စဉ်းစားမိပါတယ် (8.4.2012)

ဒီပိုစ့်လေးမှာတော့ 7.4.2012 နေ့ကဖတ်ရတဲ့ Snow White ရဲ့  “ယောက်ျားလေးတို့၏မာယာ” ဆိုတဲ့ပိုစ့်မှာ

ကို Foreign Resident ရေးထားတဲ့ ကွန်မင့်လေးကို ပြန်လည်ဆွေးနွေးဘို့ ရည်ရွယ်ပါတယ်။

ကိုဖေါရင်းရဲ့ ကွန်မင့်ကို ထောက်ခံဆွေးနွေးတာလဲမဟုတ်၊ ကန့်ကွက်ဆွေးနွေးတာလဲမဟုတ်ပဲ အကြောင်းအရာလေးလှလို့ ဖြည့်စွက်ဆွေးနွေးတဲ့သဘောပဲ ဖြစ်ပါတယ်ဗျာ..။ မူရင်းပိုစ့်မှာ မရေးတာကတော့ လမ်းကြောင်းမတူတော့လို့ပါ..။

 

ဆိုတော့…. ကိုဖေါရင်းရဲ့ အမှတ်စဉ်ထိုးဆွေးနွေးချက်ကလေးတွေကိုပဲ “တည်” ပြီး ပြန်ဆွေးနွေးခွင့်ပြုပါလို့ ဒီနေရာကပဲ ကိုဖေါရင်းကို ခွင့်တောင်းလိုက်ပါရစေ…။

 

( ၁ ။

မိန်းကလေး တွေက ယောက်ျားလေး တွေကို

အားကိုးဖို့ မယူပါနှင့် ၊ အဖေါ်သဟဲ အဖြစ်နှင့်ပဲ ယူပါ ။

မိန်းကလေး တွေဟာ ကိုယ့်ဝင်ငွေ နှင့်ကိုယ် မတ်မတ် ရပ်နိုင်ရမယ် ။

ကိုယ် က သူများသွား အားကိုးရင်တော့ အောက်ကျို့ရမှာပဲ ၊ အနှိပ်စက်ခံရမှာပဲ ။

အောက်ကျို့ချင် ၊ အနှိပ်စက်ခံချင် ရင်တော့ အားကိုး ရှာကြပေါ့ ။)

 

မြန်မာပြည်မှာဖြင့်  ကိုယ့်ဝင်ငွေနဲ့ကိုယ်မတ်မတ်ရပ်နိုင် အပြည့်အဝကိုယ့်အားကိုယ်ကိုးနိုင်တဲ့ မိန်းကလေးအများစု(အားလုံးမဟုတ်)ဟာ အပျိုကြီးဖြစ်ကုန်တာ များတာပဲ  ကိုဖေါရင်းရဲ့..။ 😀

ဥပမာ အမျိုးသမီးထဲက အောင်မြင်တဲ့ဈေးသည်တွေ၊ ကုန်သည်တွေ၊ အဆင့်မြင့်အစိုးရအမှု့ထမ်း/ပုဂ္ဂလိက အမှု့ထမ်းတွေ၊ လုပ်ငန်းရှင်တွေ၊ ကျောင်းဆရာမတွေ၊ ဆရာဝန်တွေ ထဲမှာ အပျိုကြီးမမတွေ များတယ်ဗျို့..။ ငယ်ငယ်တုန်းကတော့လဲ မအောင်မြင်သေး- ကြီးလာလို့ အောင်မြင်သွားရင်တော့ ကိုယ့်ထက်မှကောင်းကောင်း(အရည်အချင်း)မသာရင် သိပ်ခေါင်းထဲမဝင်တော့ဘူးထင်ရဲ့..။ နမူနာကြည့်ချင်ရင်တော့  ကျုပ်အမျိုးထဲသာ လာကြည့်ပါတော့။ တမျိုးလုံး အပျိုကြီးချည်းပဲ.. 😀  😀 ။

(မိန်းကလေး တွေက ယောက်ျားလေး တွေကို အားကိုးဖို့ မယူပါနှင့် ၊ အဖေါ်သဟဲ အဖြစ်နှင့်ပဲ ယူပါ ။) ဆိုတဲ့စကားလေးတော့ ကြိုက်ပါတယ်။ တကယ်တော့ အိမ်ထောင်သည်ဘဝတခုလုံးကိုခြုံကြည့်ရင်လဲ အိမ်ထောင်အများစုမှာ ယောက်ျားက ရှာနိုင်တုန်းမှာပိုက်ဆံရှာပေးတာကလွဲရင် အခြားဘာမှ သိပ်အားကိုးလောက်စရာမရှိပါဘူး။ မိန်းမကပဲ ချက်ရေးပြုတ်ရေး သားသမီးရေး အိမ်တွင်းရေး ပြင်ပဆက်ဆံရေး လူမှု့ရေး ဘာသာရေး တွေကို ဒေါင့်စေ့အောင် ဆောင်ရွက်ရတာပါ။ ဒါကြောင့် လူကိုချစ်မှ၊ အရည်အချင်းနဲ့ စိတ်နေသဘောထားတွေကိုကြိုက်မှပဲ ဘဝအဖေါ်အဖြစ်ယူပါ။ အားကိုးဖို့ ယောက်ျားယူရင်တော့ မှားလေစွပါပဲ။

 

(၂ ။

အိမ်ထောင် ကျကျချင်းလည်း ကလေး မယူပါနှင့် ။

ကိုယ့် ယောက်ျားရဲ့ ခြေလှမ်းကို စောင့်ကြည့်ပါအုန်း ။

၃ – ၄ နှစ်သေချာမှ စိတ်ချရမှ ကလေး ယူပါ ။)

