အစာအိမ်ကင်ဆာ Gastric cancer

khinmintatthuJune 11, 20101min480

“အစာအိမ်ကင်ဆာ” ကြောင့် တနှစ်မှာ လူပေါင်း ရှစ်သိန်း သေဆုံးနေရတယ်။ ကင်ဆာတွေထဲမှာ စတုတ္တအဖြစ်များဆုံး။ ကင်ဆာကြောင့် သေရတာထဲမှာတော့ ဒုတိယအများဆုံး။ တတိယနိုင်ငံတွေ၊ တောင်အမေရိက၊ အရှေ့ ဥရောပ၊ ဂျပန်၊ ကိုရီးယား၊ တရုတ် နိုင်ငံတွေမှာ ပိုဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံက တတိယထဲမှာတင် ရှိသေးလား၊ စတုတ္ထအဆင့် တက်ပြီလား မပြောတတ်ဘူး။ နောက်ပြီး သွေးအုပ်စု A မှာ ပိုဖြစ်တယ်။ O က အစာအိမ်လေနာ။

ဖြစ်စမှာ ဘာမှ မခံစာရလို့ရှိပြီး၊ သိတဲ့အချိန်ဆိုရင် နောက်ကျနေပြီလို့ ပြောနိုင်တယ်။ အစာမကျေသလို၊ အစားပျက်သလိုနဲ့ စတယ်။ နောက်ကြမှ ဗိုက်နာ၊ ပျို့ချင်-အန်ချင်၊ ဝမ်းပျက်၊ စားပြီးဗိုက်ကယ်၊ လူကပိန်လာ၊ အားယုတ်လာတယ်။ ဒီအထိက သိပ်ထူးတယ် မထင်ရသေးဘူး။ သွေးယိုတာနဲ့ အစာမြိူဘို့ ခက်လာမှ သတိထားသူတွေလည်း ရှိတတ်တယ်။ သံဓါတ်နည်း သွေးအားနည်းရောဂါ ရှိမှ သိရသူတွေလည်း ရှိတယ်။

Gastritis အစာအိမ်ကို (ဗိုင်းရပ်စ်) ဝင်တာ၊ Peptic ulcer လေနာဖြစ်တာတွေနဲ့ ဆင်သလို၊ ရောလည်းနေတတ်တယ်။ Helicobactor poloris ဆိုတဲ့ (ဗက်တီးရီးယား) ကနေဖြစ်တာလို့ အများအားဖြင့် လက်ခံယုံကြည်ကြတယ်။ ဒါ့အပြင် (အော်တို-အင်မြူးန်) ဆိုတဲ့ ခုခံစနစ် ကမောက်ကမဖြစ်တာ၊ မျိုးဗီဇ (၁၀%) ဆိုတာတွေပါ ဆက်စပ်နေသေးတယ်။ စားတဲ့ အစားအစာ အမျိုးအစား အပေါ်မှလည်း မူတည်နိုင်တယ်။ လက်ညှိုးထိုးခံရတဲ့ အစားတွေကတော့ မီးကင်ထားတဲ့ အသား-ငါး၊ အချဉ်ဖေါက်ထားတဲ့ အသီးအနှံတွေ ပါတယ်။ ဍရင်ကောက်ပင်ကို ထင်ကြတာလည်း ရှိတယ်။ ဒါတွေက သူများ တိုင်းပြည်တွေမှာ စားလေ့ရှိတာတွေပါ။ ကိုယ့်ဆီမှာ သူတို့နဲ့ မတူတာတွေ စားနေကြတာကို သုတေသန မလုပ်နိုင်ကြလို့ မသိရဘူး။

(အိုင်အိုဒင်း) ဓါတ်ဆား နည်းလွန်း-များလွန်း ရင်လည်း ဖြစ်တတ်သေးတယ်။ ဆေးလိပ်-ဆေးရွက်ကလည်း ဖြစ်စေတဲ့ အထဲမှာ ပါတယ်။ အစာအိမ်အပေါ်ပိုင်း ကင်ဆာ ရှိသူတွေထဲမှာ ဆေးလိပ် သောက်သူက များနေတာ သိသိသာသာ တွေ့ရတယ်။ အရက်လည်း ပါတာပေါ့။ ဒီအကျင့်တွေ များတာကလည်း ယောက်ျားတွေဆိုတော့ မိန်းမတွေထက် ပိုဖြစ်ကြတယ်။

သိထားဘို့က ကင်ဆာလိုရောဂါတွေက ဖြစ်စေတာ တိတိကျကျ မသိရသေးသမျှ ဖြစ်နိုင်တယ်ဆိုတာတွေက အတော် များလှတယ်။ “ပစ္စည်းပျောက် ငရဲရောက်။” ထင်တာတွေ လျှောက်တွေးသလိုဘဲ။

သွေးအုပ်စု အေ ဖြစ်တာနဲ့လည်း အစိုးရိမ် မကြီးနဲ့အုံး။ ရောဂါ ရှိ-မရှိစစ်ဆေးဘို့ Gastroscopic exam အစာအိမ်ထဲ ကင်မရာပါတဲ့ကရိယာထဲ့ကြည့်တာ၊ Barium meal ဆေးမြိုပြီး ဓါတ်မှန်ရိုက်တာ၊ CT scanning ဗိုက်ကို (စကင်) လုပ်တာအပြင် အစာအိမ်ထဲက သံသယရှိတဲ့ အသားစ (တစ်ရှူး) ကို Biopsy လုပ်ရသေးတယ်။

