2000 Group ( B – 5 ) ပွင့်သောပန်းတိုင်းလန်းစေချင် (၃၀) by May Aye Oo

Swal Taw YwetApril 3, 20123min1015

ပွင့်သောပန်းတိုင်းလန်းစေချင် (၃၀) by May Aye Oo on Monday, April 2, 2012 at 9:11am ·

 

မကောင်းမှုကို ရှောင်နိုင်ဖို့

သတိမြဲစွာနဲ့ မကေင်းမှုကို ရှောင်ကြဉ်နိုင်ဖို့ဆိုတာဟာ

ကောင်းမြတ်တဲ့ အဆုံးအမကို ခံယူခွင့်လည်းရှိရပါတယ်။

အရှင်ဝိမလဝံသ( နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

 

၃၁-မတ်လ-၂၀၁၂

ကျန်းမာရေးအလှူ နှင့် ပညာရေးအလှူ

ကိုယ်ထူကိုယ်ထ မူလတန်းကျောင်း။

လဲလူရွာ၊ ထုံးတောင်အုပ်စု၊ ပေါက်ခေါင်းမြို့နယ်၊

ပဲခူတိုင်းအနောက်ခြမ်း၊

နလန်တောင်၊ ပေါက်ခေါင်းမြို့နယ်၊

ပဲခူတိုင်းအနောက်ခြမ်း၊

 

၃ဝ ရက်နေ့ သောကြာနေ့ ရုံးအဆင်းမှာ အဝေးပြေးဂိတ်ကို တန်းသွားနိုင်အောင် ကြာသပတေးနေ့ ည ကတည်းက အထုပ်အပိုးတွေ အဆင်သင့်ပြင်ထားပြီး၊ ရုံးကို တခါတည်း သယ်သွားရပါတယ်..။ ကားက ည ၈ နာရီကားပါ..။ ပြည်ကို ၃၁ ရက်နေ့ မနက် ၂ နာရီ ၃ဝ လောက်မှာ ရောက်ပါတယ်..။ ပြည်ကနေ ကျောက်ကွင်းရွာကို ဆက်သွားတာ မနက် ၄ နာရီခွဲမှာ ရောက်ပါတယ်..။ ခြေလက်ဆေး၊ ခဏပြန်နားကြပြီး မနက် ၆ နာရီမှ ပြန်ထကြရပါတယ်..။ မနက်စောစာ စားကြပြီးတော့ ရနာရီကျော်ပါပြီ။ လဲလူရွာ နဲ့ နလန်တောင်ရွာကို ခရီးဆက်ဖို့ ထော်လာဂျီရောက်လာပြီး၊ မနက် ရ နာရီ ၁၅ မှာ စ, ထွက်ခဲ့ပါတယ်..။

ကျောက်ကွင်းရွာထဲက အဖြတ်မှာ ကျောက်ကွင်းရွာရဲ့ မူလွန်ကျောင်း အဆောက်အဦလေး အုတ်မြစ်ချနေတာကို ဓါတ်ပုံမှတ်တမ်း တင်ခဲ့ပါသေးတယ်..။

လဲလူရွာအသွားမှာ လွှစင်ရွာ၊ လယ်ဘဲ့ရွာ တွေ၊ နဲ့ မြောက်နဝင်းဆည်ဘေးက ဖြတ်မောင်းခဲ့ပါတယ်..။ အခုတော့ မြောက်နဝင်းဆည်က ရေလွှတ်ပေးနေတာကို တွေ့ခဲ့ရပါတယ်..။

