ခွပ်ဒေါင်း မိခင်သို့ပေးစာ

San Hla GyiApril 4, 20121min18818

သို့

အမေ

သားမောင် ရိုသေစွာ စာရေးလိုက်ပါတယ်။ အမေနှင့် အမေ့ပါတီက ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရသောကြောင့် ဝမ်းသာမိပါသည်။ နဂိုကတည်းက အမေ့ပညာ၊ စိတ်ဓာတ်နဲ့ စည်းရုံးမှုတွေကို ယုံကြည်ပြီးသားပါ။ နောက်ပြီး ပိုဝမ်းသာရတာက တိုင်းရင်းသား ဒေသတွေမှာပါ အမေက အောင်ပန်းဆင်နိုင်ခဲ့တာပါပဲ။ ကျွန်တော်တို့ ပြည်သူတွေဟာ ခေတ်တိုင်းမှာ တာဝန်ကျေခဲ့ပါတယ် အမေ။ ကရင်တွေက သင်တိုင်းဝတ်စုံတွေ ဝတ်ပြီး မဲပေးခဲ့သလို၊ မော်လမြိုင်က မွန်တွေကလည်း အမေပါပဲတဲ့။ ရှမ်းပြည်နယ်က ရှမ်းတွေကလည်း နောက်ချန်မနေခဲ့သလို ပြည်ပရှိ ဗမာတွေကလည်း အင်နဲ့အားနဲ့ ပါပဲ။ တနင်္သာရီသားတွေလည်း လက်မနှေးခဲ့ပါဘူး။ ဝင်နွှဲခွင့်မရလိုက်တဲ့ ကချင်နဲ့ တခြားတိုင်းရင်းသားတွေက ပွဲကြီးအတွက် အားမွေးနေပါတယ်တဲ့ အမေ။

ပခုက္ကူက တပ်မတော်သားတွေကလည်း တို့ဗိုလ်ချုပ်သမီးမှ တို့ဗိုလ်ချုပ်သမီးပါပဲတဲ့ အမေ။ ဒါတောင် သားသုံးသားထဲက သံဃာတွေက မဲပေးခွင့် မရလို့သာပါ။ ရများရခဲ့ရင် ဒီထက်တောင် ပြတ်သားသွားဦးမယ် အမေ။ ဘုန်းဘုန်းတွေကလည်း သူတို့ဒကာမကြီး ဘက်ကပါပဲတဲ့။

အမေ မြန်မြန်လာပါအမေ။ ကမာ္ဘကြီးဟာ ရွာကြီးဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ အိမ်ထောင်စု တစ်ခုပေါ့ အမေ။ အရင်တုန်းက အတန်အသင့် ချောင်လည်စိုပြေခဲ့တဲ့ ကျွန်တော်တို့ အိမ်ဟာ အခုတော့ စီးပွားရေးကျနေတဲ့ အပြင် အကြွေးတွေကလည်း ဗလပွပါပဲ။ ဒီဘက်နှစ်များမှာ အိမ်ရဲ့ ဖြစ်ပုံကတော့ မပြောချင်ပါဘူး အမေ။ အိမ်ထဲကလူတွေ ဘယ်နေရာသွားသွား အထင်သေးခံရသလို မရှိခိုးနိုးနဲ့ ဆက်ဆံခံရပါတယ်။ ခေါင်းရင်းဘက်က ကိုတရုတ်ကြီးတို့အိမ်က ကျွန်တော်တို့အိမ်က အဖိုးတန် ပစ္စည်းတွေကို အတွင်းသူခိုးတွေနဲ့ပေါင်းပြီး သူခိုးဈေးနဲ့ ဝယ်သလို၊ အပေါင်ဆုံးဆိုပြီး ယူထားတာတွေလည်း ရှိပါတယ်။ ခြေရင်းဘက်က ကိုဘာဘူကြီးတို့ကလည်း ထိုနည်းလည်းကောင်းပါပဲ။ နောက်ဖေးခြံက အတော်ဆင်းရဲတဲ့ ခေါ်တော လင်မယားတောင် ကျွန်တော်တို့ ခြံစည်းရိုးနားက မြေပိုလေးတွေကို မြေတိုင်းတွေနဲ့ပေါင်းပြီး သူတို့ ဘိုးဘွားပိုင်ဆိုပြီး ယူသွားခဲ့ပါတယ် အမေ။ ကျွန်တော်တို့မှာလည်း အမေ့လို ရပ်ရွာက လေးစားလောက်တဲ့ အရှိန်အဝါရှိရှိနဲ့ ပြောနိုင်တဲ့ လူမရှိလို့ ခံခဲ့ရပါတယ် အမေ။ အဘိုးတို့ အဘေးတို့ လက်ထက်တုန်းက အမြဲတမ်း အရိပ်အကဲကြည့်ပြီး ဆက်ဆံခဲ့ရတဲ့ အိမ်ရှေ့အိမ်ကတောင် မတူမတန်သလိုလိုနဲ့ အမေ။

