” Save the Ayarawaddy ” ရက်တိုးပြသ…

ဇွန်လ ၅ ရက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ပြုလုပ်သော ပြပွဲဖြစ်သည့် ”Save the Ayarawaddy” ပြပွဲကို ဇွန် ၅ ရက်မှ ရ ရက်အထိပြသရန်စီစဉ်ထားသော်လည်း လာရောက်သူတို့အနေအထားပေါ်ကြည့်၍ ယင်းပြပွဲအား နှစ်ရက်ထပ်မံတိုးမြှင့်၍ ဇွန် ၉ ရက်ထိ ပြသခဲ့ကြောင်းသိရသည်။

၎င်းပြပွဲသည် ရန်ကုန်မြို့ ဒဂုံမြို့နယ် ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ပြုလုပ်ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သက်ဆိုင်သည့်ပြပွဲတစ်ခုဖြစ်သည်။ ယခင်နှစ်ကလည်း ထိုနည်းတူပြပွဲတစ်ခုကိုလည်းပြုလုပ်ခဲ့ကြောင်း၊ ယခုနှစ်တွင်မူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးထဲမှ အထူးပြုအနေဖြင့် ယနေ့ကာလတွင် ပျက်စီးယိုယွင်းမှုများနှင့်ရင်ဆိုင်နေရသော ဧရာဝတီမြစ်ကြီး၏အကြောင်းကို အသားပေးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်လည်း Save the Ayarawaddy ဟု အမည်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းပြပွဲတွင် ဓာတ်ပုံကားပေါင်း ၁၅ဝကျော်နှင့် ပန်းချီ၊ ကာတွန်းလက်ရာများပါ ပူးတွဲပြသထားကြောင်း သိရသည်။

ပြပွဲသို့ လူကြီး၊ လူငယ်အလွှာစုံမှလာရောက်လေ့လာကြကြောင်း၊ ထိုပြပွဲတွင် လာရောက်သူတို့၏ ဧရာဝတီနှင့်သက်ဆိုင်သည့်အသိဗဟုသုတကို စမ်းစစ်သည့်အနေဖြင့် ဧရာဝတီမြစ်ကြီးနှင့်ပတ်သက်သည့် အမေးအဖြေကစားနည်းများ၊ လက်ကမ်းစာစောင်များ ဝေငှခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ သတင်းလူသား(လူထုမီဒီယာ)

2 comments

  • kai

    June 11, 2010 at 9:32 pm

    အဲဒီပွဲက ဓါတ်ပုံ၊ ပန်းချီကားတွေများ စာအုပ်ထုတ်ရောင်းမယ်ဆိုရင် ဝယ်ချင်တယ်ဗျာ။
    ရာဇဝင်များရဲ့ လျို့ဝှက်ချက်ကိုသိမ်းဆည်းထားတဲ့..ဧရာဝတီရဲ့အကြောင်း…သေချာမသိရတောင် အဲဒီသတို့သမီး ငေးကြည့်နေချင်မိလို့ပါ။
    အောက်ကစာကတော့ အင်တာနက်ကကူးယူလာတာပါ။ ထူးအိမ်သင်ကိုယ်တိုင်ရေးထားပုံရပါတယ်။
    http://www.manorhary.net/2009/08/blog-post_13.html

    ကွယ်လွန်ပြီးသောအိပ်မက်များ…. ထာဝစဉ် လဲလျောင်းအိပ်စက်ရာ က္ကုန္ဒြေကြီးမားလွန်တဲ့ ဒီမြေမှာတို့ရဲ့သွေးတွေ ဖြတ်သန်းရင်းစီးဆင်း သူဟာ ရာဇဝင်များရဲ့ လျို့ဝှက်ချက်ကိုသိမ်းဆည်းထား ဧရာဝတီ……..