လမ်းက တော်တော်ဆိုးပါတယ်..။ တောင်ယာတွေလဲ မီးရှို့ထားလို့ ပူလဲပူ၊ မီးခိုးတွေလဲ တော်တော်မွှန်ပါတယ်..။ ပဲခူးရိုးမ အစပ်မို့ လမ်းတွေက တောင်တက်တောင်ဆင်းများပါတယ်..။ အတက် နဲနဲများ မြင့်ရင် ထော်လာဂျီကလဲ တအိအိနဲ့ မနဲရုန်းရရှာပါတယ်..။ အင်းလေ.. သူ့ခမျာ.. သဲ လဲရုန်းရ၊ ကုန်းလဲတက်ရ… ကိုး..။ ကားကလဲ တော်တော်ခုန်ပါတယ်..။ တစ်ချက်တစ်ချက် ခုန်လိုက်ရင် လူက မြှောက်တက်သွားတာ.. ဗိုက်ထဲက ကလီစာတွေ ပြောင်းပြန်ဇောက်ထိုးတွေ ဖြစ်ကုန်ပြီ.. လို့ အောက်မေ့ရပါတယ်..။ ကျောက်ကွင်းဆရာတော်ရော..၊ ကျမရဲ့ volunteer ကလေးတွေရော.. ခါးတွေ၊ ကျောတွေ၊ အရိုးတွေ၊ တင်ပါးတွေ .. တစ်ကိုယ်လုံး .. နာကုန်ကြပါရော..။ ဆရာတော်က ကားရှေ့ခန်းမှာ ထိုင်လိုက်လာတာပါ..။ ဒါတောင်မှ လဲလူ ရောက်တာနဲ့ ကျမကို.. “ဒကာမကြီး ခါးတွေ မနာဘူးလား..” လို့ မေးပါတယ်..။ ကျမသဘောပေါက်လိုက်ပါတယ်..။ ဆရာတော်တော့ ခါးတွေ နာနေပြီ.. လို့..။

 

မနက် ၉ နာရီ စွန်းစွန်းမှာ လဲလူရွာကို ရောက်ပါတယ်..။ ကလေးတွေက ဘုန်းကြီးကျောင်းမှာ လာစောင့်နေကြပါတယ်..။ ဘုန်းကြီးကျောင်းကလဲ.. အင်း.. တောသဘာဝ အမိုးနဲ့ အကာ ရှိယုံပါဘဲ..။ ဘုန်းကြီးကျောင်းရဲ့ ဘေး အဖီလေးမှာ စားပွဲ၊ ကုလားထိုင်တွေချပြီး ကျမတို့ရဲ့ အခမဲ့ဆေးခန်းလေး ဖွင့်ပါတယ်..။ မနက် ၉ နာရီခွဲကနေ နေ့လယ် ၁နာရီ ခွဲထိ၊ လူနာ ၇ဝ ကျော် ကုသပေးခဲ့ပါတယ်..။ အနီးအနား ရွာတွေကပါ လူနာတွေ လာပြကြပါတယ်..။ ဆရာဝန်တွေ ဆေးကုနေတုံး မှာ ကျမတို့က ရွာရဲ့ ကိုယ်ထူ ကိုယ်ထ ကျောင်းကလေးကို သွားကြည့်ကြပါတယ်..။ ကျမတို့ ကျောင်းဆောက်ပေးမှာက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပါ..။ ကိုယ်ထူ ကိုယ်ထကျောင်းက ခွင့်ပြုမိန့် ခက်ခဲတာကြောင့်ရော၊ ဘက ကျောင်းလျှောက်ရတာ ပို အဆင်ပြေပြီး အလုပ်လုပ်လို့ ပိုကောင်းပြီး၊ ဦးဆောင်ပေးမဲ့ ဆရာတော်လဲ ရှိလို့ မို့ ဘကကျောင်းလျှောက်ဖို့ ကိစ္စတွေ ကျောက်ကွင်းဆရာတော် က ကူညီပေးပြီး၊ ကျမတို့ကတော့ အဆောက်အဦ ကူညီပေးမှာပါ..။ ကျောင်းဆောက်ဖို့ လုပ်ငန်းကိုတော့ အမြန်ဆုံး စ, မှာပါ..။ ဒီကျောင်းကလေးက စုပေါင်းအလှူပါ..။ တစ်ဦးချင်းအလှူရှင် အနေနဲ့ အလှူငွေတွေ မပေးခဲ့ရပါဘူး..။ ကျောင်းပြီးမှဘဲ.. စုပေါင်း ကမ္ဗည်းထိုးပေးပါ့မယ်..။