ဒါပေမဲ့ အမေကိုယ်တိုင် အိမ်မှာစီမံပေးပြီး ကျွန်တော်တို့ ညီနောင်အပေါင်း အလုပ်ကို ကြိုးစားရင် မကြာခင် ကျွန်တော်တို့အိမ်ဟာ ပြန်ပြီးတော့ စိုပြေလာမှာပါ အမေ။

ဒါကြောင့် အမေမြန်မြန်လာမှ အမေ။ ပြည်တော်ပြန်မယ်ထွေး နန်းတက်မှအေးမယ် အမေ။

ရိုသေစွာဖြင့်

သားမောင်

18 comments

  • San Hla Gyi

    April 4, 2012 at 7:03 pm

    (လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသို့ ဂုဏ်ပြုရေးသားသော ရသစာ ဖြစ်ပါသည်။)

  • Khin Latt

    April 4, 2012 at 9:08 pm

    ရင်နဲ့ ခံစားပြီး ရေးထားတာလေးကို ရင်နဲ့ ခံစားပြီး ဖတ်သွားပါတယ်ရှင်။
    အတော်လေး ဝင်္ကဝုတ္တိအလကာင်္ ရသ မြောက်အောင် ဖွဲ့ထားတဲ့ စာလေးပါဘဲ။
    အားပေးသွားပါတယ်။

    • San Hla Gyi

      April 4, 2012 at 10:07 pm

      အခုလို လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

  • aye.kk

    April 4, 2012 at 9:22 pm

    “အမေစုသို ့သိစေချင်”
    အမေ့မေတ္တာခြုံတော့နွေး…
    အမေ့မေတ္တာလုံတော့အေး..
    မရဘူးတဲ့မေတ္တာ….
    ငတ်မွတ်နေတဲ့မေတ္တာတရား…
    အမေကပေးတော့…
    မြတ်မြတ်နိုးနိုးတန်ဘိုးထားပါ့မယ်အမေ..။။

  • kyeemite

    April 5, 2012 at 11:17 am

    ခံစားအားပေးသွားပါကြောင်း..

  • Onyx

    April 5, 2012 at 11:25 am

    ခံစားချက်အပြည့်နဲ့ ရေးထားတာမို့လားမသိ ။ ဖတ်ရင်းနဲ့ကို ပိုပိုပြီး ခံစားရတယ် ။
    ရေထားတွေကို ထောက်ခံသလို ကြိုက်လဲ ကြိုက်တယ်

  • koko

    April 5, 2012 at 3:46 pm

    အိမ်တွင်းရေး လေးလဲထည့်မရေးတော့ဘူးလား ဂျ။ရေးတတ်တဲ့သူရှိရင်ရေးပါလား ဖတ်ချင်လို့ဂျ

    • San Hla Gyi

      April 5, 2012 at 11:17 pm

      ဟုတ်ကဲ့ပါ။အစတုန်းကတော့အိမ်တွင်းရေးတွေပါထည့်ရေးမလို့ပါ။ ဒါပေမယ့်ထည့်ရေးလို့ရှိရင်ဒီစာလေးရဲ့ရသပျက်သွားမှာစိုးလို့မထည့်တာပါ။ဥပမာ ဦးသန်းရွှေကို(အဖေ သို့မဟုတ် ပထွေး သို့မဟုတ် အကိုကြီး) တနေရာမှမသင့်တော်လို့ပါ။

