ကမာ္ဘ့ဖလား ပြိုင်ပွဲသို့ လာရောက် သတင်းယူသည့် နိုင်ငံခြားသား ဂျာနယ်လစ် ၃ ဦး ဓားပြတိုက်ခံရ

khinmintatthuJune 11, 20101min380

တောင် အာဖရိက နိုင်ငံသို့ ကမာ္ဘ့ဖလား ပြိုင်ပွဲ သတင်းယူရန် လာရောက် နေကြသော နိုင်ငံခြားသား ဂျာနယ်လစ် ၃ ဦး လွန်ခဲ့သည့် ညက ဓားပြတိုက် ခံခဲ့ရကြောင်း သတင်းရရှိ ပါသည်။

အဆိုပါ ဂျာနယ်လစ် ၃ ဦးမှာ ပေါ်တူဂီမှ ၂ ဦးနှင့် စပိန်မှ ၁ ဦးတို့ ဖြစ်ကြပြီး နာမည်ကျော် သတင်း ဋ္ဌာနများ ဖြစ်သည့် Expresso ၊ Global Noticias နှင့် Marca သတင်းဋ္ဌာန များမှ ဖြစ်ကြသည်။ ၎င်းတို့ ၃ ဦးသည် မာဂလိစ်ဘတ် မြို့နှင့် ၁၅ မိုင်ခန့် ကွာဝေးသော နေရာတွင် ရှိသည့် ဟိုတယ် တစ်ခုတွင် အိပ်စက်နေစဉ် ဒေသ စံတော်ချိန် နံနက် ၄းဝဝ နာရီ ခန့်၌ ဓားပြများက ၎င်းတို့ အခန်းကို ချိုးဖျက်ကာ ဝင်ရောက် လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဓားပြတိုက် ခံရမှုကြောင့် ၎င်းတို့ ပိုင်ဆိုင်သော Laptop များ၊ ပတ်စ်ပို့တ်များ၊ ကင်မရာများ၊ ကမာ္ဘ့ဖလားနှင့် ပတ်သတ်သည့် အထောက်အထား စာရွက် စာတမ်းများ၊ လက်ကိုင်ဖုန်းများ ဆုံးရှုံး ခဲ့ရကြောင်း သိရသည်။ သို့သော် ဓားပြများသည် ၎င်းတို့ ၃ ဦးကို အကြမ်းဖက် နှိပ်စက်သွားခြင်း မရှိဟုလည်း သိရသည်။ ၎င်းတို့ ၃ ဦးသည် သတင်းထောက် ၂ဝ ဦးခန့် ပါဝင်သော အဖွဲ့နှင့် အတူလိုက်ပါကာ ပေါ်တူဂီ အသင်း၏ လှုပ်ရှားမှုများကို လိုက်လံ သတင်းယူ နေကြခြင်း ဖြစ်သည်။ ၎င်းတို့ တည်းခိုသော ဟိုတယ်သည် ဓားပြများ ဝင်ရောက် လာနိုင်စေရန် အကူအညီ ပေးခဲ့သည်ဟု ခံစားရကြောင်း ယင်း သတင်းထောက် များက ပြောကြားခဲ့သည်။

“အရမ်း ထိတ်လန့်စရာ ကောင်းခဲ့ပါတယ်။ ဖြစ်ရပ်က နှစ်မိနစ် သုံးမိနစ် လောက်ပဲ ကြာတယ် ဆိုပေမယ့် ကျွန်တော်တို့ အနေနဲ့တော့ နာရီပေါင်း များစွာ ကြာတယ်လို့ ထင်ခဲ့ရပါတယ်။ ပြီးသွားတော့ ကျွန်တော်တို့ကို ဖုံးအုပ်ပြီး ရင်ဝကို သေနတ်နဲ့ ချိန်တဲ့အခါ သေပြီ လို့တောင် ထင်မိပါတယ်။ သူတို့ ထွက်သွားတော့ ကျွန်တော်တို့ကို ငြိမ်ငြိမ် နေဖို့နဲ့ သေနတ်နဲ့ ချိန်ထားတဲ့ အချိန်မှာ အိပ်နေဖို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ အခန်းထဲမှာ နေရောင် ထွက်လာတဲ့ အချိန်ထိ တစ်နာရီ ခွဲလောက် စောင့်ဆိုင်းနေ ခဲ့ရပါတယ်။ ကျွန်တော်တို့ နေရတဲ့ နေရာဟာ ဖုန်းမရှိ၊ လုံခြုံရေး မရှိတဲ့ ကွင်းပြင်ထဲမှာ ဖြစ်လို့ သဘာဝနဲ့ ကင်းကွာနေပါတယ်။ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ နေရာတွေမှာ လျှပ်စစ် လွှတ်ထားတဲ့ နံရံ မြင့်ကြီးတွေ ရှိပြီး လုံခြုံရေး တွေလည်း ရှိပါတယ်။ ကျွန်တော်တို့ကို ဒီလို နေရာမှာ ထားလိမ့်မယ်လို့ မထင်ခဲ့ပါဘူး” ဟု ဓားပြတိုက်ခံ ရသည့် ဂျာနယ်လစ် တစ်ဦး ဖြစ်သူ အန်တိုနီယို ဆီမိုးစ်က Lusa သတင်းစာသို့ ပြောကြားခဲ့သည်။

ယင်းအချိန်တွင် တောင် အာဖရိက ရဲတပ်ဖွဲ့က ဓားပြတိုက်မှု အတွက် မသင်္ကာသူ တစ်ဦးက်ို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ အဆိုပါ မသင်္ကာ သူကို ဓားပြတိုက်ခံ ရသည့် လက်ကိုင်ဖုန်း၏ ဆစ်ဂနယ် အချက်ပြမှုမှ နေတဆင့် ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်သည် လာမည့် နှစ်ရက်အတွင်း ကျင်းပမည့် ကမာ္ဘ့ဖလား ပြိုင်ပွဲအတွက် လုံခြုံရေးအရ ခြိမ်းခြောက်မှု ဖြစ်စေခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့ ကလည်း SBS ရုပ်သံမှ အဖွဲ့ဝင် တစ်ဦးသည် ဂျိုဟန်စ်ဘတ် မြို့ရှိ စတိုးဆိုင် တစ်ခုထဲမှ နားနေခန်းတွင် ဓားပြတိုက် ခံခဲ့ရကြောင်း သိရသည်။ ပြီးခဲ့သည့် စနေနေ့ကလည်း တောင်ကိုရီးယား နေ့စဉ်ထုတ် သတင်းစာ တစ်စောင်မှ သတင်းထောက် တစ်ဦး ဒါဘန်မြို့၏ လမ်းတစ်လမ်း ထဲ၌ ဓားပြတိုက် ခံခဲ့ရသည်။