ဂျင်မ်ဝက်ဘ်၏ ပြောဆိုမှုများသည် တကောင်ကြွက်အသံဖြစ်ဟု ဦးဝင်းတင် ပြောကြား

guestktyJune 11, 20101min423

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်၏ မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြောကြားမှုများသည် အမေရိကန်ရှိ နိုင်ငံရေး ပင်မရေစီးကြောင်းနှင့် တလွဲစီဖြစ်နေသည်ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောဆိုလိုက်သည်။

၎င်းက “သူ့ရဲ အထွေထွေ နိုင်ငံရေးအယူအဆက အမေရိကန်မှာရှိတဲ့ နိုင်ငံရေးပင်မရေစီးကြောင်းနဲ့ တလွဲစီဖြစ်နေတယ်လို့ ကျနော်တော့ထင်တယ်။ ယေဘုယျအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီ ဒါတွေကို ထောက်ခံမယ်။ တိုင်းရင်းသားလူမျိုးစုများရဲ့ ဒီမိုကရေစီရေး တောင်းဆိုချက်တွေကို ထောက်ခံမယ်၊ နောက်ပြည်ပမှာရှိတဲ့ အတိုက်အခံဒီမိုကရေစီအင်အားစုတွေရဲ့ လုပ်ငန်းလှုပ်ရှားမှုများကို အားပေးမယ်၊ ထောက်ခံမယ်ဆိုတဲ့ အမေရိကန်ရဲ့

နိုင်ငံရေး ပင်မရေစီးကြောင်းမှာ သူရဲ့နိုင်ငံရေးအယူအဆ အများစုက အမြဲတမ်းကွဲလွဲတဲ့ဟာတွေပဲ ထွက်လာနေတယ်။ ဒါကြောင့် သူ့အသံတွေက အမေရိကန်ရဲ့ နိုင်ငံရေးပင်မရေစီးကြောင်း တခုလုံးရဲ့အသံတွေ မဟုတ်ဘူး။ သီးခြားကွဲလွဲတဲ့ တကောင်ကြွက်အသံတွေ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ဇွန်လ (၉) ရက်နေ့ ဝါရှင်တန်ဒီစီရှိ အထက်လွှတ်တော်တွင် ကျင်းပခဲ့သည့် ကမာ္ဘလုံးဆိုင်ရာ အာရှအဖွဲ့ ဆွေးနွေးပွဲတွင် ဂျင်မ်ဝက်ဘ်က မြန်မာစစ်အစိုးရသည် လာမည့်အောက်တိုဘာ (၁၀) ရက်တွင် ရွေးကောက်ပွဲ ကျင်းပပေးလိမ့်မည်ဟု မျှော်လင့်ရကြောင်း ပြောဆိုခဲ့ပြီး ရွေးကောက်ပွဲကို ထောက်ပံ့ကူညီရန် တိုက်တွန်းပြောကြားခဲ့မှုအပေါ် ဦးဝင်းတင်က တုံ့ပြန်ပြောဆိုုခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ယခုပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်အစိုးရ ဆက်လက်တည်မြဲစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ဆောင်မည့် ရွေးကောက်ပွဲဖြစ်သော်လည်း အတိုက်အခံပါတီအချို့ကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ပြုလာပြီး လွှတ်တော်တွင် အမတ်နေရာအချို့ပေးရန် ခွင့်ပြုလာခြင်းသည် ရှေ့ကို ခြေတလှမ်းတိုးလိုက်ခြင်းဖြစ်သည်ဟုလည်း မစ္စတာဝက်ဘ်က ပြောဆိုသွားကြောင်း သိရသည်။

ယင်းသို့ မစ္စတာဂျင်မ်ဝက်ဘ်က မြန်မာနိုင်ငံအရေးကို အများနှင့်ကွဲပြားစွာ ပြောဆိုနေခြင်းသည် အလွန်ဆိုးဝါးသည်ဟု ဦးဝင်းတင်က ပြောသည်။