အဲဒါကတော့ နဲနဲတောင်စောသေး.. လို့ထင်တာပါပဲ။ ပြည်တွင်းမှာတော့ အိမ်ထောင်ရှင် အမျိုးသားအများစုဟာ မိမိအိမ်ထောင်ဖက်ကိုစိတ်ကုန်တာ/ အခြားဘက်ကို စိတ်လည်တာ/ အိမ်ထောင်ရေးကို ငြီးငွေ့တာဟာ အနောက်နိုင်ငံများမှာထက် နောက်ကျတယ်လို့ ထင်မိပါသဗျာ..။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းက အိမ်ထောင်ရေးအများစုက sex oriented မဟုတ်ကြလို့ပါပဲ။ တခြားကြိုက်တဲ့အချက်လေးတွေ တဖြေးဖြေးကုန်ဆုံးလာပြီး မကြိုက်တဲ့အချက်တွေ မနိုင်မနင်းစုမိလာတဲ့အချိန်ဟာ ကလေး လေးငါးနှစ်သားလောက်မှာပါပဲ။ အိမ်ထောင်သက် ခြောက်နှစ်ခွန်နစ်နှစ်ရောက်မှတော့  မကြိုက်တော့သော်လဲ မော်ဒယ်မချိန်းဖြစ်ကြတော့ပါဘူး။ အပြင်စာလေးဘာလေး ရှာစား၊ အိမ်သိပ်မကပ်၊ စိတ်ချမ်းသာသလိုနေဖြစ်ကြတာများလို့ ကွဲတယ်ကွာတယ်ဆိုတာ နည်းကြတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်တွင်းက အိမ်ထောင်သည်သက်ရင့်တွေဟာ သူများနိုင်ငံကထက်တော့ ပျော်ရွှင်မှု့နည်းကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုပစ်မသွားမယ့် ယောက်ျားမှန်းသေချာချင်ရင် ငါးနှစ်အထက်စောင့်ကြည့်ဘို့လိုတယ်ထင်မိပါတယ်။

 

(  ၃ ။

အလှ ဂုဏ်မတက်ပါနှင့် ။

အလှ ဆိုတာ ခဏတာပဲ သုံးလို့ရတာပါ ။

……….. .. . . . . . . . . . . .

အလှက နေ့စဉ်နှင့်အမျှ တန်ဖိုး တဖြေးဖြေး ကျလာပါတယ် ။ ကျကုန်ပါ ။

ချောတဲ့ လှတဲ့ ကောင်မလေးတွေ နေ့စဉ်နှင့် အမျှ ငါ တန်ဖိုးကျနေပါလား ဆိုတာ

တွေးထားရင် အမှန်နှင့် တော်တော် နီးစပ်ပါတယ် ။…….)

အလှမာန်မတက်ဘို့ပြောတာကို သဘောတူပါတယ်။ မိန်းကလေးတယောက် ရုပ်အလှကို အထိန်းနိုင်ဆုံးအချိန်ဟာ တိုတိုလေးပါ။ ဒါကြောင့် မိန်းကလေးတွေဟာကိုယ့်အိမ်ထောင်ဘက်ကို ကိုယ်ကြိုက်တဲ့အရည်အချင်းတွေရှိစေချင်သလို-

ကိုယ်ကိုယ်တိုင်ကလဲ ကိုယ့်အိမ်ထောင်ဘက်ကြိုက်လောက်တဲ့ တန်ဘိုးထားတဲ့ အရည်အချင်းတွေရှိဘို့လိုမှန်း သတိပြုသင့်ပါတယ်။

ယောက်ျားတွေ ဘာတွေကိုကြိုက်သလဲ? နဲနဲပဲပြောကြည့်မယ်-

၁- ပထမဦးစားပေးကတော့ လှတာ ကြိုက်တာပေါ့။ ဒါပေမယ့် အဲဒါက ခဏပဲခံတာနော်။ ကိုယ့်အလှကလဲ နေ့စဉ်နဲ့အမျှလျော့သွားမှာ။ ကိုယ့်ထက်လှတဲ့ သူတွေလဲရှိနေ ရှိလာနေတာ..။ အဲဒါကို သိပ်အားမကိုးနဲ့။

၂- စိတ်အေးချမ်းတာ ၊ ပြောဆိုဆွေးနွေးညှိနှိုင်းလို့လွယ်တာ ၊ မရိုင်းစိုင်းတာ၊ နားလည်မှု့ရှိတာကို ကြိုက်တယ်။ အဲဒီအရည်အချင်းမျိုးကတော့ တသက်လုံးခံတယ်။

၃- မချုပ်ချယ်တာ ၊ ဗိုလ်မကျတာ၊ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ပြဿနာမရှာတာ၊ မိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်ပြီး မငြိုငြင်တာကိုကြိုက်တယ်။ ခက်တာက အဲလိုမိန်းကလေးမျိုးရော လောကမှာ ရှိမှရှိရဲ့လားမသိ? 🙁 ။

၄- မိန်းကလေးတွေ လုံးဝမထင်မှတ်တဲ့ အချက်တခုရှိတယ်။ အချက်အပြုတ်ကောင်းတာ..။ သိဖို့က ယောက်ျားဟာ မိန်းမထက်ပိုပြီး အရသာရှိတဲ့အစားအစာကိုကြိုက်တယ်။ မယူခင်တုန်းက ဒါမှမဟုတ် ညာကာစတုန်းကတော့ “ရတယ်..ရတယ်.. မချက်တတ်လဲအရေးမကြီးဘူး..။ ဝယ်စားလို့ရတာပဲ…။”  လို့ ယောက်ျားတွေကပြောပါလိမ့်မယ်။ အဲဒါအဟုတ်ထင်ပြီး ဘာမှ မပြင်ဆင်ထားလို့ကတော့ အပြင်မှာဝယ်စားတာ အကျင့်ပါပြီးအရသာတွေ့သွားမှ အိမ်ပြန်ခေါ်လို့မရပဲ ဖြစ်သွားတတ်ပါတယ်။ ပြီးတော့ အချက်အပြုတ်ဆိုတာ မိန်းမတွေအဖို့ ကိုယ့်ကိုရာနှုံးပြည့်စိတ်ကုန်သွားမယ့်အရေးက တားနိုင်တဲ့ နောက်ဆုံးခံတပ်..။ အဲဒီခံတပ်က အိုတဲ့အထိလဲ ခံတယ်။

ဒီအချက်ကတော့ ပြည်ပနေ အိမ်ထောင်တွေနဲ့ လုံးလုံးမဆိုင်ပါဘူးနော့..။

 

( ၄ ။

စိတ်ကူး မယဉ်ပါနှင့် ။ မတုံးပါနှင့် ။

မိန်းကလေး တစ်ယောက် လှချိန်မှာတော့ ဝါးကောင်းယုံ

ယောက်ျားလေးတွေက အလိုလိုက်မှာပါ ၊ ချော့မှာပါ ။

အထူးသဖြင့် ၊ အဲလို အလိုလိုက် ချော့တဲ့ ယောက်ျားလေးတွေဟာ

ခပ်တုံးတုံးကောင်တွေ နှင့် လူလိမ်တွေ ဖြစ်လေ့ရှိပါတယ် ။

အဲဒီတော့ အလိုလိုက် ချော့တာ ကိုကြိုက်တယ် ဆိုရင် ၊

အဲဒီ မိန်းကလေးကိုယ်နှိုက်ကိုက

လိမ်တာကို လူလိမ်ကို ကြိုက်တဲ့ သဘောရှိပါတယ် ။

အဲဒါ ဆိုရင်တော့ သူ့ထိုက် နှင့် သူ့ကံပါ ။)

