အနာရောဂါတစ်ခုခု ဖြစ်နေသူများကို မြင်ရလျှင် စိတ်ပျက်မျက်နှာမလွှဲပါနှင့်၊ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါသည

zaylayJune 12, 20101min530

အနာရောဂါတစ်ခုခု ဖြစ်နေသူများကို မြင်ရလျှင် စိတ်ပျက်မျက်နှာမလွှဲပါနှင့်၊ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါသည်

အင်တာလူကင်-6 (interleukin-6) ရဲ့ ခန္စာကိုယ်အတွက် အရေးပါတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်

ချောင်းဆိုး၊ နှာစေး၊ နှပ်ညှစ်နေတဲ့ ဒါမှမဟုတ် အနာရောဂါ တစ်ခုခု ပေါ်လွင် ခံစားနေရတဲ့ လူတစ်ယောက်ယောက်ကို မြင်ရခြင်းဟာ သင့်အတွက်ရောဂါပိုးတွေ မကူးအောင် ဂရုစိုက်သင့်တာ မှန်ပေမယ့် အဲလိုမြင်ရခြင်းကပဲ သင့်ရဲ့ ကူးစက်ပိုးများမှ ကာကွယ်ပေးနိုင်တဲ့ ခုခံအားစနစ် (Immune System) ကို ကာလအတန်ကြာအထိ အားမြှင့်ပေးရာရောက်ကြောင်း မကြာသေးမီကမှ ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုအရ သိရှိ အတည်ပြုနိုင်ခဲ့ပါတယ်။
သုတေသီတွေဟာ ဒီစမ်းသပ်မှုမှာ ပါဝင်တဲ့ အရွယ်ရောက်ပြီးသား လူများကို အရင်သွေးနမူနာများ စနစ်တကျ ဖောက်ယူထားပြီးနောက် မကြည့်ချင်စရာ နေမကောင်းတဲ့ လူတွေကိုရိုက်ထားတဲ့ ဓာတ်ပုံတွေကို ဆယ်မိနစ်စာ ဆလိုက်ရှိုးအဖြစ် ကြည့်ရှုစေခဲ့ပါတယ်။ ဓာတ်ပုံတွေကတော့ ကျောက်ပေါက်နေတဲ့ လူနာတွေ၊ အနာတွေ ဖြစ်နေတဲ့ပုံတွေ၊ ချောင်းဆိုး နှာစေး နှာရည်ယိုနေတဲ့ ပုံတွေ စသဖြင့် တစ်နည်းနည်းနဲ့ နာမကျန်းဖြစ်နေတဲ့ စိတ်ပျက် အော်ကလီဆန်စရာ ပုံတွေပါပဲ။

တစ်ပုံလောက် အစမ်းထည့်ပေးလိုက်ပါတယ်၊ ကြည့်ကြည့်ပါဦး

ဒါတွေကြည့်ပြီးသွားတော့ ပါဝင်သူ တစ်ဦးချင်းစီက သွေးနမူနာ ထပ်မံယူပါတယ်။ တစ်ဦးချင်းစီက ပထမသွေးနဲ့ ဒုတိယသွေးများကို တူညီတဲ့ ကူးစက် ဘက်တီးရီးယား ရောဂါပိုး အမျိုးမျိုးနဲ့ ထိတွေ့စေတဲ့ အခါမှာ လူအားလုံးရဲ့ ဒုတိယ သွေးနမူနာ အားလုံးဟာ ပိုးတွေကို ပိုမိုခံနိုင်ရည်ရှိပြီး ပထမသွေးနမူနာထက် ပြန်လည် တိုုက်ထုတ်နိုင်တဲ့ ခုခံအားစနစ် ရှိနေတာကို တွေ့ရပါတယ်။
ဒါကို သေချာအောင် ပညာရှင်တွေက အင်တာလူကင်-6 (interleukin-6) လို့ခေါ်တဲ့ သွေးထဲက ဓာတုပစ္စည်း တစ်မျိုးကို တိုင်းတာကြည့်ပါတယ်။ ဒီအင်တာလူကင်-6 ဟာ ရောဂါပိုးတွေကို တိုက်ဖျက်ပေးတဲ့ အဓိက ခုခံအား ခေါင်းဆောင်များဖြစ်တဲ့ သွေးဖြူဥများက ရောဂါပိုးတွေ ဝင်လာကြောင်း သူတို့ ထောက်လှမ်းသိရှိတာနဲ့ တပြိုင်နက် ထုတ်လွှတ်ပေးလိုက်တဲ့ cytokine အနွယ်ဝင် ခုခံအားစနစ်ရဲ့ အရေးပါတဲ့ ဓာတုပစ္စည်း တစ်မျိုး ဖြစ်ပါတယ်။ ဒါများများ ထွက်လေ ခုခံအား ကောင်းလေလေလို့ ပြောနိုင်ပါတယ်။ (အင်တာလူကင်-6 (interleukin-6) မော်လီကျူးရဲ့ receptor ရဲ့ crystal structure ရုပ်ကြွပုံကို ဒီလင့်မှာ ကြည့်ရှုနိုင်ပါတယ်)