“ရွေးကောက်ပွဲကို လက်မခံဘူးဆိုတာဟာ နိုင်ငံရေးပါတီထောင်တဲ့ ပါတီတွေကအပ သာမန်အားဖြင့်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရေးတခုလုံးက ရွေးကောက်ပွဲကို ငြင်းပယ်ကြတယ်။ ၂၀၀၈ အခြေခံဥပဒေကို ငြင်းပယ်တယ်။ မြန်မာနိုင်ငံရဲ့အာဏာရှင်စနစ်ကို ငြင်းပယ်တယ်ဆိုတဲ့ ဖြစ်ရပ်သဘောမှန်ကြီးက ပေါ်လွင်နေပါတယ်။ ဒီလိုအချိန်မှာ ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းတာတို့ ပြောတာမျိုးကို ကျနော်တို့ လက်မခံနိုင်ဘူး။ ဖြစ်ရပ်မှန် အခြေအနေမှန်တွေနဲ့ လုံးဝဆန့်ကျင်နေပါတယ်။ မြန်မာပြည်သူတွေ မြင်တွေ့နေတဲ့အနေအထားက ရွေးကောက်ပွဲဆိုတာကို မယုံကြည်ဘူး။ လက်မခံဘူး။ မဲမပေးချင်ကြဘူးဆိုတဲ့ အနေအထားတွေက မြင်သာနေပါတယ်” ဟု ၎င်းက ပြောသည်။

မစ္စတာဂျင်မ်ဝက်ဘ်က တရုတ်တို့၊ ဗီယက်နမ်တို့တွင် ရွေးကောက်ပွဲ မရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်မူ ယခု အလားအလာကောင်းများကို အထောက်အကူပြုသည့် ရွေးကောက်ပွဲတခု ဖြစ်လာနိုင်ကြောင်းလည်း ပြောဆိုခဲ့သည်ဟု သိရသည်။

မြန်မာစစ်အစိုးရက ယခုနှစ်အတွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု တရားဝင်ထုတ်ပြန်ပြောဆိုထားသော်လည်း ယခုအချိန်အထိ အတိအကျ ရက်သတ်မှတ် ပြောဆိုခြင်း မရှိသေးပေ။

မစ္စတာ ဂျင်မ်ဝက်ဘ်သည် မကြာသေးခင်က ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့သို့ အလည်အပတ်ရောက်ရှိပြီးနောက် ဇွန် (၄) ရက်တွင် သွားရောက်မည့် မြန်မာနိုင်ငံခရီးစဉ်ကို အနီးကပ်မှ ရုတ်တရက်ရွှေ့ဆိုင်းခဲ့သည်။

ယင်းသို့ရွှေ့ဆိုင်းရခြင်းမှာ မြန်မာစစ်အစိုးရသည် မြောက်ကိုရီးယားအကူအညီဖြင့် နျူကလီးယား လက်နက်များ ထုတ်လုပ်ရန် စီစဉ်နေသည့်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည့်အတွက်ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

3 comments

  • kopauk mandalay

    June 11, 2010 at 3:55 pm

    ကျနော်ကတော့ ဘာမှမဆိုင်တဲ့ကောင်တွေလာလာပြီး အိုးပြောဂျုးိပြော ပြောတာကို ဂရုမစိုက်ဘဲ
    ကျနော်တို့နို်င်ငံသားအခြင်းခြင်းညီညီညွတ်ညွတ်လုပ်မယ်ဆိုရင် နိုင်ငံအတွက်ပိုကောင်းပါမယ်။
    http://kopaukmdy.myanmarsarpay.info/

  • yannaingech

    June 11, 2010 at 4:23 pm

    ၂၀၀၈အခြေခံဥပဒေကိုလက်မခံဘူးဆိုရင် ဘယ်အခြေခံဥပဒေကိုလက်ခံရမှာလဲ။ ရွေးကောက်ပွဲကိုလက်မခံဘူးဆိုရင် အရင်လိုပဲ NLD နဲ့အစိုးရ ရန်ဖြစ်နေတာကို ကျွန်တော်တို့က ထိုင်ကြည့်နေရမှာလား။

  • သတင်းလူသား

    June 11, 2010 at 6:13 pm

    အကောင်းဆုံးကတော့ အဖြေတစ်ခု ပြတ်ပြတ်သားသားထွက်ပေါ်လာဖို့ကိုပဲမျှော်လင့်ပါတယ်။ yannaingech ပြောသလိုပါပဲ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ (ကြားကပြည်သူတွေမှာ ခါးနာရပေါင်းများလှပါပြီ။)အဲလိုသံသရာထဲမှာ ဝဲလယ်နေတာထက်စာရင် ဆိုးရင်လည်းပိုပြီးဆိုးသွား။ ကောင်းရင်လည်းကောင်းပေါ့။ ဒါမှမဟုတ်လဲ…

Leave a Reply