J J

မှန်တော့မှန်တယ် .. တိုက်ရိုက်ထိတော့ တော်တော်တော့ ပြင်းတယ်နော…။

ကိုင်းပါ… ကျုပ်က လေပြေနဲနဲထိုးပါ့မယ်…။

လောကမှာ အရာရာတိုင်းဟာ အကန့်အသတ်ရှိပါတယ်…။

အလိုလိုက်တယ်..ဆိုတာဟာလဲ လောကထဲကအရာတခုမို့ သေချာပေါက်အကန့်အသတ်ရှိပါတယ်နော..။

မိန်းကလေးတယောက်အနေနဲ့ အလိုလိုက်ခံရတယ်ဆိုတဲ့အရာဟာ ငယ်တုန်းရွယ်တုန်း ခဏတဖြုတ်ပဲရတတ်တဲ့ အရာမျိုးလို့ နှလုံးသွင်းတတ်ဘို့လိုပါတယ်။ ဒါတောင်မှ ရဲရင့်သူတွေ၊ အောင်မြင်သူတွေ၊ လက်တွေ့ကျသူတွေ၊ လူတော်တွေဆီက အဲဒါမျိုးသိပ်မရတတ်ပါဘူး။ ဒါကြောင့် ကိုယ့်လက်တွဲဖေါ်ရဲ့ အလိုလိုက်တာမခံရရင်လဲ အဲဒါဝမ်းနည်းစရာမဟုတ်ဘူး၊ ဂုဏ်ယူစရာ စိတ်အေးစရာလို့ နားလည်သင့်ပါတယ်။

 

(  ၅ ။

မိန်းမ ယောက်ျား လူသား အားလုံးမှာ မာယာ ရှိပါတယ် ။

………………………………………………

ရိုးရိုးလူ ဆိုရင်တော့ လိမ်မယ်လို့ မျှော်လင့်ထားရမှာပဲ ။

မမျှော်လင့်ထားရင်တော့ အဲဒီ အထင် ဟာမှားနေပြီ ။)

တော်တော်လက်တွေ့ကျလွန်းတဲ့စကားမို့  သိပ်တော့လူကြိုက်များမယ်မထင်ဘူး ကိုဖေါရေ..။ 😀 😀

တမျိုးသောရှု့ဒေါင့်ကပြောရရင်- ရည်းစားထာတယ်ဆိုတာ အပြန်အလှန် အင် ထုတာ….

လက်ထပ်ကြတယ်ဆိုတာကတော့ နှစ်ယောက်လုံး အောင်မြင်စွာအင်ထုနိုင်ကြောင်းသက်သေပြတာ…လို့….။  😀 😀

အင်း.. အယုံမလွယ်သင့်တာတော့အမှန်ပါ။ ဘာမှမယုံရင်လဲ အပျိုကြီးဖြစ်ဦးမယ်.။ ဒီအစွန်းနှစ်ဘက်ကြားမှာပဲ သတိ.. သတိ.. သတိ..  ဆိုတာလေးထားပြီး ချင့်ချိန်ကြစေချင်တာပါပဲ။

 

( ၆ ။

အဘ ကတော့

မိန်းမ တစ်ယောက်ကို တနေ့ကွဲပါစေ ဆိုတဲ့စိတ်နှင့်လည်း မယူဘူး ။

နောက် ၁ဝ နှစ်ကြာရင် ငါမယားငယ် ထားမယ် ဆိုတဲ့စိတ်နှင့်လည်း မယူဘူး ။

ဒါပေမယ့် အရမ်း အဆင်မပြေရင် တော့

စိတ်ဆင်းရဲခံပြီး ဆက်ပေါင်းရန် အကြောင်းမရှိပါဘူး ။

…………………….

အဲဒါဟာ လူမဆန်တာ မဟုတ်ဘူးလို့ ထင်ပါတယ် ။

အဲဒါကမှ တကယ့်ကို လူသားဆန်ဆန် တုံ့ပြန်တယ်လို့ ထင်ပါတယ် ။)

 

အဲဒါကတော့  ခေတ်မီ လွတ်လပ်တဲ့ ဓလေ့ထုံးစံရှိတဲ့ နေရာဒေသ ပတ်ဝန်းကျင်မျိုးတွေအတွက်တော့ မှန်ပါတယ်။

ပြီးတော့ လင်  နဲ့  မယား  နှစ်ယောက်သားအတွက်တော့  မှန်ပါတယ်။

ဒါပေမယ့်  အိမ်ထောင်တခုမှာ  third party  ရှိပါသေးတယ်။

ကလေးတွေပေါ့….

သူတို့ကတော့ အဖေရော အမေပါရှိတဲ့ အိမ်မျိုးမှာပဲ  နေချင်မှာ…။

မိဘတွေ ကွဲကွာကြတဲ့ အကြောင်းပြချက်တွေဟာ

သူတို့အတွက်တော့ သူတို့ကို တစိတ်တပိုင်းစွန့်ပစ်သွားတာခံရဘို့

လက်ခံနိုင်စရာအကြောင်းပြချက် ဖြစ်ချင်မှဖြစ်မှာပါ…၊။

အနောက်နိုင်ငံတွေမှာတော့ ကလေးတွေအတွက် မဆန်းတော့တဲ့အဖြစ်တွေမို့  ခံနိုင်ရည်ရှိတယ်ဆိုပေမယ့်..

ကျုပ်တို့ မြန်မာပြည်တွင်းက လူမှု့ဝန်းကျင်မှာတော့ ဒီလောက်ကျင့်သားမရသေးပါဘူး…

ပြည်တွင်းမှာတော့  မိဘတွေရဲ့ကွဲကွာမှု့ဟာ  ကလေးတွေကို  ပြင်းပြင်းထန်ထန်ထိခိုက်စေတုန်းပါ…

ကလေးတွေကို  စိတ်ဒါဏ်ရာ ရစေတတ်တုန်းပါ…။

ဒါကြောင့်လဲ  အဆင်မပြေတော့လို့  လင်မယားတွေ အတွင်းကွဲကြိတ်ကွဲနေပေမယ့်..

သူ့ဟာသူ  ကိုယ့်ဟာကိုယ်စိတ်ချမ်းသာသလိုနေပေမယ့်

အပြင်အမြင်မှာတော့  အပြတ်မကွဲပဲ  အမည်ခံလင်မယားအဖြစ်နဲ့နေကြတဲ့သူတွေ ပြည်တွင်းမှာ အများကြီးပါ။

 

ကိုယ့်ရဲ့ ပျော်ရွှင်မှု့ဆိုတာ ကိုယ့်ဘဝရဲ့ အရေးကြီးတဲ့ အချိုမြိန်ဆုံး အစိတ်အပိုင်းဆိုရင်တောင်..

