World Championship စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် (၈) ကြိမ်ဆက် ချန်ပီယံတရုတ်အသင်းကို အနိုင်ယူပြီး စင်ကာပူအသင်းဗိုလ်စွဲ အမျိုးသားပြိုင်ပွဲတွင် တရုတ်အသင်း ၅ ကြိမ်ဆက်ချန်ပီယံဖြစ်

khinmintatthuJune 11, 20101min520

ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် မေလ ၂၃ ရက်မှ ၃ဝ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် World Championship စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် စင်ကာပူအမျိုးသမီးအသင်းက ၈ ကြိမ်ဆက်ချန်ပီယံ တရုတ်အမျိုးသမီးအသင်းကို အံ့အားသင့်ဖွယ် အနိုင်ယူပြီး ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ World Championship စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ၁၉၂၆ ခုနှစ်၌ လန်ဒန်မြို့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်ပြိုင်ပွဲမှာ အကြိမ် ၅ဝ မြောက်ကျင်းပခဲ့သည့် ပြိုင်ပွဲလည်းဖြစ်သည်။သို့ရာတွင် ပြိုင်ပွဲကျင်းပသည့်ပုံစံမှာ ပုံမှန်မဟုတ်ဘဲ နှစ်နှစ်ခြား၊ သုံးနှစ်ခြားကျင်းပခဲ့သည့် နှစ်များရှိသလို ဆက်တိုက်ကျင်းပခဲ့သည့် ခုနှစ်များလည်းရှိသည်။ ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းမှာ တရုတ်အသင်းဖြစ်ပြီး အမျိုးသားပြိုင်ပွဲတွင် ၁၈ ကြိမ်၊ အမျိုးသမီးပြိုင်ပွဲတွင် ၁၈ ကြိမ်၊ စုစုပေါင်း ၃၆ ကြိမ်ဗိုလ်စွဲထားကြောင်း သိရသည်။

ဒုတိယ အအောင်မြင်ဆုံးအသင်းမှာ ဂျပန်အသင်းဖြစ်ပြီး အမျိုးသားပြိုင်ပွဲတွင် ၆ ကြိမ်၊ အမျိုးသမီးပြိုင်ပွဲတွင် ရ ကြိမ် ဗိုလ်စွဲထားသည်။ ယခု နှစ်ပြိုင်ပွဲသို့ တရုတ်၊ စင်ကာပူ၊ ဂျာမနီ၊ ဂျပန်နှင့်ကိုရီးယားတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တရုတ်အမျိုးသား အသင်းသည် ယခုတစ်ကြိမ်အပါအဝင် ၅ ကြိမ်ဆက် ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အမျိုးသား ပြိုင်ပွဲဗိုလ်လုပွဲတွင် တရုတ်နှင့်ဂျာမနီတို့ ဆုံတွေ့ခဲ့ကြပြီး တရုတ်အသင်းက အနိုင်ရရှိခဲ့ခြင်းဖြစ်ကာ ဂျပန်နှင့် ကိုရီးယားတို့က ပူးတွဲတတိယရရှိခဲ့ ကြသည်။

စင်ကာပူအမျိုးသမီးအသင်းသည် ဗိုလ်လုပွဲတွင် ၈ ကြိမ်ဆက်ချန်ပီယံ တရုတ်အသင်းကို အကြိတ်အနယ်ကစားခဲ့ရပြီး ၃-၁ ပွဲဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ စင်ကာပူအသင်းအတွက် အဓိကအရေးပါသည့်နိုင်ပွဲများကို Tainwei နှင့် Yuegu တို့က ရယူပေးခဲ့ခြင်းဖြစ်ပြီး တရုတ်အသင်းအတွက် သိက္ခာဆယ်နိုင်ပွဲကို Guo Yan က ရယူပေးခဲ့ခြင်းဖြစ်သည်။