သူရဿဝါနှင့် ဖယောင်းတိုင်မြို့တော်

သူရႆဝါApril 6, 20121min1256

ခရစ်နှစ် ၂၀၁ဝ ကျော်လာသည်၏ နောက်ပိုင်းတွင် မြို့တော်မှ လူသားတို့သည် အသိဉာဏ် ပညာ အရာတွင် အလွန်တရာ ကြီးကျယ် မြင့်မြတ် သွားကြလေရာ အနောက်နိုင်ငံ ခေတ်မှီ မြို့တော်များ၏ တိုးတက် ထွန်းကားသော စက်မှု လျှပ်စစ် လုပ်ငန်းစဉ် များနောက်သို့ မမှီမကမ်း လိုက်နေမည့် အစား မိမိတို့ ပိုင်နိုင် ကျွမ်းကျင်သော လက်မှု အတတ်ပညာ များဖြင့်သာ မြို့တော်ကို တရှိန်ထိုး တိုးတက် ဖွံ့ဖြိုး၍ လူတကာ စိတ်ဝင်စားအောင် လုပ်ဆောင်ကြရန် ဆုံးဖြတ် မိကြသည့် အဖြစ်အပျက်၏ နောက်တွင် မြို့တော်သည် လျှပ်စစ် သုံးစွဲမှုကို လုံးဝဥဿုံ စွန့်လွှတ်ကာ ခေတ်မှီတိုးတက်သော လက်မှု မြို့တော်ကြီး ဆီသို့ ဖယောင်းတိုင် မီးများဖြင့် ချီတက်ကြ ခြင်းသည်သာ အသင့်တော်ဆုံး ဖြစ်မည်ဟု သဘောရကာ လက်တွေ့ အကောင်အထည် ဖော်ကြသည် ဖြစ်လေ၏။

မြို့တော်ရှိ လူသားတို့က လျှပ်စစ်စွမ်းအား အရင်းအမြစ်ကို အပြီးအပြတ် စွန့်လွှတ် လိုက်ကြချိန်တွင် ကွက်ကျော် မြင်သော စီးပွားရေး သမားများ ဖြစ်ကြသည့် မောင်ဝါဝါ၊ အဘဥက္ကာ စသူတို့မှာ ဖယောင်းတိုင် လုပ်ငန်းကြီးများ ထူထောင် ကြပြီး အပြိုင်အဆိုင် ချမ်းသာ၍ လာကြလေ၏။ ဝါဆို ဖယောင်းတိုင်ကို ကျော်လွန်၍ မောင်ဝါဝါက တော်သလင်း ဖယောင်းတိုင် ထုတ်လုပ်လျှင် အဘဥက္ကာက တပို့တွဲ ဖယောင်းတိုင် ဟူ၍ အားကျမခံ ထုတ်လုပ် လေ၏။ မြို့တော် တစ်မြို့လုံး၏ မီးရောင် တထိန်ထိန် တငြီးငြီး ရှိမှုမှာ မောင်ဝါဝါနှင့် အဘဥက္ကာတို့၏ ဖယောင်းတိုင် လုပ်ငန်းများ အပေါ်တွင် မူတည်နေကြောင်း နှစ်ဦးစလုံး ကလည်း သိရှိ ကြလေရာ ၎င်းတို့နှစ်ဦး မှာလည်း ဖယောင်းတိုင် ထုတ်လုပ်မှုကို အပြိုင်အဆိုင် မြှင့်တင်ရန် အမြဲတမ်းသာ အကြံထုတ်၍ နေကြသည် ဖြစ်လေ၏။ မြို့တော်မှာလည်း ၎င်းတို့ နှစ်ဦး၏ ကောင်းမှုဖြင့် နေ့ညမပြတ် ဖယောင်းတိုင် မီးရောင်များ တလက်လက်ဖြင့် ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာ ရှိလေ၏။