အဲဒီအစိတ်အပိုင်းကို ကိုယ့်သားသမီးအတွက်ဆိုရင်တော့ ရက်ရက်ရောရော ဖဲ့ပေးနိုင်လောက်ပါတယ်ဗျာ….။

 

အပေါ်မှာဆိုခဲ့သလိုပဲ……

ဒီပိုစ့်လေးဟာ-

ကိုဖေါရင်းရဲ့ ကွန်မင့်ကို ထောက်ခံဆွေးနွေးတာလဲမဟုတ်၊ ကန့်ကွက်ဆွေးနွေးတာလဲမဟုတ်ပဲ အကြောင်းအရာလေးလှလို့ ဖြည့်စွက်ဆွေးနွေးတဲ့သဘောပဲ ဖြစ်ပါတယ်လို့ …………။

-Ref: ….https://myanmargazette.net/113591/creative-writing

19 comments

  • ဗိုက်ကလေး

    April 8, 2012 at 3:52 pm

    ဒီအချိန်မှာ
    အူးလေးတို ့ပြောတာဆိုတာ ဆွေးနွေးငြန်းခုန်တာကိုပဲ ကျုပ်တို ့က စောင့်ကြည့်လေ့လာမှတ်သားနာယူရပေဦးမပေါ့ဗျာ
    တစ်ချိန်ကျရင်တော့ ပါဝင်ဆွေးနွေးနိုင်တန်ကောင်းပါရဲ့ အူးပါရေ
    မဆွေးနွေးတတ်ဆို ကျုပ်တို ့ဂ လူပြိုဂျီးဂိုးဗျ (ဤစာတန်း အိမ်ကအဖွားကြီးမမြင်စေရ)

    ဟိုခလေးမပြောတဲ့ ယောက်ျားတွေမာယာများတယ် သစ္စာမရှိ ဘာညာဆိုတာ တစ်ဂယ်တော့ တစ်ဘက်သတ်မဆန်လှပါဘူးဗျာ
    အိမ်ထောင်မကျခင်ကတော့ ကျားကော မကော ပဲနဲ ့ရွဲနဲ ့ ဂိုက်ပေးကြမ်းပြတာပေါ့လေ
    ကြာရှည်ဆက်ဆံလာပြီးနောက်မတော့ နှစ်ဦးစလုံး ကောင်းကွက်မကောင်းကွက်တွေပေါ်လာသပေါ့
    တစ်ခုရှိတာက မိန်းမက ယောက်ျားတွေထက် အိုလွယ် ကျလွယ် ရိုးလွယ်စေတယ် မြင်မိတယ်ဗျ
    ဒီကြားထဲ အလိုက်မသိ၊စိတ်ပျက်မိအောင် လုပ်မှန်းမသိလုပ်မိရာက သူ ့ယောက်ျားကို စိတ်ပျက်ခြင်းကိုဖြစ်စေပြီး
    အနှီခလေးမပြောတဲ့ မာယာဘညာဖြစ်တဲ့ ယောက်ျားဘဝကို အနှေးနဲ ့ အမြန် တွန်းပို ့လိုက်သလိုဖြစ်စေတယ် ထင်မိတယ် အူးပါရေ..(ထင်တာပြောတာဘာ.)

    ပြည့်ပြည့်စုံစုံကတော့ အူးပါတို ့အူးဖောတို ့.လို မိန်းမငါးယောက် ခလေးဆယ်ယောက်စီ ကိုယ်စီရှိကြတဲ့ စီနီယာကြီးတွေဆွေး
    နွေးမှ ဖြစ်မှာမို ့..
    လူပြိုဂျီးဗိုက်ခလေး မျက်လုံးလေးမှေး စောင့်ကြည့်ပါရစေဦးလို ့…

  • water-melon

    April 8, 2012 at 4:47 pm

    ဦးပါရေ
    ဟာကွက်မရှိလောက်အောင်ပြည့်စုံပါတယ်ဗျာ
    လက်မလေးထောင်သွားပါတယ်
    ရန်ကုန်လာရင်ဆုံချင်ပါသေးတယ်။

    • ဗိုက်ကလေး

      April 9, 2012 at 3:24 pm

      ခင်ဗျားပြောတော့ မြေးသုံးယောက်ရှိတယ်ဆိုဗျ

  • pooch

    April 8, 2012 at 11:15 pm

    ဦးပါရေ ကျမက သရဖူ မဂ္ဂဇင်းမှာ ဒေါ်မာလာတင်ရေးတဲ့ အခန်းဆက် ဆောင်းပါးတွေကို ဖတ်နေကျမို့ အဘဖော ရေးတဲ့ သဘောကိုရော ဦးပါဆိုလိုတာကိုရော ကွက်ကွက်ကွင်းကွင်းမြင်မိပါတယ်။ နှစ်ခုလုံးက သတိထားဆင်ခြင်သင့်တဲ့ အတွေးလေးတွေပါ။

    ဒေါ်မာလာတင်က လူ့လောကကြီးရဲ့ မာယာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပုံကို သူ့ရဲ့ သူငယ်ချင်း မိုးမိုး(အင်းလျား) က မေတ္တာကမ်းနား အချစ်သစ်ပင်ဆိုပြီး စာဖွဲ့ခဲ့တယ်လို့ ဆိုပါတယ်။ ကျမက ဒေါ်မာလာတင်ရဲ့ ပရိတ်သတ်ပါ။ နောက် အတ္တကျော်ရဲ့ စာတွေလည်း ဖတ်မိတော့ အချစ်ဆိုတာကို အတိုင်းအတာတခုထိပဲ လက်ခံထားတဲ့သူတယောက်ပါ။

    ကိုယ့်ကို နစ်နစ်နာနာထိခိုက်လာနိုင်တဲ့ အချစ်ဖြစ်လာရင်တော့ အချိန်မရွေးစွန့်လွှတ်ဖို့ ရာ ဝန်မလေးတဲ့သူတယောက်ပါ။ အဲ့ဒါကြောင့်ပဲ ငှက်ပျောတုံး ဖက်သေရတော့မှာပါ။ 😀

    နောက်ပြီး ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲ ဖြစ်ဖြစ် လူရယ်လို့ ဖြစ်လာရင် အရွယ်ရောက်လာတာနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ် အမြဲ ရပ်တည်နို်င်အောင် ကြိုးစားရမှာပါ။
    ဒါမှသာ အိမ်ထောင်ပြုပြု ၊ မပြုပြု ၊ အိမ်ထောင်ကွဲ ကွဲ ၊ မကွဲကွဲ ကိုယ့်ဘဝကိုယ် ရေရှည်ရပ်တည်နိုင်မှာပါ။