    ရာဇဝင်များရဲ့သတို့သမီး
    ၁၉၇ဝပြည့်နှစ်တုန်းက မြန်မာ့အသံအင်္ဂလိပ်ပိုင်အစီအစဉ်မှာ လွှင့်တဲ့ Pussy Cat ရဲ့ Mississippi ဆိုတဲ့ သီချင်းလေးတစ်ပုဒ် ကိုအရမ်းစွဲလန်ခဲ့ဖူးပါတယ်။ Mississippi မြစ်ဝှန်းသားတွေ သူတို့ရဲ့ ဒီမြစ်ကြီးကို ဘယ်လိုများရင်ခုန်ခဲ့ပါသလဲ။ ကျွန်တော်လည်း ဒီသီချင်း လေးကို နားထောင်ရင်း လိုက်ဆိုရင်းနဲ့ ကျွန်တော်ကိုယ်တိုင်မမြင်ဖူး မတွေ့ဖူးးတဲ့ Mississippi မြစ်ကြီးကိုရင်ခုန်ခဲ့ရတယ်။ ကျွန်တော်သီချင်းစရေးတဲ့အချိန် ကတည်းက တစ်နေ့နေ့ကျရင် ကျွန်တော်တို့ရဲ့ ဧရာဝတီမြစ်ကြီးကို သီချင်းတစ်ပုဒ်ဖြစ်အောင် ရေးဖွဲ့မယ်လို့ အမြဲအိပ်မက်မက် ခဲ့ပါတယ်။ ဒါပေမယ့် ဧရာဝတီရဲ့ရင်ခုန်သံကို ပီပီပြင်ပြင် ဖမ်းဆုပ်နိုင်စွမ်း ကျွန်တော့်မှာမရှိခဲ့တဲ့အတွက် ဧရာဝတီဟာ ကျွန်တော့်ရင်ထဲမှာပဲ တိုးတိုးတိတ်တိတ် စီးဆင်းနေခဲ့ရပါတယ်။ အဲဒီရင်ခုန်သံ ဟာ တစ်ခါတစ်လေတော့ တိုးတိုးသဲ့သဲ့ တစ်ခါတစ်လေကျတော့ ကျယ်ကျယ်လောင်လောင်နဲ့ ဒီလိုနဲ့ပဲ အချိန်တွေအများကြီး ကျွန်တော်တို့ ဖြတ်သန်းခဲ့ရပေါ့။
    ၁၉၈၆(ပုဂံ)
    ဒီဧရာဝတီမြစ်ကြီးရဲ့ မြစ်ဝှန်းမှာ ကျွန်တော်တို့ ဘိုးဘေးတွေ ရှေးမျိုးဆက်ဟောင်းကြီးတွေ ဘယ်လိုများတောက်ပတဲ့ ယဉ်ကျေးမှုမျိုးတွေထူထောင်ခဲ့ကြပါသလဲ။ ဘယ်လိုများ ရွှေရောင် တောက်စားတဲ့ မြို့ပြအဆောက်အဦတွေပါလိမ့်၊ဘယ်လိုများ ခိုင်ခံ့ခဲ့တဲ့ နိုင်ငံတော်တွေပါလိ်မ့်။ ဘယ်လိုကြံ့ခိုင်သန်မာတဲ့ အင်အားတွေပါလိမ့်..။သေချာတာတစ်ခုကိုတော့ ကျွန်တော် ပြက်ကနဲ မြင်လိုက်ရတယ်။ဧရာဝတီမှာ ရာဇဝင်ရှိတယ်…ဆိုတာပဲ။ ကျွန်တော့်ထက် အရင်လူတွေ ဧရာဝတီကို ရင်ခုန်ခဲ့ကြဖူးပါပြီ။ မြန်မာ့အသံက မြစ်ကြီးဧရာဝတီ တို့ ၊ကိုခင်ဝမ်းရဲ့ ဧရာဝတီ တို့ ကျွန်တော်တို့ခံစားဖူးကြပါပြီ။ ဒါပေမယ့် ကျွန်တော့် ဧရာဝတီရဲ့ ရင်ခုန်သံက သူတို့နဲ့မတူဘူး။ ကျွန်တော်က ဧရာဝတီကို အရင်လူတွေနဲ့ မတူခြားနားပြီးမြင်တယ်။ ဧရာဝတီဟာ ကျွန်တော်တို့ရဲ့ ဝိညာဉ်ပါ။ ကျွန်တော်တို့ရဲ့ သွေးကြော ကြီးပါ။ ဒီဧရာဝတီ မြစ်ဝှန်းမှာပဲ ကျွန်တော်တို့ရဲ့ ဘိုးဘေးမိဘတွေ ရှေးမြန်မာကြီးတွေ …… သူတို့ရဲ့ ကြီးကြမ်းမောက်မာသလောက် သိမ်မွေ့နူးညံ့တဲ့ နှလုံးသားနဲ့ သန်မာကြံ့ခိုင်သလောက် ပြောင်းညွတ်တဲ့လက်ရုံးတွေနဲ့ ..တောက်ပတဲ့ ယဉ်ကျေးမှုတွေ ခမ်းနားတဲ့ မြို့ပြနိုင်ငံတွေ ထူထောင်ခဲ့ကြတယ်။ ဒီမြေ ၊ဒီရေ၊ကိုပိုင်ဆိုင်ဖို့ အတွက်၊ကာကွယ်ဖို့အတွက် သွေးမြေကျ စစ်ပွဲ ကြီးတွေ ဒီမြစ်ဝှန်းမှာ ခင်းကျင်းခဲ့ပါတယ်။ ဧရာဝတီရဲ့ သူရဲကောင်းတွေ ဒီမှာပဲ မွေးဖွား ဒီမှာပဲ စတေးပြီ ဧရာဝတီရဲ့သမိုင်ကို ခိုင်ခံ့အောင် ဆောက်တည်ခဲ့ကြတယ်။ ရာဇဝင်တွေ တစ်ခုပြီးတစ်ခု ဟောင်းသွားကြတယ်။ တစ်ခုပြီး တစ်ခု သစ်လာကြတယ်။ ဧရာဝတီက ရာဇဝင်များစွာရဲ့ သတို့သမီး ၊ကျွန်တော်တို့ရဲ့ မိခင်၊ ကျွန်တော် တို့ရဲ့ ဝိညာဉ်ပါပဲ။ အဲဒီတော့ ကျွန်တော်တို့ရဲ့ အချိန်ကာလ အတိုင်းအတာတစ်ခုကြားမှာ ဧရာဝတီရဲ့ ရာဇဝင်သစ် တွေအတွက် ကျွန်တော် ကြိုဆိုရင်း ရင်ခုန်ရပါတယ်။

    ထူးအိမ်သင်
    Credit: http://www.manorhary.net/2009/08/blog-post_13.html

  • သတင်းလူသား

    June 12, 2010 at 4:51 pm

    ဟုတ်ကဲ့ပါ…ကိုခိုင်ရေ…
    ကျွန်တော်လည်း အဲလိုတွေးမိပါတယ်။ ကျွန်တော်ပြပွဲစီစဉ်သူတွေကို တီးခေါက်ကြည့်ပါဦးမယ်။ စာအုပ်အဖြစ်မထုတ်ရင်၊ မရရင်တောင်မှ အဲကဓာတ်ပုံတွေကို ကော်ပီယူခွင့်ရမယ်ဆိုရင် ကိုခိုင်ဆီကိုလည်း ပေးပို့လိုက်ပါမယ်။ ကျွန်တော်ကြိုးစားကြည့်ပါ့မယ်။

Leave a Reply