တစ်နေ့သော် မောင်ဝါဝါနှင့်  အဘဥက္ကာတို့ နှစ်ဦး ပူးပေါင်းမိ၍ အနောက်နိုင်ငံ မဒမ်တူးဆော့ ပြတိုက်တွင် ကမ္ဘာကျော် တို့၏ ဖယောင်း ရုပ်တုများ ပြသ ထားရှိသည့် အကြံဉာဏ်ကို မှီး၍ ယခုထက် ပိုမို ကြီးမားသော ဖယောင်းတိုင် လုပ်ငန်းကို နှစ်ဦးသား စီးပွါးပေါင်း၍ ထုတ်လုပ် ကြလေတော့၏။ ကမ္ဘာကျော် လူသားများ၏ ပုံတူတို့ကို လူ့ခန္ဓာကိုယ် အရွယ်အစား အတိုင်း ဖယောင်းရုပ်တုများ ထုလုပ်ကာ ငယ်ထိပ်တွင် မီးစာတပ်၍ ဈေ းများများ တင်ကာ ရောင်းချ ကြလေ သည်ဖြစ်၏။ ထို လူဖယောင်းတိုင် များမှာ အလွန်တရာ ဈေ းကြီးလှသည် ဖြစ်သဖြင့် တော်ရုံလူ မဝယ်နိုင်ဘဲ လူကုံထံ ကြေးရတက် များသာ ဝယ်ယူ နိုင်သည်ဖြစ်၏။

ထိုအချိန်မှ စတင်၍ မြို့တော်တွင် လူတန်းစား နှစ်မျိုးနှစ်စား ကွဲပြား သွားလေသည်။ မြို့တော်မှ ချမ်းသာသော လူများ၏ အိမ်များသည် ဖယောင်းတိုင် မီးရောင်များ အလွန်တရာ ထိန်လင်း၍ ရှုမငြီး ရှိနေတတ်ပြီး သာမာန် လူတန်းစား များမှာမူ သာမာန် ဖယောင်းတိုင် အလင်းရောင် များဖြင့်သာ ရှိနေကြ သည်ကို တွေ့ရှိ ရလေ၏။ ထို့ပြင် မောင်ဝါဝါနှင့် အဘဥက္ကာ တို့သည် ၎င်းတို့ဆီမှ မည်သည့် ဖယောင်းတိုင် အမျိုးအစားကို ဝယ်သည် ဖြစ်စေ ဝယ်ယူသူ တို့၏ အိမ်တွင် တန်ဖိုးကြီး ဖယောင်းခွက် (ဖယောင်းတိုင် ထည့်၍ ထွန်းသည့်ခွက်) များကို အခမဲ့ လိုက်လံ တပ်ဆင်ပေး၍ ထိုဖယောင်းခွက်များ အနေအထား မှန်၊ မမှန်နှင့် ပုံစံအချိုးအစား ကျ၊ မကျကို လစဉ် စစ်ဆေး ပေးပြီး “လစဉ် ဖယောင်းခွက် ထိန်းသိမ်း စောင့်ရှောက်ခ” အမည်တပ်၍ အိမ်တိုင်ရာရောက် လစဉ်လိုက်လံ ပိုက်ဆံ ကောက်ခံသည် ဖြစ်လေရာ တစ်လတစ်လ ဖယောင်းခွက် ထိန်းသိမ်း စောင့်ရှောက်ခ များမှ ရရှိသော ဝင်ငွေ သည်ပင် မနည်းမနော ဖြစ်လေသော ဟူ၏။

