဲ့လူက ခြံစည်းရိုးနံရံကို လက်ထောက်အားယူပြီး ကြည့်ရတော့မယ်…
တခြားနေရာကကြည့်မယ်ဆိုရင်လဲ… အိမ်ကပြူတင်းပေါက်တွေ ပိတ်ထားတာကြောင့် ဖွင့်ထားတဲ့အိမ်ရှေ့တံခါးမကြီးက
ကြည့်မှပဲသိနိုင်မယ်လေ…
အဲဒီတော့ သူကလက်ထောက်လိုက်တဲ့နေရာက အိမ်နံပါတ်ရေးထားတဲ့ ကြေးဆိုင်းဘုတ်တစ်ခုဖြစ်နေတော့လက်ရာထင်ကျန်ခဲ့တယ်…
နောက်တစ်ခုထူးခြားတာက လာချောင်းကြည့်တဲ့လူက မိန်းခလေးဗျ…
ပိုပြီးခင်ဗျားမြင်သာအောင်ပြောရင်…ဆံပင်လေးကို အခွေလေးတွေလိုကောက်ပြီး အရောင်နဲနဲထည့်ဆိုးထားတယ်…

 

သူရ ။ ။ ကိုအောင်တိုက်က တွေ့လိုက်တာလား…

 

အောင်တိုက် ။ ။ ကြေးဆိုင်းဘုတ်ပေါ်ကလက်ရာကိုကြည့်ခြင်းအားဖြင့် မိန်းခလေးလက်ရာလို သေးသေးသွယ်သွယ်ဖြစ်နေတာရယ်နဲ့
ခြေဖျားထောက်ကြည့်တဲ့နေရာကခြေရာမှာ ဖိနပ်ရာကယောင်္ကျားစီးလိုအရာမဟုတ်ပဲ
ထိပ်ဖျားနဲနဲချွန်တဲ့ဖိနပ်ရာကြောင့် မိန်းခလေးလို့ သတ်မှတ်တာ…
ခြေထောက်အရွယ်အစားအရလဲ ယောင်္ကျားလေးလို့ပြောရအောင်သေးတယ်ဗျ…အရမ်းသေးသေးရယ်လို့လဲပြောမရဘူး…
၅ပေ ၁၀လက်မရှိတဲ့ ခြံတံခါးကို ကြည့်ဖိုဆိုရင် မိန်းကလေးအနေနဲ့ အနည်းဆုံး ငါးပေ၊ လေးလက်မလောက်တော့
အရပ်အမောင်းရှိသင့်တယ်…
ငါးပေခွဲလောက်အရပ်အမောင်း ယောင်္ကျားလေးဆိုရင် ခြေထောက်ကအနဲဆုံး တစ်ထွာနဲ့လက်နှစ်လုံးခန့်ရှိသင့်တယ်ပေါ့…
အဲဒီထက် သေးသွယ်နေတော့လဲ မိန်းခလေးလို့သတ်မှတ်တာပေါ့ဗျာ…
ထူးထူးခြားခြား ပုပုသေးသေးယောင်္ကျားလေးဆိုရင်တော့ ကျုပ်မှန်းတာ မှားပေမပေါ့ဗျာ…

 

သူရ ။ ။ ဒါနဲ့ ဆံပင်အကြောင်းကရောဗျ

 

အောင်တိုက် ။ ။ စုံထောက်လုပ်တယ်ဆိုတာ ကိုယ့်အန္တရာယ်ကို ရှောင်ဖို့ မျက်စိလျင်ရတယ်ဗျ…
လာချောင်းကြည့်တဲ့ မိန်းကလေးခမျာ အလောတကြီးလာချောင်းတော့ သူ့ရင်စို့လောက်နေရာမှာရှိတဲ့
ခြံတံခါးဝက ကြေးဆိုင်းဘုတ်ထောင့်လေးမှာဆံပင်ကညှိကျန်ခဲတယ်…ဒါကိုသတိမထားမိပဲ ထွက်သွားတာဆိုခြင်းအားဖြင့်
အတွေ့အကြုံရင့်ကျက်တဲ့ လူတစ်ယောက်မဟုတ်ဘူးဆိုတာတော့သိတာတယ်…အဲဒီဆံပင်လေးက ပုံမှန်ဆံပင်သားမဟုတ်ပဲ
အရောင်နဲနဲဆိုးထားပြီး၊ ကြေးဆိုင်းဘုတ်မှာငြိလို့ ဆောင့်ဆွဲလိုက်တဲ့ဒဏ်ကြောင့် ကောက်နေတာထက်
အပုပေးကောက်ထားတဲ့ အကောက်မျိုးမို့ ပြောတာဗျ…

