Win Maw Ooကြယ်ဆိုတာ ကိုယ်ပိုင် အလင်းရောင်ရှိတယ်။ သူတို့ရဲ့ နေရာဟာ မြင့်မားတဲ့ ကောင်းကင်ကြီးပဲ။ ရာသီဥတု ကြည်လင်တဲ့ ညတွေဆိုရင် အရောင်လက်နေတဲ့ ကြယ်တွေဟာ စိန်တွေလိုပဲ တဖျပ်ဖျပ် လက်နေတယ်ဆိုတာ လူတိုင်း သိကြသလို၊ မြင်လည်း မြင်ဖူးကြပါတယ်။

ကျမတို့တိုင်းပြည်မှာ ရှိတဲ့လူငယ်များစွာဟာလည်း ကြယ်တွေလိုပါပဲ။ ကိုယ်ပိုင်အရည်အချင်း အထင်အရှားရှိကြတယ်။ ဉာဏ်ပညာ ထက်မြက်တယ်။ စိတ်ဓာတ်မြင့်မားကြတယ်။ ဒါပေမယ့် ဝမ်းနည်းဖို့ ကောင်းတာက အဲ့ဒီကြယ် တွေဟာ တဖြုတ်ဖြုတ်နဲ့ ကြွေနေတယ်။ ဒါကြောင့် ကျမက ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်လို့ နာမည်ပေးထားတယ်။

၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက် နေ့က အဖြစ်အပျက်တွေကို ပြောလိုက်တာနဲ့ လူတိုင်းမြင်ဖူးပြီးသား ဖြစ်တဲ့ ဓာတ်ပုံ တပုံ အကြောင်း ပြောပြချင်ပါတယ်။

အဲဒီ ဓာတ်ပုံက သေနတ်မှန်ပြီး ဒဏ်ရာရနေတဲ့ အကျႌအဖြူ လုံချည်အစိမ်းနဲ့ ကျောင်းသူလေးကို ဂျူတီကုတ်အဖြူဝတ် ထားတဲ့ ဆရာဝန်နှစ်ဦးက ဆွဲပြေးနေတဲ့ပုံပါ။ ဒီဓာတ်ပုံကိုမမြင်ဘူးတဲ့လူမရှိပါဘူး။ မြင်တဲ့လူတိုင်း ခံပြင်းဒေါသ ဖြစ်ကြ ပါတယ်။ အဲဒီဓာတ်ပုံထဲက ဆရာဝန်နှစ်ဦး ဘယ်ကိုရောက်သွားတယ်ဆိုတာ သိတဲ့လူနည်းမယ်လို့လည်း ကျမထင်ပါ တယ်။

ရှေ့ကနေကျောင်းသူလေးရဲ့ ခြေထောက်ကို ဆွဲမထားတဲ့ဆရာဝန်ရဲ့ နာမည်က ဒေါက်တာစောလွင်၊ ခေါင်းကိုမထား တဲ့ ဆရာဝန်က ဒေါက်တာမင်းသိန်းဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ပညာချွန်သူတွေဖြစ်ကြပါတယ်။

ဒေါက်တာစောလွင်ဟာ ဆယ်တန်းစာမေးပွဲအောင်တုန်းက သင်္ဃန်ကျွန်းတမြို့နယ်လုံးမှာ ပထမ ရခဲ့ပါတယ်။ သူ့အစ်မ ကလည်း ဆရာဝန်ပါပဲ။

ဒေါက်တာမင်းသိန်းကလည်း ဆေးကျောင်းမှာ ထိပ်တန်းကကျောင်းသားပါ၊ သူ့ညီ ကိုဝင်းသိန်းလည်း ဆရာဝန် တယောက် ပါပဲ၊ သူတို့ရဲ့ဖခင်ကလည်း ဌာနတခုကညွှန်ကြားရေးမှူး အဆင့်ရှိတဲ့သူပါ။

