နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက်

BayoteJune 12, 20101min946

အဆိုပါ ထုတ်ပြန်ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မြန်မာနိုင်ငံသည် နျူကလီးယားလက်နက် ပိုင်ဆိုင်ရန်ရည်ရွယ်ချက်ဖြင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်း၍ နျူကလီးယားအစီအစဉ်တစ်ရပ် ကြိုးပမ်းလုပ်ဆောင်နေကြောင်း စွပ်စွဲထုတ်လွှင့်ခဲ့ကြပါသည်။ ယင်းသို့ ထုတ်လွှင့်ပြော ဆိုချက်များသည် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များသာဖြစ်ပြီး နိုင်ငံရေးထိုးနှက်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းသာဖြစ်ပါသည်။ ယင်းစွပ်စွဲချက်များသည် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေရန် ဆောင်ရွက်နေသည့် လူပုဂ္ဂိုလ် သတင်းမီဒီယာဌာနများမှ မမှန်မကန် ထုတ်လွှင့်မှုများဖြစ်ခြင်း၊ တပ်ပြေးအချို့နှင့် ပြည်ပြေးအချို့၏ စွပ်စွဲပြောဆိုမှုများအပေါ် အခြေခံထားခြင်းတို့ကြောင့် ယုံကြည်စိတ်ချရသော တိကျမှန်ကန်မှုမရှိသည့် မျှတမှုမရှိသည့် သတင်းများသာ ဖြစ်ပါသည်။ယင်းသို့ အခြေအမြစ်မရှိသည့် စွပ်စွဲချက်များသည် မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် လုံးဝကွာခြားသော ကိစ္စဖြစ်၍ တုံ့ပြန်ဖြေရှင်းရန် လိုအပ်ခြင်းမရှိဟု ယူဆခဲ့ပါသည်။ အမေရိကန်အစိုးရမှ မြန်မာနိုင်ငံနှင့်ထိတွေ့ဆက်ဆံမှု ပြုလုပ်ရန် မူဝါဒချမှတ်ခဲ့ပြီးနောက် ယင်းမူဝါဒနှင့်အညီ အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာဂျင်ဝက်ဘ်နှင့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကတ်ကမ်းဘဲလ်တို့သည် မြန်မာနိုင်ငံသို့ လာရောက်၍ နှစ်နိုင်ငံအကြား ထိတွေ့ဆွေးနွေးမှုလုပ်ငန်းစဉ်များကို ပြုလုပ်ခဲ့ကြပါသည်။ ယင်းကဲ့သို့ အမေရိကန်နှင့် မြန်မာဆက်ဆံရေး ပြန်လည်စတင်နေချိန်တွင် မြန်မာအစိုးရအား ဆန့်ကျင်သူများက သတင်းမီဒီယာများနှင့် ပူးပေါင်း၍ ရည်ရွယ်ချက်ရှိရှိဖြင့် မြန်မာနိုင်ငံအပေါ် နျူကလီးယားနှင့်ပတ်သက်သည့် စွပ်စွဲချက်များကို အချိန်ကိုက်လုပ်ကြံဖန်တီးခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင် မြန်မာအစိုးရအနေဖြင့် ယခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီအသွင်ကူး ပြောင်းရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေချိန်တွင် နိုင်ငံရေးလုပ်ငန်းစဉ်အပေါ် အဟန့်အတားဖြစ်စေရန်နှင့် နိုင်ငံရေးအရ သိက္ခာကျစေရန် ထိုးနှက်လုပ်ဆောင်ခြင်းပဲ ဖြစ်ပါသည်။ ယင်းသို့ စွပ်စွဲချက်များ ထွက်ပေါ်လာခြင်းကြောင့် မြန်မာနိုင်ငံသို့ ဇွန်လဆန်းပိုင်းတွင် လာရောက်ရန် စီစဉ်ထားခဲ့သော အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာဂျင်ဝက်ဘ်သည်  ၎င်း၏ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ပါသည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ကုလသမဂ္ဂမှ ပြဌာန်းထားမှုများ၊ ဆုံးဖြတ်ချက်များကို အစဉ်လေးစားလိုက်နာနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထို့အပြင် ဂျနီဖာမြို့ရှိ လက်နက်ဖျက်သိမ်းရေးကွန်ဖရင့်၏ မူလအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် တက် ကြွစွာ ပါဝင်ဆောင်ရွက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံသည် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယင်းစာချုပ်နှင့်စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ IAEA ၏ စောင့်ကြည့်မှု သဘောတူညီချက်ကိုလည်း ၁၉၉၅ ခုနှစ်တွင် IAEA နှင့် လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါသည်။ ဒေသတွင်း အဆင့်တွင်လည်း မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နျူကလီးယားလက်နက် ကင်းမဲ့ရေးဇုန် စာချုပ်တွင် ပါဝင်ထားသည့် အာဆီယံအသင်းဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာရေး၊ ပညာရေးနယ်ပယ်များတွင် ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် အသုံးပြုရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ရုရှားနိုင်ငံ အပါအဝင် အခြားနိုင်ငံများသို့ ပညာသင်များ စေလွှတ်ခြင်းအပြင် ရှရှားနိုင်ငံနှင့်ပူးပေါင်း၍ ၁ဝ မဂ္ဂါဝပ်ရှိသော နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်ရန် သဘောတူညီတစ်ရပ် ရှိခဲ့ဖူးသော်လည်း လုံလောက်သည့် အရင်းအမြစ်များ မရှိခြင်း၊ နိုင်ငံတကာမှ နားလည်မှု လွယ်မှားမည် စိုးခြင်းတို့ကြောင့် လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသေးဘဲ၊ ရပ်ဆိုင်းထားခဲ့ပါသည်။ ယင်းစီမံကိန်းကိုလည်း IAEA ၏ စောင့်ကြည့်မှု အစီအစဉ်အောက်မှနေ၍ ဆောင်ရွက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးနှင့် နျူကလီးယားလက်နက် ထုတ်လုပ်ရေးကို ခွဲခြားရှုမြင်ရန် လိုအပ်မည် ဖြစ်ပါသည်။ နိုင်ငံတိုင်းသည် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် ငြိမ်းချမ်းစွာ အသုံးပြုနိုင်သည့် အခွင့်အရေးရှိသည့် အချက်ကို မြန်မာနိုင်ငံမှ အစဉ်တစိုက် ထောက်ခံခဲ့ပါသည်။ နျူကလီးယားလက်နက် မပြန့်ပွားရေးကို ထောက်ခံသည့် တစ်ချိန်တည်းမှာပင် နျူကလီးယားလက်နက်များ မပြန့်ပွားရေးစာချုပ်အား နိုင်ငံရေးအရ အသုံးမပြုရေးနှင့် ယင်းစာချုပ်အား အကောင်အထည် ဖော်ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ခွဲခြားဆက်ဆံမှု မပြုရေးမူများကို ထောက်ခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်အတူ လက်တွဲလျက် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် အစဉ်တစိုက် ပါဝင်ဆောင်ရွက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ထိပါးစေမည့် လုပ်ဆောင်မှုမျိုးကို မည်သည့်အခါမျှ လုပ်ဆောင်မည် မဟုတ်ပါ။ မြန်မာနိုင်ငံအပေါ် နျူကလီးယားနှင့် ပတ်သက်၍ အခြေအမြစ်မရှိသော စွပ်စွဲမှုချက်များကို အခြေပြု၍ ဖိအားပေးမှုများသည် လည်းကောင်း၊ ပြည်တွင်းရေးတွင် စွက်ဖက်ရန် နိုင်ငံရေးရည်ရွယ်ချက် (သို့မဟုတ်) ပထဝီဒေသဆိုင်ရာ နိုင်ငံရေးမဟာဗျူဟာ ရည်မှန်းချက်ဖြင့် ဝေဖန်စွပ်စွဲမှုများသည် လည်းကောင်း ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အကျိုးပြုမည် မဟုတ်ပါ။