    သူများအပေါ်မှာ မှီခိုရတယ် ဆိုတာ ရေရှည်မှာ ကိုယ်တိုင်ရပ်တည်ရတာလောက်တော့ မကောင်းနိုင်ပါဘူး။ ( ဒါပေမဲ့ ကျမကတော့ ခုထိ အိမ်ကို မှီခိုနေရတုန်းပါ :mrgreen: )

    နောက် ….ကျမ ကြားဖူးတာလေးက ယောက်ျားပဲ ဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် အဲ့ဒါတွေက ဇိမ်ခံပစ္စည်းသက်သက်ပါတဲ့။ တကယ့် ဘဝ မဟုတ်ပါဘူးတဲ့ ဦးပါ။ တကယ့် ဘဝ ဆိုတာ ကိုယ်တိုင်ပဲ လျှောက်လှမ်းရတာပါတဲ့။

    • Moe Z

      April 10, 2012 at 12:18 pm

      မမပူးချ် ငှက်ပျောတုံးတော့မဖက်ပါနဲ့
      ဖက်လုံးလှလှလေးတစ်လုံးပို့ပေးမယ် ဘယ်အမျိုးအစားထဲကကြိုက်လဲ :mrgreen:

  • aye.kk

    April 8, 2012 at 11:24 pm

    ဦးဦးပါလေရာရေ..
    ပြောတာတွေကအင်မတန်သင့်လျော်လှပါတယ်။
    ကိုယ်တွေ ့လေးပြောပြချင်မိပါတယ်..
    သားသ္မီးမျက်နှာမြင်လိုက်ရတဲ့အချိန်..
    မိခင်ရဲ ့မေတ္တာစိတ်ကြီးမားစွာဖြစ်ပေါ်ခဲ့ပြီး..
    ဒီယောင်္ကျားကိုကွဲပစ်မယ်ဆိုတဲ့စိတ်ကအပြီးပျောက်ဆုံးခဲ့ရပါတယ်။
    ဘယ်တော့မှလည်းမကွဲနိုင်ခဲ့ရတော့တာပါဘဲ။
    အိမ်ထောင်မှု၊ဘုရားတည်၊ဆေးမှင်ရည်စုပ်ထိုး..ဤသုံးချက်မပိုင်လျှင်နောင်ပြင်ရန်ခက်ဆိုတဲ့
    အဖေဆုံးမစကားကကျမအတွက်သွေးထွက်အောင်မှန်ခဲ့ရပါတယ်။

  • ရွာစားကျော်

    April 8, 2012 at 11:39 pm

    ၂- စိတ်အေးချမ်းတာ ၊ ပြောဆိုဆွေးနွေးညှိနှိုင်းလို့လွယ်တာ ၊ မရိုင်းစိုင်းတာ၊ နားလည်မှု့ရှိတာကို ကြိုက်တယ်။ အဲဒီအရည်အချင်းမျိုးကတော့ တသက်လုံးခံတယ်။

    ၃- မချုပ်ချယ်တာ ၊ ဗိုလ်မကျတာ၊ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ပြဿနာမရှာတာ၊ မိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်ပြီး မငြိုငြင်တာကိုကြိုက်တယ်။ ခက်တာက အဲလိုမိန်းကလေးမျိုးရော လောကမှာ ရှိမှရှိရဲ့လားမသိ? 🙁 ။

    ကြွားလိုက်အုံးမယ်..
    ပစ္စည်းကောင်းလေးရထားတယ်.. ဟောဒီမှာ..
    ဓူဝံ အင်ဗာတာ.. ဟီ ဟိ 😆

  • Foreign Resident

    April 9, 2012 at 5:26 am

    ကိုပါလေရာ ရေ
    ကိုပါလေရာ ပြောသွားတာတွေက
    ကျနော့်ရဲ့ အမြင်တွေကို ကန့်ကွက်သွားတာ မဟုတ်ပဲ
    ဖြည့်စွက်သွားတာတွေပဲ ဆိုတော့
    ကျနော့်မှာလည်း ပြန် ရှင်းစရာ ကြီးကြီးမားမား မရှိလှပါဘူး ။

    ဒါပေမယ့် ကိုပါလေရာ ပြောသွားပုံအရ
    ကျနော့ အယူအဆအတိုင်းသာဆက်သွားရင်
    အပျိုကြီးတွေ ဖြစ်ကုန်ဖို့ များတယ်လို့ ခန့်မှန်းချင်ပုံရတယ် ။

    ဘာဖြစ်သလဲ ဖြစ်ပေ့စေပေါ့ ၊
    လက်ရှိ မြန်မာ့ လင်မယား နှင့် လူမှု ဆက်ဆံရေး အခြေအနေ က ၊
    ဒီလို အခြေအနေ ဖြစ်အောင် တောင်းဆိုနေတာကိုး ။

    ထမင်းဟင်းချက် အိမ်မှုကိစ္စလည်း လုပ်ရသေး ၊
    လင်လည်းပြုစုရသေး ၊ ပိုက်ဆံလည်းရှာရသေး ၊
    ကျေးဇူးရှင် အိမ်ဦးနတ်က အပြင်ထွက်ရှုပ်တာလဲ သည်းခံရသေး ၊
    ကျွန်မှ မဟုတ်တာဗျာ ၊ ဘယ်သူလုပ်နိုင်မှာလည်း ။

    Sexual Pleasure , Sense of Security & Peer Pressure လေးတွေအတွက်
    အပေါ်ကဟာတွေ အကုန်လုံး လုပ်ပေးရမယ် ဆို မတန်ပါဘူး ။

    ကျနော်သာ မိန်းကလေးဆိုရင်လဲ ၊
    မြန်မာပြည်မှာဆို ယောက်ကျားယူချင်မှာ မဟုတ်ဘူး ။

    ပညာတတ် ဉာဏ်ထက် ဒိတ်ဒိတ်ကြဲ အမျိုးသမီးတွေ
    အများစု အပျိုကြီးတွေပဲ ဖြစ်ကုန်တဲ့အခါကျရင် ၊
    ခေတ်မမှီတော့တဲ့ မြန်မာ့ လူမှု ဆက်ဆံရေး စံနစ်ကြီးလဲ ၊
    ပိုကောင်းမွန်တဲ့ တရားမျှတတဲ့ လူမှု ဆက်ဆံရေး စံနစ်ကြီးကို
    လိုက်ပြောင်းလဲလိမ့်မပေါ့လေ ။