အနု-အရင့် အဆင့်တွေခွဲတယ်။ ဒီဟာမှာ (၁) ကမစဘဲ၊ သုံညကစတယ်။ အစာအိမ်နံရံက လေးလွှာရှိတာ။ သုံညအဆင့်က အထဲဆုံး အလွှာမှာသာ ဖြစ်တာပါ။ ခွဲစိတ်နည်းနဲ့ ကုရတယ်။ Mucosal resection, Gastrectomy and Lymph-adenectomy တမျိုးမျိုး လုပ်တာပါ။

အဆင့် ၁။ နံရံ ၂-၃ ထပ်မှာ ရောက်နေတာကို သတ်မှတ်တယ်။ ဆိုင်ရာ Lymph nodes တက်စေ့တွေနဲ့ Omentum အမြှေးလွှာကိုပါ ခွဲစိတ်ထုတ်ပြစ်တယ်။ သေခြာအောင် 5-Fluorouracil ဆေးပေးတယ်။ ဓါတ်လည်းကင်ချင်ကင်မယ်။

အဆင့် ၂။ နံရံ ၂-၃ ထပ်မှာ ရောက်နေတာအပြင်၊ အနီးအနားက တက်စေ့တွေဆီကိုပါ ရောဂါရောက်နေပြီ။ ဒါမှမဟုတ် တက်စေ့မပါ လေးလွှာလုံး ရောက်နေတဲ့အဆင့် ဖြစ်တယ်။ အဆင့် ၁ ကို ကုသလိုဘဲ လုပ်ပေးတယ်။ သေခြာအောင် Neoadjuvant ကင်ဆာဆေးပါ ပေးတယ်။

အဆင့် ၃။ တတိယအလွှာနဲ့ ခပ်ဝေးဝေးက တက်စေ့တွေဆီပါ ရောဂါရောက်နေတဲ့အဆင့်။ ဒါမှမဟုတ် လေးလွှာလုံးအပြင် အနီးအနားက တစ်ရှူး (သရက်ရွက်၊ ဘေလုံး)၊ ပိုဝေးတဲ့ တက်စေ့တွေဆီအထိ ရောက်နေပြီ။ အဆင့် ၂ လိုဘဲ ကုပါတယ်။

နောက်ဆုံးအဆင့် ၄။ စောစောက အဆင့်တွေထက် ကျော်ပြီး၊ တခြားတက်စေ့၊ တခြားအင်္ဂါတွေဆီပါ ရောက်နေပြီ။ လေဆာနဲ့ ခွဲစိတ်တာ၊ 5-fluorouracil, Epirubicin, Etoposide, Docetaxel, Oxaliplatin, Capecitabine, Irinotecan ဆေးတွေ ပေးတယ်။

ဆေးပညာစာတွေ ရေးရတာက မမြင်ကွယ်ရာဖြစ်တာ၊ ရှက်စရာ သတ်မှတ်တာတွေလည်း ပါလို့ “အပြောမတတ်တော့ ဆဲသလို၊” မယဉ်ကျေးတာမျိုး ဖြစ်မှာစိုးရတယ်။ “ပရိတ်သတ် စုံတော့၊ ခြုံပြောရတာမို့ သိချင်တာနဲ့ ဒက်ထိမကျမှာမျိုး” ပါ သတိထားရတယ်။ နောက်ပြီး၊ စကားကြီး ခြောက်ခွန်းထဲက လေးခွန်းကို ပယ်ပြီး၊ အကျိုးရှိစေလိုလို့ နာလိုခံခက်ပါစေ၊ ပြောသင့်တယ် ဆိုပေမဲ့ ဆေးပညာစာ ရေးရတာမှာ တဝက်သာ မှန်ပါလိမ့်မယ်။

လူနာကနေဖြစ်ဖြစ် လူနာ့အမျိုးက ဖြစ်ဖြစ် မေးလို့ဖြေတာနဲ့ ပညာ-ဗဟုသုတ လိုချင်သူအတွက် ဖြေရတာ မတူရဘူး။ ဖြစ်ကြောင်းကုန်စင် ရေးပြန်ရင် စိတ်ဓါတ်ကို ထိခိုက်စေနိုင်တယ်။ ထိန်ချန်တာလဲ ညာတာဘဲ။ စာတပုဒ်ကို ယေဘူယျ သဘောသာ ရေးရတာ။ အခြေအနေ မတူရင် ရောဂါဖြစ်စင် ကွဲလွဲတာ မပါဘဲနေမှာ စိုးရသေးတာ။ အကုန် ထည့်ပြန်ရင် လုံးချင်းစာအုပ် ထုတ်ရသလို ဖြစ်သွားနိုင်တယ်။ ဒီနေ့ခေတ်က သံခိပ်ရေးနည်းမှ ဖတ်ချင်သူများတယ်။

ရောဂါရှိမှန်း သိတဲ့နောက် အသဲကင်ဆာ ၆ လ၊ အစာအိမ်ကင်ဆာ ၁ နှစ်လို့ ရေးလိုက်ရင် လူနာကို ဆေးကုမပေးတဲ့ ဆရာဝန်က အဝေးကနေ နှိပ်စက်ရာ ကျနေမယ်။ ဆေးစာတွေမှာ ကံတရားကို မသင်ကြားပါ။ လောကမှာ ကံတရားက အခရာကျတယ်။ “လူတိုင်း ကံကောင်းကြပါစေ” လို့ ဆုတောင်းပါတယ်။

Dr. တင့်ဆွေ ရေးသားထားသည်ကို ပြန်လည်ဝေမျှလိုက်ခြင်းဖြစ်သည်။