School at LeLu Village

လဲလူမှာ ရေရှားလို့ ရေတွင်းလဲတူးပေးနေပါတယ်..။ အဝီစိတူးမရ လို့ အုတ်စီတွင်းတူးနေတာ၊ ကျောက်တုံးတွေခံနေလို့ ကြိုးစားပြီး ဆက်တူးနေရပါတယ်..။ “ရေ” ကတော့ နဲနဲတွေ့နေရပါပြီ..။ ဆက်ပြီး ကျောကိတုံးမရှိတဲ့ဘက်ကို ဝိုက်ပြီး တူးဖို့ ကျောက်ကွင်း ဆရာတော် က အမိန့်ရှိပါတယ်..။

ရွာခံဆရာတော်က ကလေးတွေကို ယဉ်ကျေးမှု သင်ပေးနေပါတယ်..။ ကလေးတွေအတွက် good morning ပေါင်မုန့်၊ lollipop၊ ပူဖောင်းတွေဝေပါတယ်..။ good morning ပေါင်မုန့် ကိုတော့ လူနာတွေကိုပါ ဝေလိုက်ပါတယ်..။ ပြီးတော့ ရွာကျောင်းက ကလေးတွေအတွက် ဗလာစာအုပ် ဒါဇင် ၆၀၊ ခဲတံ ၁၂ ဒါဇင် နဲ့ ပေတံ အချောင်း ၅ဝ လှူခဲ့ပါတယ်..။ လျှပ်စစ်မီး မရှိတဲ့ အရပ်မို့ ညဘက်မှာ အသုံးပြုနိုင်အောင် ဆိုလာမီးအိမ်လေးကို လဲ လှူခဲ့ပါတယ်..။ တိုင် ၄ တိုင်ဘဲ ရှိနေတဲ့ သိမ် အတွက် လဲ ခေါင်မိုး လှူပေးခဲ့ပါသေးတယ်…။

ကျောင်းဆောက်ပေးဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ပြီး လိုအပ်တဲ့ လှူဒါန်းငွေ တစ်ချို့ ချပေးခဲ့ပါတယ်..။ လိုအပ်တဲ့ပစ္စည်းတွေ စ, ဝယ်လို့ ရအောင်ပေါ့..။

လဲလူရွာကနေ ၁ နာရီခွဲမှာ ထွက်ခဲ့ပြီး နလန်တောင်ကို ၂ နာရီခွဲမှာ ရောက်ပါတယ်..။ နလတ်တောင်က ဆောက်လက်စ ကျောင်း ကလေးက တော်တော် ရုပ်လုံးပေါ်နေပါပြီ..။ ကြည့်ရတာ.. ရင်ထဲမှာ ချမ်းမြေ့စရာပါ..။ အော်.. လာမယ့်စာသင်နှစ်မှာ.. ကလေးတွေ ပိုပြီး အဆင်ပြေပြေ.. စာသင်နိုင်တော့မယ်.. ပေါ့..။ ဘီဒို၊ စားပွဲ၊ ကုလားထိုင်၊ ခုံတန်းရှည် နဲ့ ကျောက်သင်ပုန်းတွေကတော့ ကျောက်ကွင်းရွာ မှာ လက်သမားက လုပ်ထားပေးပြီးပါပြီ..။ နလန်တောင်ကို နွားလှည်းနဲ့ သယ်ရမှာပါ..။