    အောက်ကဟာတွေကတော့
    ကျနော်ပြန်တို့ထိထားတာတွေပါ ။

    ၁ ။
    ” အပျိုကြီးမမတွေ များတယ်ဗျို့ ၊ ကိုယ့်ထက်မှကောင်းကောင်း ( အရည်အချင်း )
    မသာရင် သိပ်ခေါင်းထဲမဝင်တော့ဘူးထင်ရဲ့ ”

    အင်း မိန်းမက ကိုယ့်ထက်သာတဲ့ ယောက်ကျားကိုမှသာ ယူမယ် ဆိုလို့ကတော့ ၊
    အဘ တို့ ညီအစ်ကိုတွေ တစ်ယောက်မှ မိန်းမ ရမှာ မဟုတ်ဘူး ။

    ညီတစ်ယောက်က မြန်မာ BE နှင့် ယိုးဒယား MBA တစ်ဘွဲ့ကို
    သူ့မိန်းမက BBA တစ်ဘွဲ့ နှင့် MBA ချည်းပဲ နှစ်ဘွဲ့ ၊ ပြင်သစ်တစ်ခု ၊ ယိုးဒယားတစ်ခု ။

    နောက် ညီတစ်ယောက်က ဩဇီ Bachelor တစ်ဘွဲ့ပဲရှိတာကို
    သူ့မိန်းမက မြန်မာ BE နှင့် စလုံး Master ။

    အဘ က မြန်မာ Bachelor နှင့် လှေထိုးသား လက်မှတ် ပဲရှိချိန်မှာ
    အဘ မိန်းမက ဆရာဝန်ဘွဲ့ ၊ —- Diploma နှင့် Fellowship ။

    မိန်းမတွေ အားလုံးက သူတို့ယောက်ျားတွေထက်
    ဘွဲ့ချင်းယှဉ်ရင် သာနေတာချည်းပဲ ။

    ဝင်ငွေ ချင်းယှဉ်ရအောင် ဆိုတော့ လည်း ၊
    အဘ မိန်းမရဲ့ ဝင်ငွေက အဘထက် အနဲဆုံး ၅ ဆ သာတယ် ။

    အဘ တို့မိသားစု ထဲမှာ ယောက်ကျားလေး က ၊
    မိန်းကလေး ထက် ပညာ အရည်အချင်းသာတာဆိုလို့ ၊
    အဘ အဖေက ၊ အဘ အမေထက် သာတာပဲရှိတယ် ။
    ဒါတောင် အဘ အမေက ဆရာဝန်ဘွဲ့ရတဲ့ အချိန်မှာ ၊
    ကလေး ၂ယောက် မွေးပြီးသား ဖြစ်နေလို့ ။ ဆက်မတက်နိုင်တော့လို့ ။
    အဲဒီအပြင် အမေရှာတဲ့ ပိုက်ဆံဟာ
    အဖေရှာတဲ့ ပိုက်ဆံ နှင့် တူတူလောက်ပဲ ။

    တစ်ယောက်မှ မိဘပေးစားတာမပါဘူး ။
    ဆိုလိုတာက ကိုယ်ချစ်တာ ကိုယ်ယူကြတာပဲ ။
    ကိုပါလေရာ့ အမျိုး မိန်းကလေးတွေက ချစ်ကို မချစ်တတ်လို့နေမှာပါ ။

    ၂ ။
    ” ကိုယ့်ကိုပစ်မသွားမယ့် ယောက်ျားမှန်းသေချာအောင်
    ငါးနှစ်အထက်စောင့်ကြည့်ဘို့လိုတယ်ထင်မိပါတယ် ”

    လက်ခံပါတယ် ။

    ၃ ။
    ” ကိုယ့်အိမ်ထောင်ဘက်ကြိုက်လောက်တဲ့ အရည်အချင်းတွေရှိဘို့လို ”
    ” ပြည်ပနေ အိမ်ထောင်တွေနဲ့ လုံးလုံးမဆိုင်ပါဘူးနော့ ”

    ပြည်ပနေ အိမ်ထောင်တွေလည်း အတူတူပါပဲဗျာ ။
    အဘ မိန်းမ ခမျာ တပတ်ကို ရ ရက် နီးပါး အလုပ် လုပ်နေရရက်နှင့်
    အိမ်မှာ ငုတ်တုတ်ကြီး ထိုင်နေတဲ့ အဘ ကို ဟင်းချက်ကျွေးရပါတယ် ။
    ဆွဲဆောင်တာလား မသိ ။

    အဘ မတရားဘူး ဆိုတာသိပါတယ် ။ ဒါပေမယ့် ၊ အဘကမှ ဟင်းမချက်တတ်ပဲကိုး ။
    သူ့လည်း မချက်ခိုင်းပါဘူး ။ Buffet Restaurant နှင့် နီးနီးလေး ဟာ ။
    သူ့ ဘာသာသူ ချက်ကျွေးချင်လို့ကို ချက်ကျွေးတာ ။
    အချစ် လို့ပြောရမလား ၊ ဝဋ် လို့ပြောရမလားတော့ မသိဘူး ။
    သူ့ဟင်းတွေ ကုန်အောင်စားပေးနေရင်ပဲ ကျေနပ်နေတာ ။

    ၄ ။
    ” အောင်မြင်သူတွေ၊ လက်တွေ့ကျသူတွေ၊ လူတော်တွေဆီက အဲဒါမျိုးသိပ်မရတတ်ပါဘူး ”
    ” အလိုလိုက်တာမခံရရင် —- စိတ်အေးစရာလို့ နားလည်သင့်ပါတယ် ”
    မှန်ပါတယ် ။

    ၅ ။
    ” ရည်းစားထားတယ်ဆိုတာ အပြန်အလှန် အင် ထုတာ ”
    မာယာ ဆိုတာ လိမ်တာ တစ်ခုတည်းတော့ မဟုတ်ဘူးဗျ ။
    မှန်တဲ့အချက်ကို မပြောသင့်လို့ မပြောခြင်း ။
    ပြောမယ့် အချိန်ကို နောက်ရွှေ့လိုက်ခြင်း တွေလည်းပါတယ်ဗျ ။

    ကျနော့် ဘဝ မှာ အကြီးဆုံး အကုသိုလ် အမူဟာ မိန်းမ ယူတာဖြစ်ဖို့များတယ် ။
    ဘာဖြစ်လို့လဲဆိုတော့ မိန်းမတွေဟာ လိမ်တာတော်တော်ကြိုက်တယ်ဗျ ။
    မလိမ်ဘဲ အမှန်တွေချည်းပဲ ပြောတော့လည်း ၊ ရန်ဖြစ်တယ် ၊ နားညီးတယ်ဗျ ။
    အဲဒါနှင့်ပဲ ကျနော် တခြားကိစ္စတွေမှာ ဘယ်တော့မှ လိမ်မပြောပေမယ့် ၊
    မိန်းမ နှင့်ကျရင် နဲနဲ လိမ်ပေးနေရတယ်ဗျ ။ စိတ်လေတယ် ။