မြို့တော်သည်လည်း နေ့ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် ဖယောင်းတိုင် အသုံးပြု ကြသည် ဖြစ်လေရာ ဖယောင်းတိုင် ယဉ်ကျေးမှုနှင့် မြို့နေလူထုမှာ တဖြည်းဖြည်း အသားကျ၍ လာကြလေသည်။ လျှပ်စစ်မီးကို အသုံးမပြု တော့ပြီ ဖြစ်သဖြင့် မြို့၏ လမ်းဘေး ဝဲယာများမှ ဓါတ်တိုင် များကို ဖြုတ်ကာ ဓါတ်တိုင်အရွယ် ဖယောင်းတိုင်များ လိုက်လံ တပ်ဆင်ကာ ညနေ မှောင်ရီပျိုးလျှင် လမ်းဘေး ဖယောင်းတိုင် ကြီးများကို မီးထွန်းညှိခြင်း အားဖြင့် မြို့တော်အား ညအခါတွင် ဖယောင်းတိုင် မီးများဖြင့် ထိန်ထိန်လင်း၍ နေစေကာ မြို့တော်သို့ လာရောက် လည်ပတ် ကြသော ကမ္ဘာလှည့် ခရီးသွား အပေါင်းအား ညစဉ်ညတိုင်း အိုးမိုင်ဂေါ့ဒ် ဟူ၍ အံဩဘနန်း ဖြစ်စေလေသော ဟူ၏။ မြို့တော်တွင် ကျင်းပသော ဘောလုံးပွဲ များတွင်လည်း အကြိုဗိုလ်လုပွဲ အဆင့်ကို ယခင်အတိုင်း ဆီမီးဖိုင်နယ်ဟု အမည်တပ်၍ အားကစား ကွင်းကြီးအတွင်း ဆီမီးများ ထွန်းညှိကာ ယှဉ်ပြိုင် ကစားစေပြီး ဗိုလ်လုပွဲ အဆင့်များကို “ဖယောင်းတိုင် ဖိုင်နယ်” ဟု အမည်တပ်ကာ ဖယောင်းတိုင်များ ထွန်းညှိ ကစားစေခြင်းဖြင့် မြို့်တော်၏ ဖယောင်းတိုင် ယဉ်ကျေးမှုကို ဂုဏ်ပြု ကြလေ၏။

မြို့တော်သည် ဖယောင်းတိုင်နှင့် အထိအတွေ့ ပိုမိုများလာပြီး ဖယောင်းတိုင်နှင့် ဆက်စပ်သည့် စီးပွားရေး လုပ်ငန်းများ၊ လူမှုဝန်းကျင် လုပ်ငန်းများကို မြို့တော်နေ ပြည်သူများ ဖန်တီးလာ နိုင်ကြလေသည်။ မြို့တော်၏ နာမည်ကြီး ထင်ရှားသော ကမ္ဘာ့အဆင့်မှီ စားသောက်ဆိုင်ကြီး တစ်ခုမှာ “ဖယောင်း ရက်စ်ထားရန့်ထ်” ဟု အမည်ရ လေ၏။ နာမည်နှင့် လိုက်အောင်ပင် တစ်ဆိုင်လုံးတွင် ဖယောင်းတိုင် အကြီး၊ အသေး၊ အလတ် စသည်တို့ကို အနေအထား အမျိုးမျိုး တပ်ဆင် ထားရှိကာ ထွန်းညှိ ပေးထားခြင်း ဖြစ်လေ၏။ ထိုဆိုင်မှာ အလွန်တရာ နာမည်ကြီး လှချေ၏။ ထို့အပြင် မြို့တော်၏ အထူးထင်ရှား ကျော်ကြားသော ဟိုတယ်လ်မှာ “Candle Hotel” ဖြစ်လေ၏။ ၎င်းဟိုတယ်လ်၏ အထူး ဝန်ဆောင်မှု တစ်ရပ်မှာ ၂၄ နာရီမပြတ် ဖယောင်းတိုင် မီးအလင်းရောင် ပေးထားခြင်းနှင့် ဝိုင်ဖိုင် အင်တာနက်ကို ဖယောင်းတိုင်ဖြင့် ၂၄ နာရီ ချိတ်ဆက် အသုံးပြု နိုင်ခြင်းပင် ဖြစ်လေ၏။