 

သူရ ။ ။ ကိုအောင်တိုက်ရယ်…ခင်ဗျားရဲ့ ပါရမီကတော့ ထူးကိုထူးပါတယ်ဗျာ…

 

အောင်တိုက် ။ ။ ကျုပ်ဘ၀ကိုက စုံထောက်လုပ်စားဖို့ ဖြစ်လာတာ…နောက်ကြုံမှ အုပ်ထိန်းသူမမကြီးနဲ့ ကျွန်တော့ဇာတ်လမ်းပြောပြမယ်ဗျာ…
အခုတော့ အာရုံစိုက်ပြီး အလုပ်လုပ်ဦးစို့…

 

သူရ ။ ။ ကျွန်တော်က ခင်ဗျားကို မိန်းမတွေ စိတ်မ၀င်စားတဲ့ဘုန်းကြီးလူထွက်လိုလူလို့ထင်နေတာဗျ…ဟားဟားဟား

 

အောင်တိုက် ။ ။ ကျုပ်လဲ ဤလောကီလူသားပုရိသယောင်္ကျားပေပဲဗျာ…အချစ်မှာတော့ တစ်ခါမွေ့လျော်ဘူးတာပေါ့…ဟားဟားဟား…

 

ထိုသို့စကားတပြောပြောနှင့်လာကြစဉ် ABC အနီးသို့ရောက်သောအခါ ခရမ်း၊ သုံးဂွသို့သွားသော ခရီးသည်တင်ကားကြီးတစ်စီးသည်…
ကျွန်ုပ်တို့ ကားရှိရာသို့ ရှိန်ပြင်းပြင်းဖြင့် ခေါင်းထိုးဝင်ရောက်လာသည်ကို ကိုအောင်တိုက်မှ ကျွမ်းကျင်စွာရှောင်တိမ်းပြီး လမ်းဘေးသို့ထိုးရပ်လိုက်လေသည်….
ထိုအချိန်တွင် မော်တော်ကားစပါယ်ယာလေးမှ လာရောက်ပြီး ရိုကျိုးစွာဖြင့် သူတို့၏အမှားအတွက် လာရောက်တောင်းပန်လေသည်…

 

ကိုအောင်တိုက်မှာ ဘာမှမပြောပဲ စပါယ်ယာလေးကို ခြေစွန်းခေါင်းစွန်းကြည့်ပြီးနောက်နှုတ်ခမ်းတစ်ချက်တွန့်ပြုံးပြကာ လိုရာခရီးသို့ဆက်ခဲ့ပါသည်…

 

သူရ ။ ။ တော်သေးလို့ပေါ့ဗျာ… ကျွန်တော်ဆို စကားတပြောပြောနဲ့ဝင်အတိုက်ခံရမှာပဲ…
တော်တော်စည်းကမ်းမရှိတဲ့ လိုင်းကားသမားတွေပဲဗျာ…

 

အောင်တိုက် ။ ။ လိုင်းကားသမားတွေတဲ့လားဗျာ…ခင်ဗျားကားနံပါတ်ကို မှတ်မိလား…
ကျုပ်ကတော့ မှတ်ထားတယ်… ၉က/၆၂၄၈ ဗျ
အပြန်ကျရင် ၀င်မေးလိုက် ခုနမောင်းတဲ့ ဒရိုင်ဘာရယ်…စပါယ်ယာရယ် ရှိတော့မှာမဟုတ်ဘူး…
လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ အလုပ်လာလုပ်တဲ့ လူသစ်တွေဖြစ်နေလိမ့်မယ်…ပြီးရင်ဒီနေ့ မမျှော်လင့်ပဲပျောက်သွားလိမ့်မယ်
ဘယ်တော့မှလဲ အဒီကားဂိတ်ကို ပြန်လာတော့မှာမဟုတ်ဘူးဗျ…