ဒါကြောင့် ဒုတိယသွေးနမူနာ အားလုံးရဲ့ အင်တာလူကင်-6 ပမာဏဟာ ပထမနမူနာတွေ အားလုံးထက် သိသာစွာ မြင့်မားနေတာကို ကြည့်ခြင်းအားဖြင့် အထက်ပါကောက်ချက်ကို သုတေသီများက အတည်ပြု နိုင်ခဲ့ပါတယ်။

ဒီရလဒ် အသိသညာဟာ တကယ်မှန်ကန်တယ်လို့ ကျွန်တော်က ယုံကြည်ပါတယ်။ ရောဂါတစ်ခုခု ခံစားနေရတဲ့ အမြင်ကို ဦးနှောက်က သိရှိပြီးတဲ့ နောက်မှာ ကိုယ့်ခန္ဓာကိုယ်လဲ ဒီလိုခံစားရတော့မှာ ကြောက်လာပြီး အလိုအလျောက် တုန့်ပြန်မှု (Auto-response/ Reflexes) တွေ အနေနဲ့ ခုခံအားစနစ် နိုးကြားလာခြင်းပဲလို့ ယူဆပါတယ်။ ဒါဟာ ဟောဒီသတ္တလောကကြီးမှာ သတ္တဝါမျိုးစိတ်တိုင်း တည်မြဲရှင်သန် နေထိုင်နိုင်အောင် သဘာဝတရားက ပေးအပ်ထားတဲ့ လောကနဲ့ ကိုက်ညီအောင် ထိန်းညှိပြောင်းလဲ နေထိုင်နိုင်စွမ်း (Ability of Adaptation) လို့ထင်ပါတယ်။

ကြမ်းတမ်းပြီး ရောဂါထူပြောတဲ့ မမြင်ဝံ့တာတွေကို မြင်နေရတဲ့၊ ရောဂါသည်တွေနဲ့ ထိတွေ့နေရတဲ့ လူတန်းစားတွေ (ဥပမာ အခြေခံ ဆေးရုံအလုပ်သမားတွေကနေ သူနာပြုတွေ ဆရာဝန်တွေအတွက်) ဒီလို သဘာဝ စွမ်းရည်မျိုး မဖြစ်မနေ ရှိမှ အဆင်ပြေမှာမို့ အခုလို လက်ဆောင်မျိုး သဘာဝကပေးအပ်ထားတယ်လို့ ယူဆမိပါတယ်။

ခုခံအားစနစ်ရဲ့ ဆဲလ်များ ပုံဖြစ်ပါတယ်

ကျွန်တော့်ရဲ့ ဒီသတင်းနဲ့ ပတ်သက်တဲ့ အယူအဆကို ညနေက ကျွန်တော်နဲ့ ဖုန်းပြောဖြစ်တဲ့ ကျွန်တော့်ရဲ့ ဆရာမဖြစ်သူ သွေးနဲ့ အထွေထွေရောဂါအထူးကု သမားတော် တစ်ဦးကလဲ ထောက်ခံသွားပါတယ်။ ဒါပေမယ့် လူတွေရဲ့ ခုခံအားစနစ် အခြေအနေအပေါ်ကို ကာကွယ်ဆေး စနစ်တကျ ထိုးနှံထားခြင်း၊ အာဟာရပြည့်ဝခြင်း၊ အသီးအရွက်များများ စားသုံးပေးခြင်း၊ အိပ်ရေးဝခြင်း၊ စိတ်ဖိစီးမှု ကင်းဝေးခြင်း၊ ရာသီဥတုနှင့် ကိုက်ညီအောင် နေထိုင်ခြင်း၊ အကောင်းမြင်စိတ် ထားတတ်ခြင်း၊ ကိုယ်ခံအားကို ဆုတ်ယုတ်ပျက်ယွင်းစေသော အခြေအနေများ (ဥပမာ မွေးရာပါ ကိုယ်ခံအားနည်းခြင်း၊ HIV အပါအဝင် ကိုယ်ခံအားကျစေသော ပိုးတစ်မျိုးမျိုး ကူးစက်ခံထားရခြင်း၊ သွေးကင်ဆာ စသော ခုခံအားကျဆင်းစေသော ရောဂါများ) မရှိခြင်းတို့ဟာလဲ တိုးတက်ကောင်းမွန်စေတဲ့ သက်ရောက်မှု တိုက်ရိုက်ရှိနေတာမို့ ကိုယ်ခံအားကောင်းချင်ရင် အဲဒီအချက်များကိုလည်း ထည့်သွင်း ဆင်ခြင်သင့်ကြောင်း အဆိုပါ သွေးနှင့် အထွေထွေရောဂါကု သမားတော်ကြီးက ဖြည့်စွက် ညွှန်ကြားသွားတာကို မက်ဖန်ပရိသတ်များအတွက် တင်ပြပေးလိုက်ပါတယ်။
Last Updated at 2010-04-20 on 13:17:12 Probe by :