ဒေါက်တာမင်းသိန်းဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ တောခိုသွားခဲ့ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF) မှာဆေးမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး တာဝန်နဲ့ ပြည်တွင်းကို ပြန်ရောက်ခဲ့ပါ တယ်။

အဲဒီ အချိန်အတွင်းမှာပဲ ဗိုလ်ချူပ်ခင်ညွန့်က တောတွင်းက ပြန်ရောက်လာသူတွေအနေနဲ့ နဝတ ကို သတင်းပို့ဖို့ လိုကြောင်း၊ သတင်းပို့လာခဲ့လျှင် အရေးမယူပါကြောင်း သတင်းစာ ရှင်းလင်းပွဲကနေ ပြောတာကြောင့်စိုးရိမ်တတ်တဲ့ ဒေါက်တာမင်းသိန်းရဲ့ အဖေက သူကိုယ်တိုင်စစ်ဒေသကို အကြောင်းကြားခဲ့ပါတယ်။ စစ်ဆေးဖို့ မခေါ်ခင်မှာ ဒေါက်တာ မင်းသိန်း က ဒေါက်တာ စောလွင်ကို သူတာဝန်နဲ့ ပြန်လာကြောင်းကို ပြောပြခဲ့ပါတယ်။ နောက်တနေ့မှာ ဒေါက်တာမင်းသိန်းကိုမေးမြန်း စရာရှိတယ်ဆိုပြီး ခေါ်သွားပါတော့တယ်။

တပတ်လောက်ကြာတော့ ဒေါက်တာမင်းသိန်းကို ထောက်လှမ်းရေးစခန်းကနေ ပြန်လာပို့ပေးပါတယ်၊ မိဘတွေဆီ သေချာအပ်နှံသွားခဲ့ပါတယ်၊ သို့သော်လည်း ဒေါက်တာ မင်းသိန်းတယောက် ခြေလက်တွေဖောယောင်ပြီး ဆီးမသွား နိုင်တော့ပါ၊ ဒါကြောင့် ကိုဝင်းသိန်း (ဒေါက်တာ မင်းသိန်းရဲ့ညီ)က ဒေါက်တာ စောလွင်တို့ မောင်နှမကို အကြောင်း ကြားခဲ့ပါတယ်၊ ဒေါက်တာ စောလွင်ရောက်လာတော့ ဒေါက်တာ မင်းသိန်းက ပြောပြပါတယ်။ သူ့ကို ထောက်လှမ်းရေး က ဆေးတလုံး ထိုးပေးလိုက်တယ်တဲ့၊ ဘာဆေးလဲဆိုတာတော့ မပြောဘူးတဲ့၊ သူအခုဖြစ်နေတာတွေက အဲဒီ ဆေးကြောင့်ဖြစ်မယ်လို့ ဆိုပါတယ်။ အခုသူ ဗိုက်ကြီးတင်းနေပြီး အသက်ရှုရတာ ကြပ်နေတယ်လို့ ပြောပြခဲ့ပါတယ်။

ဒေါက်တာစောလွင်နဲ့ ကိုဝင်းသိန်းကဆေးရုံတင်ဖို့ စီစဉ်နေစဉ်မှာပဲ ထောက်လှမ်းရေးက ဆေရုံတင်မယ်ဆိုရင် စစ်ဆေးရုံကိုပဲ တင်ခွင့်ရှိကြောင်း၊ စစ်ဆေးရုံမှာကုသဖို့ စီစဉ်ထားကြောင်း အကြောင်းကြားလာပါတယ်။ ဒေါက်တာ မင်းသိန်းက စစ်ဆေးရုံမှာဆိုရင် ဆေးကုမခံနိုင်ဘူးလို့ဆိုပြီး အိမ်မှာပဲနေမယ်လို့ ပြောပါတယ်၊ အဲဒါနဲ့ ဒေါက်တာ စောလွင်နဲ့ ကိုဝင်းသိန်းတို့ကပဲ ကုသပေးခဲ့ပါတယ်။ ဒေါက်တာ မင်းသိန်းဟာ ဘယ်ဆေးရုံကိုမှ တက်ရောက်ကုသခြင်း မရှိခဲ့ဘဲနောက်တနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

