“တိမ်တွေပြိုတဲ့ည”

WowApril 12, 20121min12012

တစ်ညလုံးမအိပ်လိုက်ရဘူး
ဘယ်ဘက်ရင်ဘတ်ပေါ်
တိမ်တွေပြိုကျနေလို့လေ။

အသဲပုံသကြားလုံးလေးတွေနဲ့
ကော်ဖီမစ်(စ်)နှစ်ထုပ်ရဲ့ရာဇဝင်
ငါဟာ သမိုင်းမကျေခဲ့သူပါ ကလေးရဲ့။

ကိုယ်တစ်သက်လုံး ရင်အုပ်မကွာ စောင့်ရှောက်ပေးချင်မိတဲ့
သစ်ပင်ဟာ မင်းပဲကွဲ့။

ကလေးရေ
ဘဝဟာ တစ်ခါတရံ မင်းထင်တာထက်ပိုပြီး ရက်စက်တတ်ပါတယ်။
ရိုးသားချင်ရင်ရိုးသားလိုက်…
လူတော်ကြီးဖြစ်ချင်ရင်ဖြစ်လိုက်စမ်း…
ဘာလုပ်ရမှန်းမသိရင် ဘာမှမလုပ်နဲ့ပေါ့။

ဒါပေမဲ့
အဖွဲ့အစည်းတွေနဲ့နေကြတဲ့ပတ်ဝန်းကျင်မှာ
ပန်းပြားပင်ရဲ့အနုပညာကို မင်းလေ့လာရလိမ့်မယ်။

လေယူရာယိမ်းဖို့ မသင်ကြားချင်နေ
မုန်တိုင်းတွေထဲမှာတော့ မင်းအသက်ရှင်ကျန်ရစ်ရမယ်ကွဲ့။

ကျေးဇူးပြုပြီး မနာကျင်လိုက်ပါနဲ့ကလေးရေ
မင်းရဲ့ဝမ်းနည်းတဲ့မျက်လုံးတွေကိုကြည့်လိုက်ရင်
တစ်ကမ္ဘာလုံးနဲ့ငါ စစ်တိုက်လိုက်ချင်လို့ပါ။

“ပြီးတော့လဲပြီးတာပါပဲ” ဆိုတဲ့ ဟိုစာရေးဆရာကြီးရဲ့စကားလိုပေါ့
တချိန်မှာပြီးခဲ့တာတွေက…အကုန်ပြီးသွားမှာပါ။

နာကျင်ခဲ့ရမှုတွေကိုပြုံးပြီးပြန်ကြည့်နိုင်တဲ့တစ်နေ့
မင်းမတွေ့ဘူးလို့ဘယ်သူပြောသလဲ။

ကလေးရေ
ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် မင်းမတွေးပါနဲ့
ကမ္ဘာဦးထဲက ဒီနေ့အထိ
“အသက်ရှင်ကျန်ရစ်ခြင်း” ကသာ အမှန်တရားကွဲ့။

ကလေးရေ
ဘယ်သူရှုံးတယ်၊ ဘယ်သူနိုင်တယ် မင်းမတွေးပါနဲ့
ဘယ်သူမှ “7 ရက်” ထက်ပိုပြီး စိတ်မဝင်စားလို့ပါ။

ကလေးရေ
ငါ့ရင်ဘတ်ထဲက တိမ်တွေကို
မင်းရဲ့မြေဩဇာအဖြစ်
အားသစ်လိုက်စမ်း။ ။

12 comments

  • etone

    April 13, 2012 at 4:02 am

    တစ်ညလုံး အိပ်မရဘူး ….
    ဂွတီး ဂွကျ ငါ့အဖြစ်
    လူရယ်စရာဖြစ်လည်း
    ဆေးလိပ်တိုကိုညှိ
    ဝရံတာထွက်ကြည့်မိတော့
    အမှောင်ထဲက လူပုံရိပ်
    ရိုးတိုးရိတ်တိတ် နဲ့ ….