 

သူရ ။ ။ တိကျလှချည်းလား ကိုအောင်တိုက်ရဲ့…

 

အောင်တိုက် ။ ။ ခင်ဗျားအဖြေသိတော့မှ မှန်လား၊ မှားလား အပြန်မှာဝင်မေးရင်း တိုက်ကြည့်တာပေါ့ဗျာ…
အော်….ဒါထက် စပါယ်ယာကောင်လေးလက်ဖျံနဲ့ လက်မောင်းမှာ ဆေးမှင်ကြောင် ထိုးထားတယ်ဆိုတာ မမေ့နဲ့နော်…

 

ထိုသို့ ကိုအောင်တိုက်နှင့် ကျွန်တော်တို့ စကားတပြောပြောဖြင့်လာခဲ့ရာ နောက်ဆုံး AMM Company တည်ရှိရာ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေလမ်းထောင့်ရှိ
Sakura Tower (၅)ထပ်သို့ ရောက်ရှိခဲ့ပါသည်….

 

AMM Company ဧည့်ကြိုများကို မေးမြန်းပြီးနောက် ကိုအောင်တိုက်သည် ကုမ္ဗဏီ၏ CEO အဖြစ်တာဝန်ယူထားသူ ဦးခန့်ချောဟုသိရပြီး တွေ့ဆုံခွင့်တောင်းရာ
ဦးခန့်ချောမှ ခွင့်ပြုလိုက်သဖြင့် ကျွန်ုပ်ဆုံဆည်းခွင့်ရခဲ့ပါသည်။ ဦးခန့်ချောမှာ တွေ့တွေ့ချင်းပင် လှိုက်လှဲသောအပြုံးဖြင့်…

 

ခန့်ချော ။ ။ အခုလို နာမည်ကြီး စုံထောက်ကြီး ကိုအောင်တိုက်နဲ့ တွေ့ရမယ်လို့ထင်ကိုမထင်ထားဘူးဗျာ…
ဒါပေမယ့် ကျွန်တော်တို့ ကုမ္ဗဏီကလဲ အရှုပ်အရှင်းတွေ လုပ်မထားဘူးဆိုတော့ ဘာများလိုအပ်သလဲ
ဘာတွေများပြသနာရှိနေလဲ သိချင်ပါတယ်..ကိုအောင်တိုက်…

 

အောင်တိုက် ။ ။ ကုမ္ဗဏီအနေနဲ့ အရှုပ်အရှင်းရှိမရှိ ကျွန်တော်မသိပေမယ့်…ခင်ဗျားတို့ ကုမ္ဗဏီနဲ့ ပတ်သက်နေတဲ့ ဦးမင်းမတ်မှာတော့
ပြသနာတစ်ခုရှိနေတယ် ဦးခန့်ချော….

 

ကိုအောင်တိုက်သည် ဦးခန့်ချော၏ မျက်နှာရိပ်ကို ခဏမျှ အကဲခတ်လိုက်စဉ်…ဦးခန့်ချောကတစ်ဆက်တည်း…

 