ဒေါက်တာ မင်းသိန်းဆုံးလျှင်ဆုံးခြင်း ဒေါက်တာ စောလွင်နဲ့ ကိုဝင်းသိန်းတို့က သူတို့ရဲ့ ဆရာ ဆရာဝန်ကြီး တဦးကို အကြောင်းကြားပြီး အဲဒီ ဆရာကြီးနဲ့အတူ ရင်ခွဲစစ်ဆေးခဲ့ကြပါတယ်၊ အဖြေကတော့ ကျောက်ကပ် အရမ်းကြုံ့သွား တာတဲ့။ ဒေါက်တာ စောလွင်တို့က မျက်မြင်သက်သေ ဖြစ်ခဲ့ကြပါတယ်။ ဒါကို သိသွားတဲ့ ထောက်လှမ်းရေးက ရင်ခွဲ စစ်ဆေးတဲ့ ဆရာဝန်ကြီးကိုမပေါက် ကြားစေရပါဘူးဆိုပြီး လက်မှတ်ထိုးခိုင်းခဲ့လို့ ထိုးခဲ့ရပြီး ဒေါက်တာ စောလွင်က တော့ ထွက်ပြေးခဲ့ရပါတယ်။

ဒေါက်တာ စောလွင်ထွက်ပြေးရတဲ့အတွက် သူ့ကို အားထားနေရတဲ့ ဆင်းရဲသားလူနာတွေ ဒုက္ခရောက်ခဲ့ကြရတာ ကျမမျက်မြင်ပါ၊ အဲဒီအချိန်က ဒေါက်တာစောလွင်ဆေးခန်းမှာ ကျမကူလုပ်ပေးခဲ့ပါတယ်၊ ဆင်းရဲတဲ့လူနာတွေကို ပိုက်ဆံမယူတဲ့အပြင် သူ့ရဲ့ဆေးဝါးတွေကိုပါ ပေးလိုက်ပါသေးတယ်။ ကင်ဆာ ဝေဒနာရှင် တဦးကိုလည်း ဆေးဖိုးဝါးခ အကုန်ခံပြီး ဆေးကုသ ပေးခဲ့တာကျမရှေ့တင်ပါ။

၁၉၉၄ ခုနှစ်ထဲမှာ ဒေါက်တာ စောလွင်ကြောင့် ပင်စင်ပေးခံခဲ့ရတဲ့ သူ့ရဲ့အဖေနှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ တိမ်းရှောင်နေတဲ့ ဒေါက်တာစောလွင်ပြန်ရောက်လာခဲ့ပါတယ်၊ ဘာမှထူးခြားမှုမရှိတဲ့အတွက် ထောက်လှမ်းရေး မေ့နေလောက်ပြီဆိုပြီး အစိုးရဆေးရုံမှာ အလုပ်လျှောက်ခဲ့ပါတယ်။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အတွင်းက တိုက်နယ်ဆေးရုံတရုံမှာ တာဝန်ကျခဲ့ပါတယ်၊ အစပိုင်းမှာ ဘာမှမဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထောက်လှမ်းရေး က မကြာခဏ စစ်ဆေး မေးမြန်းခဲ့ပါတယ်။