    ဒါတောင် ကျနော့် မိန်းမ က တော်တော် အမြင်ကျယ်တာနော် ။
    ဆီနှိပ် မာဆတ် တောင် ကျနော်က ခေါ်သွားတာ ။

    ၆ ။
    ” မြန်မာပြည်တွင်းက လူမှု့ဝန်းကျင်မှာတော့ ဒီလောက်ကျင့်သားမရသေးပါဘူး ”
    မှန်ပါတယ် ။ ဒါပေမယ့် သိပ်မကြာခင်မှာ ဖြစ်လာမှာပါ ။

  • ဖားသက်ပြင်း

    April 9, 2012 at 7:13 am

    စီနီယာတွေ က သများတို့ ကို စိတ်ထိခိယက်အောင် ဆွေးနွေးနေကြတော့
    သများလည်း အားဖြည့်လိုက်ပါတယ် ချင့် …အဲ့ ..ဗျ…

    တခုလေးဗျ… (အဲ့တခုလေးကလည်း အတော်လေး တဲ့ တစ်ခု)
    ဒိုခုလိဆု လို့ခေါ်တဲ့ ..တခု … အင်ဒီပန်းဒန့်စ်ပေါ့…

    နိုင်ဂျံဂါးမှာ …အသက် ၁၈-၂ဝ ဆို အိမ်ပေါ်ကဆင်းတယ် …
    တယောက်ထဲနေတယ် ..အင်ဒီပန်းဒန်စ့် လုပ်တယ်..
    အဲ့ … ကျောင်းစားရိတ် ကိုတော့ မိဘက သွင်းပေးပေမယ့်…
    ကိုယ်တိုင်က ပန်းကန်ဆေးပီး မက်ဒေါ်နယ် ဝင်လုပ်ပီး သတင်းစာပို့ပီး
    ပိုက်ပိုက်ရှာတယ်…..

    ရှာရတဲ့ ပိုက်ပိုက်နဲ့ ..ဝါသနာပါရာ လိုက်စားတယ်..(ဂီတ ၊ အနုပညာ၊ ခရီးသွား..)
    တခုခုပေါ့ဗျာ …။ ကျောင်းပီးလို့ အလုပ်ဝင်တော့လည်း .. တယောက်တည်းနေ ..
    ကိုယ့်ဟာ ကိုယ် ရပ်တည် … အဲ့ ..အိမ်ထောင်ကျတော့မှ ..ကိုယ့်မိသားစုနဲ့ ကိုယ်နေ
    ရံခါ ..မိဘအိမ် (ဇာတိ) ကို အလည်ပြန် ..တာ လောက်ပဲ ရှိ…

    သည်တော့ ထီးထီး မမ အိမ်တွင်းမှု အခြေခံ အကုန်တတ်ရဲ့..
    အချက်အပြုတ်အစ ..အလျှော်အဖွတ် အလယ် အိမ်သန့်ရှင်းရေး အဆုံး..
    (စက်တွေသုံးတာ မသုံးတာထား လို့ ..အနည်းဆုံး ကိုယ့်တာဝန်ကိုယ်ယူ ရတာကို
    နားလည်ကြတာ ဆိုလိုပါတယ်..)

    ကျုပ်တို့ရွာမှာ အဲ့ ဓလေ့ မရှိ …လင်မယူ မယားမယူမချင်း အသက်က ၂ဝဆိုလည်း ကလေး
    ၃ဝဆိုလည်းကလေး … မွေးကတည်းက နေ သေတဲ့အထိ နျူကလီယာ ဖန်မလိ တိုက်ပ်
    မိဘအိမ်မနေရင် ကိုယ်ထူထောင်တဲ့ အိမ်နေ … တယောက်တည်းနေတာ မရှိ… အင်း…

    အဲ့တော့ result အရ.. ယောက်ျားလေး အတော်များများက မချက်ပြုတ်တတ် .. အိမ်ထောင်မှု မတတ်
    သန့်ရှင်းလျှော်ဖွတ် နားမလည်… လုပ်ကောင်းတယ် မမှတ်… မိန်းမယူရင် ယူတဲ့မိန်းမရဲ့ တာဝန်လို့ အသေ
    သတ်မှတ်ထားတာ က လူများစု ………..တိန်…

    ကွန်ဇာဗေးတစ်ဗ် တွေ …ကွန်ဇာဗေးတစ်ဗ်တွေ …
    ကျုပ်တို့ ဘိရုမာ ယောက်ျားများ နိုင်ဂျံဂါးမှာ သိပ်သိပ် မျက်နှာငယ်ရသပေါ့ …
    အချက်အပြုတ် အလျှော်အဖွတ် မတတ် …အိမ်ထောင်မှု မနိုင်နင်း ..
    ပိုက်ပိုက်ရှာရုံလောက် ယောက်ျား အလုပ် လောက်လို့သာ သိပြီး
    မိန်းမတွေကို ကျွန်ပြုချင်တဲ့ ..တောသားတွေ ဆိုပီး …. သူတို့လေးတွေက ချဉ်ကြ…

    လောင်းကစားမက် အရက် စွက် ..မိန်းမ ရိုက်တတ်တဲ့ ယပက်လက် အထီးတွေရှိတဲ့
    တိုင်းပြည်ကလွဲရင် ကျန်တဲ့ နေရာများမတော့ … နောင်တော့် နောင်တော်များဆီက
    အထက်ပါ အတိုင်းသာ ကြားဖူးခဲ့ကြောင်းပါ….။

    ဒါ့ကြောင့် …
    အရွယ်ရောက်ပီး အိမ်ထောင်မရှိသူ ဘိရုမာ စကီလေးတွေ (ခန့်မှန်း) ၅သန်းလောက်ကိုပဲ
    တားဂတ်ထား ဖွန်ကြောင်ရတာ …လေပါတယ်အေ….. (နည်းလို့)

    မှန်ရာပြော အေကေဘီနဲ့ ညားရပါစေရဲ့ …
    အိမ်တွင်းမှုလေး ကြိုးစားလေ့ကျင့်မယ်ချို …. သန်း ၅ဝလည်းဟုတ် သန်း၅၀ဝလည်း ဟုတ်မယ့်
    ကမာ္ဘ့ စင်ဂယ်လ် စကီလေးတွေကို တားဂတ်ထားလို့ ရတယ် ဆိုတာလေး..