    ဘူးကြည့်မဟုတ်ပေမယ့်
    ပြူးကြည့်ခဲ့မိတယ် …
    အို … မွေးမေလေ့ ….
    အဲ့ဒါ င့ါချစ်သူပဲ …
    😆

    နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေနော် …

  • Wow

    April 13, 2012 at 7:02 pm

    ကောင်းလိုက်တဲ့စာချိုး
    😛
    အီတုံးလဲ နှစ်သစ်မှာ သားတစ်ရာ လင်တစ်ကျိတ် ကလေးအစိတ်နဲ့ အဲဟုတ်ပေါင်…. 😉
    လိုရာဆန္ဒတွေပြည့်ပါစေလို့….

    • etone

      April 13, 2012 at 10:46 pm

      အဟိဟိ … ပေးတဲ့ဆုနဲ့ ပြည့်ပါစေ …. wish you too ပါ … 😀

  • htet way

    April 13, 2012 at 9:09 pm

    ကဗျာက ကောင်းလိုက်တာ
    ဖတ်ရှု့အားပေးခဲ့ပါတယ်။
    ကလေးရေ
    ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် မင်းမတွေးပါနဲ့
    ကမ္ဘာဦးထဲက ဒီနေ့အထိ
    “အသက်ရှင်ကျန်ရစ်ခြင်း” ကသာ အမှန်တရားကွဲ့။

    • Wow

      April 15, 2012 at 8:19 pm

      ပထမဆုံးရေးတဲ့ ကဗျာကိုကောင်းတယ်လို့ပြောတဲ့အတွက်ကျေးဇူးတင်ပါတယ်။
      ဘဝမှာ နိုင်ချင်နိုင် ရှုံးချင်ရှုံး ဆက်လက်ရှင်သန်ရမှာကို ခံစားပြီး ရေးလိုက်တာပါ။

  • alinsett

    April 13, 2012 at 9:27 pm

    အရမ်းကောင်းပါတယ် ။ ကဗျာဆိုရင်..ဒီလို စကားလုံး သစ်ဆန်းမှုလေးတွေ..နဲ ့တွေ ့ချင်နေတတ်လို ့ ကျွန်တော့်အကြိုက် ကဗျာလေးပါ ။

    ကျေးဇူးပါ။

    • Wow

      April 15, 2012 at 8:21 pm

      တကယ်ပြောတာလားဟင်…
      ဘယ်သူမှလာသိပ်မဖတ်ကြလို့ အားငယ်နေတာ…
      🙂

  • Gipsy

    April 15, 2012 at 8:48 pm

    လာမဖတ်တာ မဟုတ်ပါဘူး …ဖတ်ပါတယ် ..ဝင်ပြီး မန့် မလို့…ဒါနဲ့
    ဘယ်လို မန့်ရမယ် စဉ်းစားမရတာနဲ့ .. နှစ်ခေါက်ကြီး များတောင် တပ်ခေါက်ပြန်လှည့်
    သွားတာပါ …။

    • Wow

      April 15, 2012 at 8:54 pm

      အင်း အဖြစ်ချင်းတော့တူနေပြီ….
      အခုတစ်လော ရွာထဲကစာတွေကို ဝင်ဝင်ဖတ်ဖြစ်ပေမဲ့ ဘာမှ ဝင်မမန့်ဖြစ်တာကြာပီ…
      🙂

  • Gipsy

    April 15, 2012 at 8:56 pm

    ရှုံးသည်
    နိုင်သည်
    ဤနှစ်လီ
    မှားမယ်
    မှန်မယ်
    ဤနှစ်ပယ်
    ရွေးကာ
    စီစစ်
    ချကာစိုက်ပျိုး
    ရေကြည်ထိုး၍
    ပြုံးပန်းရင်မှာ
    ပွင့်စေသတည်း

    • Wow

      April 15, 2012 at 9:04 pm

      အင်း အဲလိုစိတ်မျိုးထားနိုင်မယ်ဆိုရင် တစ်ခုခုဆို သိပ်စိတ်မဆင်းရဲရဘူးပေါ့နော်…

  • Gipsy

    April 15, 2012 at 9:27 pm

    စာက စာထဲမှာသာ ရှိနေတာ… ကဗျာက ကဗျာပါပဲ…
    လောကဓံကြောင့် စိတ်မဆင်းရဲရတယ် လို့ရှိမလား ဗျာ…
    ဟိုကတစ်မျိုး..ဒီကတစ်မျိုးတွေနဲ့ ကျောပူ ခေါင်းပူ ဖြစ်ပြီး ..
    အမွေးဖြူ နေပြီးလေ….။

Leave a Reply