ခန့်ချော ။ ။ ဦးမင်းမတ်က ဒီကုမ္ဗဏီရဲ့ Founder ဆိုတာတော့ဟုတ်တယ်ဗျ…
ဒါပေမယ့် သူကလူတမျိုး၊ ရှယ်ယာရာခိုင်နှုန်းတော်တော်များများ ပိုင်ဆိုင်ထားပေမယ့် တနှစ်နေလို့ တစ်ခါလာတဲ့လူမျိုးမဟုတ်ဘူး…
အစစ ကျွန်တော်ကပဲ စီမံခန့်ခွဲလုပ်ပေးရတယ်…
ကျွန်တော်ကိုယ်တိုက်ကလဲ The Black ဆို အမျိုးသားအသုံးအဆောင်အ၀တ်အထည်တွေထုတ်လုပ်ပြီး
Export လုပ်နေတာဆိုတော့ အလုပ်တွေကလဲ…သိပ်မအားဘူးဗျ…
အလုပ် (၂)ခုဆိုတော့လဲ ပင်ပန်းသကိုး…သားကျွေးမှုမယားအကြီး…အလတ်…အငယ်ကျွေးမှုကိုးဗျ… ဟားဟားဟား
တမျိုးတော့မထင်နဲ့နော်…ကျွန်တော်က ပျော်တတ်လို့နောက်တာပါ…
ခင်တဲ့လူတွေကတော့ ကျွန်တော့် Brand ကိုအစွဲပြုပြီး ဘလက်ချော (Black Chaw) လို့ခေါ်ကြတယ်ဗျ…

 

အောင်တိုက် ။ ။ ဒါနဲ့ ဦးခန့်ချောရေ…ကျွန်တော့အတွက်က ဦးမင်းမတ်အကြောင်းက ပိုအရေးကြီးနေလို့ သိသလောက်တော့ပြောပေးပါဦးဗျ…

 

ခန်ချော ။ ။ ပြောရမယ်ဆိုရင်တော့ ဦးမင်းမတ်က လူတမျိုးဗျ…
ဒီကုမ္ဗဏီကို စထောင်တော့ ကျွန်တော်နဲ့စပ်တူလုပ်နေတဲ့ The Black ကနေပြီး ငွေအရင်းတွေထုပ်သွားတယ်…
သူလုပ်တဲ့ကိစ္စက ငှက်ပျောသီးအခြောက်လှမ်းထုတ်လုပ်ရောင်းချဖို့…
အာဖရိကကနေ ငှက်ပျောသီးတွေကိုတင်ပို့ပြီး မြန်မာနိုင်ငံရဲ့ အကြီးဆုံး ရေငွေ့စုပ်အခြောက်ခံစက်ရုံ (Dehydrate) စက်ရုံကို
တည်ဆောက်ခဲ့တယ်…
ငှက်ပျောသီးကနေ အချိုရည်၊ သွားရည်စာအမျိုးမျိုးအထိ ထုတ်လုပ်ပြီး မြန်မာနိုင်ငံရဲ့ အကြီးဆုံး ငှက်ပျောသီးဆက်စပ်ပစ္စည်းစက်ရုံကို
တည်ထောင်ခဲ့တယ်…
နောက်ပိုင်းမှာတော့ သူကိုယ်တိုင်လဲ သိပ်စိတ်မ၀င်စားတော့ပဲ အီဂျစ်ရဲ့ ယဉ်ကျေးမှုသမိုင်းနဲ့ ရှေးဟောင်းပစ္စည်းတွေကိုပဲ အာရုံစိုက်လာခဲ့တယ်ဗျ…

 

အောင်တိုက် ။ ။ သူက အီဂျစ်ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ဘာတွေများ ပြောဆိုတာကြားဖူးလဲဗျ…

 

ခန့်ချော ။ ။ ကျုပ်သိရသလောက်ကတော့ သူစိတ်အ၀င်စားဆုံးက အီဂျစ်နတ်ဘုရားတွေနဲ့ ဆက်စပ်နေတဲ့သမိုင်းကြောင်းတွေဗျ…
သူရုံးခန်းထဲမှာလဲ ငှက်မျက်နှာ၊ ကြောင်မျက်နှာတွေနဲ့ အီဂျစ်နတ်ဘုရားရုပ်ထုလေးတွေတော့အများကြီးပဲဗျ…
သု့ရုံးခန်းသော့တော့ရှိပါတယ်…ဒါပေမယ့် ရှာဖွေဝရမ်းပါမှကျွန်တော်တို့ ဖွင့်ပြချင်ပါတယ်…

 

ကိုအောင်တိုက်နှင့် ကျွန်ုပ် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး…ရေရွတ်လိုက်မိသည်က…

 

“ကြောင်မျက်နှာနှင့်နတ်ဘုရား ”

 

ဆက်ရန်-

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...