နလန်တောင်မှာ အဲဒီကျောင်းဆောင်လေးပြီးရင် သင်္ကြန်မတိုင်မီ ကိုရင်ဝတ်ပွဲ လုပ်မတဲ့..။ ရွာမှာ တစ်ချို့ အသက် ၃ဝ ကျော်ပြီ..၊ ကိုရင်မဝတ်ရသေးဘူး..တဲ့..။ အဲဒါ.. ကိုရင်ဝတ်ချင်ကြလို့ ကျောက်ကွင်း ဆရာတော်က ဦးဆောင်ပြီး ကိုရင်ဝတ်ပွဲ လုပ်ပေးမလို့ပါ..။ အခုတော့ “သင်္ကန်းတောင်း” စ, သင်ပေးနေပါပြီတဲ့..။ ဩကာသ ကနေ စ, သင်ရပါသတဲ့..။

ကိုရင် စုစုပေါင်း ၃၂ ပါး ရှိပါတယ်..။ ကိုရင် ဝတ်ချင်ပေမဲ့ သင်္ကန်း၊ ပရိက္ခရာဘိုးတောင် မတတ်နိုင်လို့ ကျမကို အလှူခံလိုက် ပါတယ်..။ သင်္ကန်း၊ ပရိက္ခရာ အတွက် (၁)ပါးကို တစ်သောင်းနှုံးနဲ့ ရှင်ဒကာ၊ ရှင်ဒကာမ ဖြစ်ချင်သူများ ဆက်သွယ်ပါ ရှင်..။

နလန်တောင်မှာလဲ ကလေးတွေကို good morning ပေါင်မုန့် နဲ့  lollipop တွေဝေပါတယ်..။ ပြီးတော့ လူနာတွေကလဲ ဆေးခန်းပြချင်ကြသေးတယ်.. ဆိုလို့ ကျမ ဆရာဝန်တွေ ကြည့်ပေးခဲ့ပါသေးတယ်..။ ရေရှားတဲ့အပြင် တွင်းတူးလို့လဲ ရေမထွက်တာမို့ နလန်တောင် ရဲ့ တောင်စောင်းမှာ ကျမတို့က တစ်ဖက်ဆည်ကန်တူးပေးနေတာကိုလဲ သွားပြီး မှတ်တမ်းတင်ခဲ့ပါတယ်..။

နေ့လယ် ၃ နာရီခွဲမှာ နလန်တောင်ကနေ ပြန်ထွက်ခဲ့ပါတယ်..။ တစ်လမ်းလုံး နေကပူ၊ ဖုံကလဲ အလွန်ထူ..၊ ထော်လာဂျီကခုန်၊ တောင်ယာမီးက ပြာတွေကလွင့်… နဲ့ .. ကျမရဲ့ ကလေးတွေက .. “မာမီ.. ဒီခရီးက.. အကြမ်းဆုံးဘဲ နော်.”. လို့ပြောကြပါတယ်..။ “မာမီလဲ.. လိုအပ်တဲ့ နေရာလေးဘဲ.. ဆိုပြီး.. သွားရင်းနဲ့ ရိုးမထဲ ရောက်တော့မယ်..” တဲ့..။

ဟုတ်ပါ့..။ ကျမကို တစ်ချို့ကလဲ မေးကြပါရဲ့.. “အမ ဘယ်လိုများ.. ရှာရှာဖွေဖွေ.. သွားတွေ့တာလဲ..” တဲ့..။ ကျောက်ကွင်းဆရာတော် က တဆင့် သိရတဲ့ နေရာလေးတွေပါ..။ ကျောက်ကွင်းဆရာတော်က ရိုးမတောထဲ အထိတောင် သာသနာ ပြုချင်ပါသတဲ့..။

