(Smart Card) ဝန်ဆောင်မှုများ လာတော့မည်။

ShwemannmayJune 11, 20101min681

မကြာမီဖွင့်လှစ်တော့မည့် ပုဂ္ဂလိကဘဏ်သစ်များတွင် အကြွေးဝယ်ကတ်(Smart Card) ဝန်ဆောင်မှုကို ပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

“ဖွင့်မယ့်နေ့ရက်ကို အတိအကျ မသိရသေးပေမယ့် ပြင်ဆင်နေပါတယ်။ ဘဏ်ဖွင့်ရင် အကြွေးဝယ်ကတ်ထဲက စနစ်တစ်မျိုးဖြစ်တဲ့ Smart Card ဝန်ဆောင်မှုကို ပေးသွားနိုင်ဖို့ ရှိပါတယ်” ဟု ပုဂ္ဂလိက ဘဏ်သစ်တည်ထောင်ရန် ပြင်ဆင်ဆောင်ရွက်နေသူ တစ်ဦးက ပြောကြားပါသည်။

အကြွေးဝယ်ကတ်များကို Credit Card, Debit Card, Smart Card စသည်ဖြင့် ခွဲခြားနိုင်ပြီး ငွေကြေးလည်ပတ်မှုနှင့် ငွေပေးချေမှုများကို ပိုမိုအဆင်ပြေနိုင်စေရန် ရည်ရွယ်အသုံးပြုခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မြန်မာ့စီးပွားရေးဘဏ်များမှ ဝန်ဆောင်မှုပေးနေသည့် Smart Card များရှိပြီး အသုံးပြုနိုင်ရေးအတွက် ကျပ် ၁ဝ သိန်းပေးသွင်းရန် လိုအပ်ကြောင်း သိရပါသည်။

“ပုဂ္ဂလိကဘဏ်တွေက လုပ်တယ်ဆိုရင်တော့ အကြွေးဝယ်ကတ်အသုံးပြုဖို့ သတ်သတ်ငွေပေးသွင်းထားဖို့ လိုမှာမဟုတ်ဘူး။ Saving account ရှိရင် အသုံးပြုနိုင်ဖို့ စီစဉ်နေပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ဆိုပါသည်။

ကမ္ဘာ့နိုင်ငံအချို့တွင် အကြွေးဝယ်ကတ်ကို ၁၉၅၉ ခုနှစ်မှ စတင်၍ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ၁၉၆ဝ ပြည့်နှစ်ဝန်းကျင်က ကမ္ဘာ့အကြွေးဝယ်ကတ် ကုမ္ပဏီများဖြစ်သော Master Card နှင့် Visa Card တို့မှ လာရောက် ဆောင်ရွက်ခဲ့ဖူးကြောင်း၊ ထို့နောက် လက်ရှိအစိုးရလက်ထက် ဈေးကွက်စီးပွားရေးစတင်ပြီး ၁၉၉၄ ခုနှစ်တွင် ပြန်လည်အသုံးပြုခဲ့ရာ ၂၀၀၃ ခုနှစ် နှစ်ဆန်းပိုင်းထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့သော်လည်း ၂၀၀၃ ခုနှစ် အတွင်း ပုဂ္ဂလိကဘဏ်အချို့တွင် ဖြစ်ခဲ့သည့် ငွေဖြစ်လွယ်မှု အကျပ်အတည်း နှင့်ကြုံတွေ့ချိန်တွင် အဆိုပါ အကြွေးဝယ်ကတ်စနစ်ကို ကန့်သတ်ခဲ့ရကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူများထံမှ သိရှိရပါသည်။

“အကြွေးဝယ်ကတ်ဆိုတာ ဘဏ်တွေရဲ့ အဓိကလုပ်ငန်းတွေဖြစ်တဲ့ အပ်ငွေလက်ခံတာနဲ့ ငွေထုတ်ချေးတာတို့ကို တစ်ပြိုင်နက်လုပ်ဆောင်နိုင်တဲ့ စနစ်ဖြစ်ပါတယ်။ သုံးစွဲသူဘက်က ငွေကိုင်သုံးစရာမလိုတာ၊ လုံခြုံမှုရှိတာ၊ ရေတွက်ရ သက်သာတာတို့အပြင် ဘဏ်တွေဘက်ကလည်း အပ်နှံငွေရပါတယ်။ တစ်ဖက်မှာလည်း စည်းမျဉ်းစည်းကမ်းနဲ့ စောင့်ကြည့်ထိန်းသိမ်းမှု အားနည်းရင် ငွေကြေးဖောင်းပွမှု များနိုင်တာ၊ ငွေသုံးစွဲမှုများပြားတာ၊  လွယ် လွယ်များများသုံးတာကြောင့် အကြွေးထူနိုင်တာ၊ အသုံးစရိတ်များနိုင်တာတို့ ဖြစ်တတ်ပါတယ်။ ၂၀၀၃ ခုနှစ်ကလို အတွေ့အကြုံမျိုးရှိခဲ့ပြီး ဖြစ်တဲ့အတွက် စည်းမျဉ်းစည်းကမ်းနဲ့အညီ အများပြည်သူအဆင်ပြေဖို့ ဝန်ဆောင်ပေးရမှာပါ”ဟု ဘဏ်လုပ်ငန်းနှင့် ငွေကြေးကျွမ်းကျင်သူတစ်ဦးက ရှင်းပြပါသည်။

၂၀၁ဝ ပြည့်နှစ်တွင် အစိုးရပိုင် စီးပွားရေးဘဏ်မှ အကြွေးဝယ်ကတ် စနစ်တစ်မျိုးဖြစ်သည့် Smart Card သုံးစွဲခွင့်ကို ပြန်လည်ပေးအပ်ခဲ့ပြီး ယခုနှစ်အတွင်းမှာပင် ထွက်ပေါ်လာမည့် ပုဂ္ဂလိက ဘဏ်သစ်များတွင်လည်း အဆိုပါ အကြွေးဝယ်ကတ်ကို ဝန်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်လာကြခြင်းဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအဝိုင်းက ဆိုပါသည်။

*********

အင်း လူဆိုတာလွယ်လွယ်ရ လွယ်လွယ်သုံးတာဆိုတော့ ကြွေ းတွေတော့ထူကုန်ဦးတော့မှာပဲ

One comment

  • yannaingech

    June 11, 2010 at 7:02 am

    Master Card တို့ Visa Card တို့ ရှိခဲ့ဖူးတာ ခုမှသိရတယ်။ လွမ်းလိုက်တာဗျာ…

Leave a Reply