  • a me

    April 5, 2012 at 5:55 pm

    ဟုတ်ကဲ့ပါ
    အမေစု အေမီကတော့ စုလေ လို့ပဲ ခေါ်တယ် အေမီးရိုင်းမှန်းသိပါတယ် ဒါပေမယ့် အေမီတို့ သူငယ်ချင်းတွေက အဲ့လိုပပဲ ခေါ်ကြတယ် စုလေး ရဲ့ လန်းဆန်း တက်ကြွ မှုတွေကို သဘောကျလို့
    ပြီးတော့ သူရဲ့ ညာဏ်ပညာတွေ ကိုချီကျုးလွန်းလို့ပါ ဟုတ်ကဲ့ပါ ထာဝရ လေးစားလျက်ပါ စုလေး

  • ရာမည

    March 19, 2014 at 9:45 am

    စာရေးစာဖတ်ဝါသနာရှင်များဂရုနှင့် ပေ့ချ်တွင် ဖေါ်ပြခွင့်ပြုပါခင်ဗျာ

    • San Hla Gyi

      March 20, 2014 at 8:40 pm

      ကိုရာမညရေ ကူးယူ ဖော်ပြနိုင်ပါတယ်။

  • Wow

    March 20, 2014 at 4:22 pm

    ဖွဘုတ်မှာ အရင် ဖတ်မိတာ… ခုမ အူးစံလှဂျီးရေးမှန်းသိဒယ်…

  • ဘရန်းဒက် ကေဇီ

    March 20, 2014 at 4:28 pm

    ဒီပိုု့(စ) ဖတ်မိပြီး ရေးသူကိုု အတော်လေးစားနေတာ…
    🙂

  • Paing Lay

    March 20, 2014 at 7:15 pm

    အနော့ကိုလဲ ရသကဗျာ Page သို့ Share ခွင့်ပြုပါဗျာ 🙂

  • San Hla Gyi

    March 20, 2014 at 8:49 pm

    ကို Paing Lay ရေ ရှယ်နိုင်ပါတယ်ဗျာ။ ကိုအလင်းဆက် ဝိုးနဲ့ ဘရန်းဒက်ကေဇီ သိပ်ကြာပြီဖြစ်တဲ့ ပို့စ်ကို ရောက်လာလို့ ကျေးဇူးပါ။ အမှန်ကို ပြောရရင် ဒီပို့စ်က တကယ်ကို ကျနော်မှန်းထားတဲ့ ကျနော့်ဘာသာ ကျေနပ်လောက်တဲ့ အဆင့်အထိ ကျနော် မရေးနိုင်ခဲ့ပါဘူး။ အခုနေရေးရင် ဒီထက် ပိုကောင်းမှာ သေချာပါတယ်။ ဘာလို့ ကျနော် သတ်မှတ်ထားတဲ့ စံမီအောင် မရေးနိုင်တာလည်း ဆိုရင် အဲဒီတုန်းက ကျနော် ရေးခါစမို့ မြန်မာဖောင့် လုံးဝ မရိုက်တတ်ပါဘူး။ ဒီပို့ရဲ့ အရင်ပို့စ်တွေတုန်းက ကျနော်က စာရွက်ပေါ်မှာ ရေးပေးပြီး သူငယ်ချင်း တယောက်ကို အားတဲ့ အချိန်မှာ သွားရိုက်ခိုင်းပါတယ်။ ဒီပို့စ်လောက် ရောက်လာတော့ သူ့ကို အားနာတာနဲ့ ကိုယ့်ဘာသာကိုယ် ကြိုးစားပြီး ရိုက်ရတော့ ပထမဆုံး အကြိမ် ဖြစ်တဲ့အတွက် တလုံး ရိုက်ဖို့ကို သိပ်ကြာပါတယ်။ အဲဒါကြောင့် စာက တိုတိုလေးပဲ ဖြစ်နေပြီး အများကြီး ပြောချင်တဲ့ အချက်တွေ နည်းနည်းပဲ ထွက်လာပါတယ်။
    အဲဒါကြောင့်ပါ။ အခုကျတော့ စိတ်ထဲက ပြောချင်သမျှကို ရိုက်လို့ရပြီ ဆိုတော့ ရေးသမျှစာတိုင်းကို ကျနော် ကျေနပ်ပါတယ်။

Leave a Reply