ကျောက်ကွင်းရွာကို ညနေ ၅ နာရီခွဲကျော်ကျော်မှာ ပြန်ရောက်ပါတယ်..။ ထော်လာဂျီပေါ်က ဆင်းတာနဲ့ ဖုန်တွေခါရင်း မှတ်တမ်းတင်ပုံကလေးရိုက်လိုက်ကြပါသေးတယ်..။ ပြီးတော့ အားလုံး ရေပြေးချိုးကြပြီး ညစာ အမြန်စားကြရပါတယ်..။ ဝက်ထီးကန် ကားက ၈ နာရီကား လက်မှတ်ယူထားတာမို့ပါ..။ ထမင်းအမြန်စားပြီး၊ ထော်လာဂျီနဲ့ ဝက်ထီးကန်ကို အမြန်ပြေးကြရပါတယ်..။ ဆရာတော်ကလဲ ဖုန်းကြိုဆက်ထားပေးပါတယ်..။ အခါတိုင်းက light truck နဲ့ သွားတာ..၊ ဒီတစ်ခါ က ထော်လာဂျီဆိုတော့ သိပ်မြန်မြန်မမောင်းနိုင်တော့ မမှီမှာ စိုးလို့လေ..။ ထင်တဲ့ အတိုင်းပါဘဲ..။ ၈ နာရီ ၅ မိနစ် မှ ဝက်ထီးကန်ကားဂိတ်ကိုရာက်တာ.. ကားထဲက ရောက်နှင့်နေတဲ့ လူတစ်ချို့ကလဲ.. ငြိုငြင်နေကြတာပေါ့..။ နောက်ကျနေတယ်.. လို့ ပြောပါတယ်.. ပြောစရာဘဲကိုး..။ ကားပေါ်အမြန်တက်ပြီး ကားထွက်လာတော့မှဘဲ. . ကိုယ့်နေရာမှာ နေသားတကျ ထိုင်ရပါတယ်..။ အခုမှ အနားယူရမှာပါ..။ ကလေးတွေ လဲ တော်တော်ပင်ပန်းကြရှာ ပါတယ်..။ သူတို့လေးတွေ.. ရွယ်တူ အများစုက shopping  သွားနေ၊ ပျော်နေကြတဲ့ အချိန်မှာ အခုလို ပရဟိတ အလုပ်တွေကို ဘယ်လောက်ပင်ပန်းပင်ပန်း မညည်းမညူလုပ်ပေးကြတာ..။ ခရီးစဉ်တွေမှာ သွားအတူ၊ စားအတူ၊ နားအတူ၊ ပင်ပန်းလဲ အတူတူ၊ ငတ်လဲ အတူတူမို့ .. ဒီကလေးတွေကို ကျမ နှလုံးသားထဲက သားလို၊ သမီးလို၊ ရဲဘော်ရဲဘက်တွေလို.. ချစ်တယ်.. လို့ ပြောရင်.. လွန်တယ်.. မဆိုနိုင်ဘူး.. မဟုတ်လား..။

Team to LeLu village

ဒီတစ်ပါတ် ခရီးစဉ်ရဲ့ volunteer များကတော့

ဒေါ်မေအေးဦး

ဒေါက်တာ ခင်မိုးမိုးအောင်

ကိုဇော်ဝင်းနိုင်

ဒေါက်တာ ရဲလင်းဖြိုး နဲ့

ဒေါက်တာ မျိုးထွန်း

ဆရာမလေး မိုင်သီတာဦး

နဲ့ ကျောက်ကွင်းရွာက ဆေးခန်းလူနာစာရင်း လုပ်ပေးဖို့ လိုက်လာတဲ့ ကျောင်းသူလေး ၂ ဦး ရယ်.. တို့ဖြစ်ပါတယ်..။

 

ဓါတ်ပုံတွေကတော့ ဒီ Link မှာပါ …။

https://www.facebook.com/media/set/?set=a.2965528533786.2118892.1128815099&type=3

 