မြို့တော်သည် တစ်စထက် တစ်စ ဖယောင်းတိုင် ယဉ်ကျေးမှု အလေ့အထကို ပိုမို တန်ဖိုးထား မြှင့်တင် လာကြ လေရာ ဖယောင်းတိုင်နှင့် ပတ်သက်သော လုပ်ငန်းများသည် အလွန်တရာ ဈေ းကြီး လှပေသည်။ “ဖယောင်းတိုင်နှင့် ချိတ်ဆက် အသုံးပြု၍ ရသော ကြိုးမဲ့ ကွန်ပျူတာ” များ ပေါများ လာသလို စာစီစာရိုက် လုပ်ငန်းများ၊ မိတ္တူကူးခြင်း လုပ်ငန်း များတွင်လည်း ဖယောင်းတိုင် မီးကို အသုံးပြု၍ လုပ်ဆောင်မည် ဆိုလျှင် သာမာန်ထက် နှစ်ဆတိတိ ပိုမိုသော တန်ဖိုးကို ပေးဆောင် ရလေ၏။ ဖယောင်းတိုင် မြို့တော်ကြီး ဖြစ်သည့် အားလျော်စွာ ဖယောင်းကို တန်ဖိုးထား မြတ်နိုး ကြသည် ဖြစ်၍ ဖယောင်း အလေအလွင့် နည်းစေရန် အလှပြင်ဆိုင် များတွင် မျက်နှာ ဖယောင်းသွင်းခြင်း၊ ဆံပင်ကို ဖယောင်း သွင်းခြင်း စသည့် အရေမရ အဖတ်မရ ကိစ္စများကို မပြုလုပ် စေရန် တင်းကြပ်သော ဥပဒေ ထုတ်၍ တားမြစ် ပိတ်ပင် ထားလေ၏။

ဖယောင်းတိုင် ယဉ်ကျေးမှု ထွန်းကား လာချိန်မှ စ၍ မြို့တော်အတွက် အကျိုးအမြတ် ထွက်သည့် ရလဒ် နှစ်မျိုးမှာ ဓါတ်လိုက်၍ သေဆုံးသူ လုံးဝ ပပျောက် သွားခြင်းနှင့် ယခင် လျှပ်စစ်မီးကို အားကိုးအားထား ပြု၍ သုံးစွဲစဉ် အချိန်က ကဲ့သို့ ဘယ်အချိန် အလင်းရောင် ရမလဲ၊ ဘယ်အချိန် မှောင်မည်း သွားမလဲ စိတ်ပူစရာ မလိုဘဲ မိမိသာ ပိုက်ဆံ တတ်နိုင်လျှင် အချိန်ပြည့် ဖယောင်း အလင်းရောင်ကို စိတ်အေးလက်အေး သုံးစွဲ၍ ရသွားခြင်းပင် ဖြစ်လေ၏။ ကမ္ဘာ တွင်လည်း ထူးဆန်း အံ့ဩဖွယ်ရာ ဖယောင်းတိုင် မြို့တော်ကြီး အဖြစ် နာမည်ကြီး၍ နှစ်စဉ် လာရောက် လည်ပတ်သူ များဖြင့် ပြည့်နှက်၍သာ နေကြလေသည်။ သို့သော်လည်း ဖယောင်း မြို့သူ မြို့သား များမှာမူ မိမိတို့၏ ဖယောင်းတိုင် ယဉ်ကျေးမှုကို အလေးထား သကဲ့သို့ ယခင်က မိမိတို့ အားကိုးအားပြု သုံးစွဲခဲ့သော လျှပ်စစ်မီး၏ ကျေးဇူးကိုလည်း ပစ်ပယ်ခြင်း မရှိကြသင့်ကြကြောင်း တိုင်ပင် ဆွေးနွေးမိသည် ဖြစ်၍ အစီအစဉ် တစ်ခုကို ပြုလုပ် ကြလေသည်။ ယခင်က ကဲ့သို့ ဖယောင်းတိုင် ကိုသာ အဓိကထား အသုံးပြု ကြသော်လည်း လျှပ်စစ်မီး တီထွင် နိုင်ခဲ့သူ သောမတ်စ် အက်ဒီဆင်ကို ဂုဏ်ပြုသော အားဖြင့် တစ်နေ့လျှင် သုံးကြိမ်၊ လေးကြိမ်ခန့် ဆယ့်ငါးမိနစ်၊ နာရီဝက်စီ လျှပ်စစ်ဓါတ်အား အသုံးပြု ထွန်းညှိကာ ထိုသို့ လျှပ်စစ်မီး ခဏလေး လင်းလာသည့် အချိန်များတွင် “ဟေး …..” ဟု တစ်မြို့လုံး သံပြိုင်ညီညာ အော်ဟစ်ဟာ လျှပ်စစ်မီး တီထွင်သူ ဖခင်ကြီး သောမတ်စ် အက်ဒီဆင်ကို နေ့စဉ်နေ့တိုင်း နှစ်ခါ၊ သုံးခါခန့် သောင်းသောင်း ဖြဖြ ဂုဏ်ပြု ဩဘာပေးလျက် ပျော်ပျော်ရွှင်ရွှင်ကြီး နေထိုင်၍သာ ရှိကြလေသတည်း။