နျူကလီးယား လက်နက်ထုတ်လုပ်ရန် မြန်မာနိုင်ငံအနေဖြင့် အခြေခံအဆောက်အအုံနှင့်  နည်းပညာအရ လည်းကောင်း၊ ငွေကြေးအရင်းအမြစ်အရ လည်းကောင်း လုံလောက်မှုမရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုသာ ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်သည့် အခြေအနေမရှိဟု ကျွမ်းကျင်သူအချို့က  သုံးသပ်ကြပါသည်။ ယင်းအကြောင်းအရင်းများကြောင့် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုများရှိကြောင်း စွပ်စွဲချက်များသည် မှန်ကန်မှု မရှိကြောင်းနှင့် နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးအတွက် ကြိုးပမ်းမှုများ အလျဉ်းမရှိကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးကိုသာ လိုလားပြီး နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် စစ်အင်အားနိုင်ငံဖြစ်လာရန် ရည်ရွယ်ချက်မရှိပါဟု ဖော်ပြပါရှိပါသည်။

6 comments

  • stupidseinwin

    July 3, 2010 at 10:59 pm

    သူခိုး က လူပြန်ဟစ်နေပြန်ပြီ

  • marnat

    July 13, 2010 at 1:56 pm

    ယုံကြည်ကြလို.လား?

  • Pyaung Gye

    July 13, 2010 at 6:43 pm

    မြန်မာနိုင်ငံသည် လိမ်လည်မှုတွေနှင့် သက်ဦးစံပိုင်စစ်အာဏာရှင်ဖြစ်လာရန် ရည်ရွယ်ပါသည်။

  • Saw Yan Naing

    August 6, 2010 at 4:12 am

    -ျီးစားပြီး ပြောရင်တောင် -ျီး ကြိုက်လို့ပဲလို့ယူဆလို့ရပါတယ်
    ကျွန်တော်တို့အားလုံးအရေထူနေကြပါပြီ

  • sanoo

    September 15, 2011 at 2:04 pm

    ရှိထားလဲကောင်းတာပဲလို့ ယူဆပါတယ်

Leave a Reply