ရန်ကုန်ကို မနက် ၃ နာရီမှာ ဝင်ပါတယ်..။ အိမ်ရောက်တော့ မနက် ၄ နာရီကျော်ပါပြီ..။ ပစ္စည်းတွေ နဲနဲရှင်း၊ ခြေလက်ဆေး၊ မျက်နှာသစ်ပြီး ပြန်အိပ်လိုက်ပါတယ်..။ မနက်ကျတော့ လုပ်စရာတွေရှိသေးတယ်..လေ..။ ပညာရေးထောက်ပံ့ကြေးပေးထားတဲ့ ကလေးတွေကလဲ လကုန်ပြီမို့ ငွေထုတ်ဖို့ ရောက်လာကြတယ်..။ အဲဒါပြီးရင် မြောင်ရင်းရွာ၊ ထုံးဘို ယဉ်ကျေးလိမ္မာသင်တန်း၊ အခမဲ့ဆေးခန်းနဲ့ ညနေခင်းအင်္ဂလိပ်စာသင်တန်း အတွက် စီစဉ်စရာတွေ စ, ရပြီလေ..။ ဧပြီ ၆၊ ၇၊ ၈၊ ၉ တွေမှာ ထုံးဘို၊ မြောင်ရင်းရွာ၊ ပန်းတောင်းမြို့နယ်မှာ သင်တန်းမို့ ရက်ကလဲ ကပ်နေတာမို့ ပြင်ဆင်နေရပါပြီ..။ သင်တန်းရက်အတွင်း ဝက်ထီးကန်မှာ မြွေဆိပ်ဖြေဆေး ရံပုံငွေ တရားပွဲကို တစ်ည သွားပေးရအုံး မှာ..။

ပြီးတော့ သင်္ကြန်တွင်း မှာက စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ ပြီးတော့ တစ်ခါ .. ဧပြီ ၂၇၊ ၂၈၊ ၂၉၊ ၃ဝ က လယ်ဘဲ့ရွာ၊ ပြည်ခရိုင်။ မေ’လဆန်းမှာ .. အနောက်ကြို့ကုန်းရွာ၊ ပေါက်ခေါင်းမြို့နယ်။  ခရီးတွေက ဆက်နေတော့ အလှူခံရက်က မရှိတော့  နွေရောက်ပြီဆိုရင်.. ကျမမှာလဲ .. fund အခက်အခဲ ရှိလာပါရော..။ ဒီကြားထဲမှာ ကျုံကဒွန်းရွာမှာ စာကြည့်တိုက်ကလေးကိစ္စ ဖိဖိစီးစီး မလုပ်ပေးနိုင်သေးဘူး..။ မုံရွာခရိုင်၊အရာတော်ကျေးရွာအုပ်စုက လှည်းချောင်းကူးရွာ ဘက ကျောင်းလေးအတွက် စားပွဲ၊ ကုလားထိုင် အတွဲလေးတွေလဲ လိုအပ်တယ်.. ဆိုလို့ အလှူခံပေးရအုံးမှာ..။

လှူချင်ကြသူ အလှူရှင်များအတွက်..

မြောင်ရင်းရွာ၊ ထုံးဘို၊ ပန်းတောင်းမြို့နယ်၊ ပဲခူးတိုင်း းဒေသကြီး။

ယဉ်ကျေးလိမ္မာသင်တန်း ၄၃/၂၀၁၂၊ အခမဲ့ဆေးခန်းနဲ့ ညနေခင်းအင်္ဂလိပ်စာသင်တန်း

၅-၉ ဧပြီလ-၂၀၁၂ 

ကျောင်းသား/သူ ၁၆၀

ဆေးဝယ်ရန် – ၁၅၀၀၀ဝ ကျပ်

ဆုချရန်နှင့် စာအုပ်စီစဉ်ရန် – ၁၅၀၀၀ဝ ကျပ်

Pocket dictionary – ၁၂၀ဝ × ၁၆ဝ = ၁၉၂၀၀ဝ ကျပ်

 

နလန်တောင်ကျေးရွာ၊ စုပေါင်းကိုရင်ဝတ်ပွဲ (၃၂ ပါး)