    ပုံ
    စထွက်ဒဂျစ်ဂယ် နှူးဘာ
    ဂီ

    • ဖားသက်ပြင်း

      April 9, 2012 at 7:31 am

      အာဟိ ..
      မောင်ဂိ . ပိုင်သကွာ…
      😛

      မောင်ဂီသည် ..အိမ်ထောင်မှု ဝတ္တရား၏ အရိပ်အာဝါသအောက်တွင်
      တည်ရှိပါသဖြင့် .. အေကေဘီ အပါအဝင် စကီလေးများ
      ပျော်ရွှင်ကြည်နူးစွာ လွတ်လွတ်လပ်လပ် ဝင်ရောက် ခိုလှုံနိုင်ပါသတည်း…

      အစွန်းရောက် ဒီဖက်တို ဝါဒီဟု ရှုမြင်ခြင်း သီးခံပါ…(ဝါ) လုံးဝ သီးမခံပါ..
      ဟီး…

  • ကြောင်ကြီး

    April 9, 2012 at 8:24 am

    စိတ်ကူးထဲမှာ
    မင်းသားလေး
    စဉ်းစားမရွေးနဲ့
    အင်းနားကဈေးမှာ
    ကြောင်ကြီးရှိဒယ်..
    ကြိုက်တာယူ
    နှစ်ကျပ်ခွဲ
    on sale မဟုတ်…
    buy one get one
    ဒါပေမဲ့
    အပိုမရှိ…
    limited sales
    ကန့်သတ်တယ်
    အရေအတွက်
    အင်ဖင်န်နတီ…
    ကဲ..ပျိုပျိုမေတို့
    လှူတုန်း
    ယူထား
    သူသွားမှ
    အူမပါးဂျနဲ့
    လူပါးဝတာမဟုတ်…။

  • blackchaw

    April 9, 2012 at 12:36 pm

    ကိုပါလေရာရေ။
    ပြည့်စုံနေပြီးသားမို့ နှမ်းမဖြူးတော့ဘူးဗျာ။
    ကျွန်တော့် ထုံးစံအတိုင်း လက်မတစ်ချောင်း
    ထောင်ခဲ့ပါတယ်။
    😛

  • weiwei

    April 9, 2012 at 7:28 pm

    ကျွန်မတို့သူငယ်ချင်းတွေထဲမှာတော့ အပျိုကြီးအတော်များများရှိတယ် … တစ်ယောက်စီမှာ အကြောင်းတစ်မျိုးစီနဲ့ အပျိုကြီးဖြစ်ကြပေမယ့် မည်သူမှ အပျိုကြီးပဲလုပ်မယ်လို့ စိတ်မကူးခဲ့ကြတာတော့ သေချာပါတယ် …
    အသက် ၄ဝ မှာတော့ … ဪ … ငါတို့တွေ တော်တော်ကံကောင်းလို့ အိမ်ထောင်မကျခဲ့ပါလားလို့ … 😛

  • ဦးဦးပါလေရာ

    April 9, 2012 at 10:01 pm

    တဦးစီရဲ့ အမြင်လေးတွေ ထုတ်ပြောကြတာဆိုတော့ ပြန်လှန်ဆွေးနွေးရမယ့်ပိုစ့်မဟုတ်လို့ ပြန်လှန်ဆွေးနွေးခြင်းမလုပ်တော့ပါဘူးဗျာ။
    ကွန်မင့်နဲ့အားပေးကြသူများရော ဒီအတိုင်းဖတ်သွားပြီးအားပေးကြသူများရော အားလုံးကို ကျေးဇူးတင်ပါတယ်။

    တခုပဲ
    အပေါ်က ဆိုင်းဆရာကို မနာလိုဘူးဗျို့…..

    (အဲဒါ တစ်ရာမှာတောင် တစ်ယောက်မရှိနိုင်ဘူး။ ရိုရိုသေသေ လုပ်ကျွေးပြုစုပေတော့ ဆိုင်းဆရာရေ..)

  • Khin Latt

    April 10, 2012 at 4:44 am

    ဦးပါ
    ဒီမှာ ဝင်မန့် လိုက်ရင် ….
    ကိုယ့်ပေါင်ကိုယ်မှန်ထောင်းသလို ဖြစ်မည်။
    (သို့)
    ကိုယ့်ကျောကိုကိုယ်ပြန်သပ် ပေးသလို ဖြစ်မည်။

    ဒီတော့
    ကိုယ့်ပေါင်လဲ ကိုယ်ပြန်မထောင်းရဲ ….
    ကိုယ့်ကျောလဲ ကိုယ်ပြန်မသပ် ချင် ….
    သို့ကမို့ကြောင့် တစ်ဆယ် ယူပြီး ပြန်ထွက် သွားပါကြောင်း။ 😉

    သို့သော် တစ်ခုတော့ပြောချင်သည်။
    ဟင်းကောင်းကောင်း မချက်တာ မချက်တတ်လို့ မထင်ပါနှင့်။
    ကိုယ့် ယောကျင်္ား အစားကောင်းတွေ နင်းကန်စား၊ အဆီယစ်၊ ဗိုက်ကြီးပူ၊ မေးနှစ်ထပ် နဲ့ဖြစ်သွားရင် အလှပျက်မှာ စိုးလို့ပါတော်။
    တကထဲ။ 😆

    (မယုံရင် ကျွန်မတို့ ရွာသူကြီး ကိုကြည့်၊ အစားကောင်း တွေစားပြီး အဟိ 🙂 )

  • char too lan

    April 10, 2012 at 11:50 am

    hahaaa အရီးလတ် ဝင်ဖဲ့သွားသေးတယ် 😉
    ဦးဖော်ရော ဦးပါ ကိုပါကျေးဇူးတင်တယ် ဒီ post နဲ့ comment တွေအားလုံးကြိုက်တယ်
    ယူဖို့ ရဖို့ အစီအစဉ်မရှိတာမို့ ဒီထဲက အကိုးအကားတွေ
    ဟောတခု ဟောတခု ချပြဖို့ ကူးသွားတယ်ဗျို ့….. 😉

    • ဗိုက်ကလေး

      April 10, 2012 at 12:04 pm

      ဟင်
      ဟိုနေ ့ကပြောတော့ ဝါမဝင်ခင် အမီ စီစဉ်နေဘီချို

  • Ma Ei

    April 10, 2012 at 12:51 pm

    အိမ်ထောင်တစ်ခုမှာ အရှံး အမြတ် မတွက်သရွေ့
    အားလုံးအဆင်ပြေ ဖြောင့်ဖြူးတဲ့ ပျော်ရွှင်ဖွယ်ရာ
    ဘဝ ခရီးလမ်းဖြစ်နေမှာပါ…

Leave a Reply