ဧရာဝတီ ဆားကွင်းလုပ်ငန်းရှင်များ၏ ဆားများကို မြန်မာ့စီးပွားရေး ဦးပိုင်နှင့် သတ္တုတွင်းဝန်ကြီးဌာနတို့မှ ပူးပေါင်းကာ မေလ ၁၈ရက်နေ့မှစတင်၍ အရစ်ကျဝယ်ယူနေကြောင်း လပွတ္တာမြိုနယ်နေ ဆားလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် သတ္တုတွင်းဝန်ကြီးဌာနတို့မှ ဧရာဝတီတိုင်းရှိ ဆားလုပ်ငန်းရှင်(ကွင်းပိုင်) များအား တာဝန်ခံကြီးကြပ်စေပြီး ဆားလယ်တစ်ဧကလျှင် ပိဿာ ၃၀၀၀ နှုန်း ဝယ်ယူလျက်ရှိကြောင်း၊ ယခုနှစ်ဆားတစ်ပိဿာပေါက်ဈေးသည် ၂၀-၂၅ ကျပ်မှစကာ လက်ရှိ၌ တစ်ပိဿာလျှင် ၅၅-၆၀ ကျပ်အထိဖြစ်လာကြောင်း၊ ဧရာဝတီတိုင်းမှ ဆားလုပ်ငန်းရှင်များကိုလည်း ၄င်းတို့ဒေသတွင် လုပ်ငန်းအကြီး၊ အသေးအလိုက် ခွဲခြား၍ ဝယ်ယူသိုလှောင်ပေးရန် စီမံထားလျက်ရှိကြောင်း လပွတ္တာမြို့ရှိ ဆားလုပ်ငန်းရှင် ဦးမောင်ကြင်(ယခု ဝယ်ယူကြီးကြပ်ရေးတာဝန်ခံ) ကပြောသည်။ လက်ရှိတွင် ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ရှိ ပြင်စလူ ဆားတိုက်နယ်၊ ရွေးသင်္ကန်းကြီးနှင့် ဆင်ခြေရာ (ဆားခပ်) ဆားတိုက်နယ်ဒေသများသို့ ဆားဝယ်ယူရန် ငွေကျပ်သိန်း ၁၇၀၀ ချထားလျက်ရှိပြီး အစိုးရပိုင် ကုန်သွယ်ရေး ဂိုဒေါင်၊ တန်တစ်ရာ ဆန်စက်ကြီးများရှိ ဝယ်ယူ သိုလှောင်ထားကြောင်း၊ ယင်းကဲ့သို့ ဆားဈေးနှုန်း ပြန်တက်လာခြင်းကြောင့် ဒေသခံဆားလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းလည်ပတ်မှုနှင့် ဒေသထွက်ကုန် စီးပွားရေး စီးဆင်းမှုနှုန်း ပြန်လည်ဖွံ့ဖြိုးလာကြောင်း ပြင်စလူမြို့နယ်ခွဲရှိ ဆားဖိုသူကြီး ဦးသောင်းအေးက ပြောကြားသည်။

About kln

k ln has written 409 post in this Website..