၁၁-ဧပြီလ-၂၀၁၂

သင်္ကန်း၊ ပရိက္ခရာ အတွက် (၁)ပါး – ၁၀၀၀ဝ × ၃၂ = ၃၂၀၀၀ဝ ကျပ်

 

မုံရွာခရိုင်၊အရာတော်ကျေးရွာအုပ်စု၊ လှည်းချောင်းကူးရွာ ဘက ကျောင်းအတွက်

စားပွဲ၊ ကုလားထိုင် အတွဲ ၁စုံလျှင် – ၃၂၀၀ဝ × ၅ဝ = ၁၆၀၀၀၀ဝ ကျပ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့၊ မင်္ဂလာရာမပရိယတ္တိစာသင်တိုက်

ယဉ်ကျေးလိမ္မာသင်တန်း ၄၄/၂၀၁၂၊ အခမဲ့ဆေးခန်းနဲ့ ညနေခင်းအင်္ဂလိပ်စာသင်တန်း

၁၇-၂ဝ ဧပြီလ-၂၀၁၂

ကျောင်းသား/သူ ၄၀ဝ

ဆေးဝယ်ရန် – ၁၅၀၀၀ဝ ကျပ်

ဆုချရန်နှင့် စာအုပ်စီစဉ်ရန် – ၃၀၀၀၀ဝ ကျပ်

Pocket dictionary – ၁၂၀ဝ × ၄၀ဝ = ၄၈၀၀၀ဝ ကျပ်

 

လယ်ဘဲ့ကျေးရွာ၊ လွှစင်ကျေးရွာအုပ်စု၊ ပြည်မြို့နယ်၊ ပဲခူးတိုင်း းဒေသကြီး။

ယဉ်ကျေးလိမ္မာသင်တန်း ၄၅/၂၀၁၂၊ အခမဲ့ဆေးခန်းနဲ့ ညနေခင်းအင်္ဂလိပ်စာသင်တန်း

၂၇-၃ဝ ဧပြီလ-၂၀၁၂

ကျောင်းသား/သူ ၂၀၀

ဆေးဝယ်ရန် – ၁၅၀၀၀ဝ ကျပ်

ဆုချရန်နှင့် စာအုပ်စီစဉ်ရန် – ၁၅၀၀၀ဝ ကျပ်

ဗလာစာအုပ် ၁၈၀ဝ ×ဒါဇင် ၅ဝ = ၉၀၀၀ဝ ကျပ်

Pocket dictionary – ၁၂၀ဝ × ၂၀ဝ = ၂၄၀၀၀ဝ ကျပ်

 

ကျုံကဒွန်းရွာ၊ ဖျာပုံမြို့နယ်၊ ဟရာဝတီတိုင်းဒေသကြီး

စာကြည့်တိုက်အတွက်

စာအုပ်များ (သို့မဟုတ်)စာအုပ်ဝယ်ရန် ငွေသားနည်းများမဆို။

 

ပညာရေး.. ကူညီလိုသူများ..

ကျန်းမာရေး.. အလှူပေးချင်သူများ..

ဗုဒ္ဓသာသနာပြုချင်ကြသူ မိတ်ဆွေများ…

 

စိတ်ဝင်စားကြသူ ..  လှူချင်ကြသူ..  ကူချင်ကြသူ .. အလှူရှင်များ  2000.donation.group@gmail.com   သို့ ဆက်သွယ်ပါရှင်..။

 

အလှူရှင်များ၊ Volunteerများ အားလုံးကို ကျေးဇူးအထူး တင်ပါတယ်..။ ကုသိုလ်ကောင်းမှုများအားလုံးကိုလဲ အမျှပေးပါတယ်..။ အလှူရှင်များ၊ မိသားစုများနဲ့ တစ်ကွ အနန္တစင်္ကြာဝဠာရှိ နတ်၊ လူ၊ သတ္တဝါများ အားလုံး အမျှရကြ၍ ကျန်းမာ ချမ်းသာ ဝမ်းသာကြ ပါစေ …။