၁၉၉၅ ခုနှစ်ထဲမှာ စစ်မေးတာ ပိုစိပ်လာပြီး စိတ်အနှောင့်အယှက်လည်း ပိုဖြစ်လာပါတယ်၊ မခံနိုင်တဲ့အဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ခေတ္တ လွတ်မြောက်စဉ်မှာ တွေ့ရအောင် ခွင့်ယူပြီးရန်ကုန်တက်လာခဲ့ပါတယ်။ သို့သော် အန်တီနဲ့ မတွေ့ဖြစ်ခဲ့ပါ။ ဒါကြောင့် ဘိုကလေးကို ပြန်လာခဲ့ပါတယ်။ ဘိုကလေးကို ရောက်ရောက်ချင်း မဝတ အတွင်း ရေးမှူးက ခေါ်လို့သွားတဲ့အခါမှာ မဝတ ရုံးခန်းတွင်း စစ်ထောက်လှမ်းရေး ၃ ယောက်နဲ့ အချိန်အတော်ကြာ တွေ့ဆုံခဲ့ ရပါတယ်။ အဲဒီနောက်  ဒေါက်တာ စောလွင်တယောက် ညှိုးညှိုးငယ်ငယ်နဲ့အိမ်ပြန်လာခဲ့ပါတယ်။

အတူနေသူတွေရဲ့ ပြောပြချက်အရ ဒေါက်တာ စောလွင်ဟာ စိတ်ဒုက္ခရောက်စရာရှိနေပုံ ရပါတယ်၊ သိသိသာသာ စကားနည်းသွားတယ်လို့လည်း ဆိုပါတယ်။ မေးရင်လည်း စကားလွှဲသွားပြီး ဘာမှသေချာမပြောခဲ့ပါဘူး။ အဲဒီလို မပြောတာကလဲဘယ်သူ့ကိုမှ သူလိုမဖြစ်စေချင်လို့ မပြောတာလို့ ယူဆရပါတယ်။

အဲဒီနောက် ခွင့်ဆက်ယူပြီး ပစ္စည်းတွေသိမ်းဆည်းနေပါတယ်၊ ဒါပေမယ့် နောက်၂ ရက်အကြာမှာ ဆရာ ဒေါက်တာ စောလွင် အခန်းက တိတ်ဆိတ်နေပြီး လှုပ်ရှားသံမကြားရလို့ အတူနေသူတွေက စိုးရိမ်ပြီး တခါးဖျက်ဝင်ခဲ့ရာ သူ့ကိုယ်သူ ဆွဲကြိုးချ သတ်သေနေခဲ့ပါတယ်။ ဆရာ သေဆုံးရခြင်း အတွက် ကျမတကယ် နှမြောဝမ်းနည်းမိပါတယ်။ ဆရာဟာ လူတော်လူကောင်းတဦးပါ။

ကျမတို့ ဗမာပြည်မှာကြယ်တွေကြွေနေပါတယ်၊ ဘယ်သူ့မှာတာဝန်ရှိပါသလဲ၊ အဖိုးတန် သားတွေဆုံးရှုံးရတဲ့ မိဘ တွေရဲ့ခံစားချက်က ဘယ်လောက်များနာကျင်နေမလဲ၊ ကျမတို့ရဲ့အဖိုးတန် လူငယ်တွေ ဘယ်လောက်အထိများ ဆုံးရှုံးနေရဦးမှာလဲ……။

ဒီဆောင်းပါးနဲ့ အညတြ သူရဲကောင်းများကို ဂုဏ်ပြုအပ်ပါတယ်။

ခင်ငြိမ်းသစ်သည် မကြာသေးခင်က ထိုင်း -မြန်မာနယ်စပ်သို့ ရောက်ရှိလာသော နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည်။

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1827:2009-09-18-08-37-06&catid=2:articles&Itemid=30

မှတ်ချက်။  ။ ဧရာဝတီတွင် ၁၈ ရက်စက်တင်ဘာ ၂၀၀၉ ကဖေါ်ပြခဲ့ပြီးဖြစ်သော်လည်း အမေရိကားနေသူများမှ တစုံတယောက်ယောက်က ဘာသာပြန်ပြိး သတင်းစာကြီးတခုခုသို ့ပို ့ပေးပါရန် ရည်ရွယ်တင်ပေးခြင်းဖြစ်ပါသည်။ ရသော ပွိုင့်များကို လူမှုရေးအတွက်လှူမည်ဖြစ်ပါသည်။

About kai

Kai has written 1045 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.