(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 2, Issue 29 တွင် ပုံနှိပ်ဖော်ပြခဲ့ပါ သည်)

သူရဿဝါ
၅ – ဧပရယ်လ် – ၂၀၁၂

6 comments

  • kokothandar

    April 6, 2012 at 12:09 pm

    ဖယောင်းတိုင်မြို့တော်ဟာကျတ်ဖွတ် တွေကြောင့်ဖြစ်လာတာပါ။ပျော်စရာတော့မဟုတ်ပေဘူးပေါ့။မဲပေးတဲ့
    နောက်ဆုံးနေ့ထိမီးပေးနိူင်တယ်။နောက်နေ့မီးမပေးတော့ဘူးကတော့ စိတ်ဓါတ်မပြည့်ဝတဲ့
    အာဏာရပါတီ တစ်ခုရဲ့ ယုတ်ညံ့တဲ့စိတ်ဓါတ် ဘဲ ဖြစ်ပါတယ်

  • Khaing Khaing

    April 6, 2012 at 12:43 pm

    ဖယောင်းတိုင်မြို့တော် မီးတို့မြို့တော် နေ့ခင်းဆို မြို့ထဲမှာ ပုစဉ်းရင်ကွဲအော်သလို ဆူညံနေသောမြို့တော် … Candle Land …..

  • ဖားသက်ပြင်း

    April 6, 2012 at 12:47 pm

    အလဲ့ …
    ရိတယ်ဟ …
    ကောင်းတယ်ဗျို့ ..များများ သာရိပေးကြပါဗျို့ ….
    လက်မထောင် အားပေးသွားပါသည်

    ခင်တဲ့
    ဂီ

  • Ma Ei

    April 6, 2012 at 1:13 pm

    မြို့သူ မြို့သားတွေ အပျော်တွေ မေ့မစိုးလို့ ခဏခဏ ပျော်ရအောင်
    အထူးစီစဉ်ပေးထားတာ ဖြစ်ပါကြောင်း သတင်း မတိမကျ ရရှိထားပါတယ်…

  • kyeemite

    April 6, 2012 at 3:37 pm

    ်ဖယောင်းတိုင် ယဉ်ကျေးမှု စတင်တဲ့နေ့က
    မှတ်မှတ်ရရ ဧပြီတစ်ရက်နေ့ပါ…စတာကမဲရုံမှာ..
    နောက်နေ့မှ တစ်မြို့လုံး ဖယောင်းတိုင် ယဉ်ကျေးမှု ပြန့်သွားတာ။

  • intro

    April 7, 2012 at 9:40 am

    ဟိုတယ်လ်၏ အထူး ဝန်ဆောင်မှု တစ်ရပ်မှာ ၂၄ နာရီမပြတ် ဖယောင်းတိုင် မီးအလင်းရောင် ပေးထားခြင်းနှင့် ဝိုင်ဖိုင် အင်တာနက်ကို ဖယောင်းတိုင်ဖြင့် ၂၄ နာရီ ချိတ်ဆက် အသုံးပြု နိုင်ခြင်းပင် ဖြစ်လေ၏။

    အစ်ကို့ သရော်စာတွေထဲမှာ ဒီတစ်ပါတ် သရော်စာကို သဘောအကျဆုံးပဲ….

Leave a Reply