အမျှ ..၊ အမျှ ..၊ အမျှ ..၊

သာ..ဓု…။ သာ..ဓု…။ သာ..ဓု…။

 

အလှူရှင် များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

အလှူခံ များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

လိုအပ်သူတိုင်းကို ပေးလှူနိုင်သောသူ ဖြစ်ရပါလို၏ …. …။

 

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com

 

GIVE THE WORLD THE BEST YOU HAVE !

 

P.S – ကျမရဲ့  notes  များကို..  Share  လိုပါက ခွင့်တောင်းရန် မလိုပါ..   Share   နိုင်ပါသည်.. ရှင်….။

Donation at LeLu Village
Free Clinic at LeLu Village

Dear SaYar Ma ( Daw May Aye Oo ),

Dear Ma Ma Padonma,

I tried to show the photos.

Please advice me whatever is needed.

With respect,

Swal Taw Ywet.

5 comments

  • Moe Z

    April 3, 2012 at 12:24 pm

    အန်တီမေအေးဦးနဲ့ 2000 group အတွက် လေးစားဂုဏ်ယူပါကြောင်း
    ကိုယ်တိုင်ပါဝင်နိုင်ဖို့ကြိုးစားနေပါကြောင်း 🙂

  • kaung kin pyar

    April 3, 2012 at 3:51 pm

    One More အဖွဲ့လဲ ရှိတယ်နော်….။ ဆရာအာပီကျယ်တို့ စလိုက်တဲ့ အဖွဲ့ပါ..။ ခုဖြင့်တော်တော် အဖွဲ့ဝင်များနေပြီ…..။

  • Ma Ei

    April 3, 2012 at 3:56 pm

    မမေအေးဦး ရဲ့ အလှူ Post လေးတွေ အတော်များများ ဖတ်မိပါတယ်…
    တစ်ကယ်လိုအပ်နေတဲ့ နေရာရောက်အောင် တကူးတက အပင်ပန်းခံပြီး
    လှူဒါန်းနေတာကို လေးစားမိပါတယ်…2000.donation.group အဖွဲ့ဝင်
    ဖြစ်ပါတော့မယ်…

    လိုအပ်သူတိုင်းကို ပေးလှူနိုင်သောသူ ဖြစ်ရပါလို၏ ….

  • Khin Latt

    April 3, 2012 at 7:33 pm

    I wish you a great and wonderful Happy Birthday!
    I hope you have an amazing day and lots of fun!
    A Very Happy Birthday! 🙂

    ဒေါက်တာမေအေးဦး လို ကိုယ့်အကျိုးအတွက် မဟုတ်ဘဲ အားနည်းသူတွေ အတွက် သူ့ဘဝ ကို ပေးထားတာ ကို ကြည့်ပြီး အားကျဂုဏ်ယူပါတယ်။
    ဒီလိုမျိုး အကြောင်းလေးတွေ ကတစ်ဆင့် တစ်ခြားသူတွေ ဆီကိုလဲ ဒီလို ကူညီပံ့ပိုးလိုစိတ်တွေ ကို လက်ဆင့်ကမ်းသွားပါတယ်။
    Snowball effect ရှိမယ် လို့ သေချာပေါက်ပြောနိုင်မယ် ထင်ရဲ့။
    ကျေးဇူးပါ စွယ်တော်ရွက် ရေ။ 🙂

    • Swal Taw Ywet

      April 3, 2012 at 9:33 pm

      Dear AhYee Latt,
      Sorry.
      Daw May Aye Oo is not a doctor.
      She was a Teacher and now working at a company.
      Thanks you for birthday wishes, but today is not my birthday.
      My birthday is World Health Day. 🙂

      With respect,
      Swal Taw Ywet.

Leave a Reply