အနမ်း သင်္ကေတလေးတွေ မော်ကွန်းထိုးလို့….

zaylayJune 12, 20101min410

အနမ်းဆိုတာ ချစ်သူနှစ်ယောက်အမှတ်တရ အတူရှိနေခဲ့တဲ့အချိန်လေးတွေကို
ဘယ်တော့မှမမေ့တော့အောင် မော်ကွန်းထိုးပေးတဲ့ သင်္ကေတလေးတစ်ခုဖြစ်ပါတယ်။
အနောက်တိုင်း သုတေသီတွေက စိတ်ဖိစီးတဲ့ဒဏ်ကို အကြီးအကျယ်ခံစားနေရတဲ့
ဝေဒနာရှင်တွေတောင် ချစ်သူရဲ့အနမ်းကြောင့် အားအင်သစ်တွေ တိုးပွားလန်းဆန်း
လာတယ်လို့ ထောက်ခံထားကြတာပါ

ဒီတော့ ပူလောင်တဲ့၊ ရမ္မက်ဆန်တဲ့အနမ်းတွေကို ခဏလောက်မေ့ထားပြီး
ယစ်မူးကြည်မွေ့စရာ ရင်ခုန်သံလေးတွေကို ပိုင်ဆိုင်စေမယ့် အနမ်းလေးတွေကို
ခုလိုမျိုးအမျိုးအစားခွဲကြည့်ကြရအောင်။

၁။ နတ်သမီးအနမ်း

ချိုမြိန်ပြီး သက်သောင့်သက်သာရှိစေတဲ့ အနမ်းလို့ အချစ်ကျမ်းဆရာတွေက
အဓိပ္ပာယ်ဖွင့်ကြပါတယ်။ ဒီအနမ်းဟာ ကိုယ့်ချစ်သူရဲ့မျက်လုံးအထက်နားကို
ခပ်ဖွဖွလေးနမ်းတာကို ဆိုလိုပါသတဲ့။ တချို့ကလည်း
ရှက်စနိုးမှေးမှိတ်ထားတဲ့ချစ်သူရဲ့ မျက်ဝန်းလေးတွေကို ယုယုယယနမ်းတာကို
ခေါ်တာပါလို့ပြောကြပြန်တယ်။

၂။ ပါးပြင်အနမ်း

နေရာတကာမှာတွေ့နိုင်တဲ့ အနမ်းတစ်ခုပါ။မိဘတွေကလည်း သားသမီးလေးတွေကို
နမ်းကြတာတွေ့ဖူးကြမှာပေါ့။ အဓိပ္ပာယ်ကတော့
နူးနူးညံ့ညံ့ချစ်မြတ်နိုးတယ်လို့ ကိုယ်အမူအယာနဲ့ဖော်ပြတဲ့သဘောမျိုးပါပဲ။
ချစ်သူချင်းဆိုရင်တော့ ‘မင်းကို တကယ်ချစ်တာပါ’လို့ ပါးစပ်ကမပြောဘဲ
အနမ်းနဲ့အသိပေးလိုက်တာဆိုရင်လည်း မမှားပါဘူး။ ဒီအနမ်းကို
ပထမဆုံးချိန်းတွေ့တဲ့စုံတွဲလေးတွေ လက်တွေ့ကျင့်သုံးတတ်ကြတယ်လို့ဆိုပါတယ်။

၃။ လိပ်ပြာအနမ်း

မျက်နှာနှစ်ခု နီးနီးကပ်ကပ်ရှိနေပါပြီ။ နောက်တော့ ကောင်လေးရော၊
ကောင်မလေးပါ မျက်လုံးလေးတွေမှိတ်သွားကြပြီး ချစ်သူနှစ်ယောက်ရဲ့
အရိပ်တွေဟာ ပိုနီးသွားကြတယ်။ ဒီအနမ်းကို ဘာဖြစ်လို့လိပ်ပြာအနမ်းလို့
ခေါ်သလဲဆိုတာ တိတိကျကျရှင်းပြမထားပေမယ့် ဒီအနမ်းကြောင့်
စိတ်ထဲမှာပေါ့ပါးကြည်နူးပြီး လေထဲမြောက်နေသလို ခံစားရမယ်ဆိုရင်
ဒီနာမည်လေးနဲ့ လိုက်ဖက်တဲ့အကြောင်း ထောက်ခံလိုက်ကြပါစို့။

၄။ အက်စကီးမိုးအနမ်း

ဒါကတော့ ရေခဲနေတဲ့ဒေသတွေမှာ နေလေ့ရှိတဲ့ အက်စကီးမိုးလူမျိုးစုရဲ့
ရိုးရာနှုတ်ဆက်နည်းတစ်ခုကို အခြေခံထားတဲ့အနမ်းလေးပါ။
မျက်နှာချင်းဆိုင်ပြီး နှာခေါင်းလေးတွေထိရုံပဲထိတဲ့ အနမ်းမျိုးပါပဲ။
အက်စကီးမိုးတွေအတွက်တော့ အဲဒီလိုလုပ်ရင် လူ့ခန္ဓာကိုယ်က အနွေးငွေ့ကြောင့်
အချမ်းပြေချင်ပြေမှာပေါ့။ ချစ်သူနှစ်ယောက်အတွက်တော့ ရယ်ရွှင်မြူးတူးရတဲ့
ကြည်နူးမှုကို ဖြစ်စေမှာပါ။

၅။ နားရွက်အနမ်း

ချစ်သူရဲ့နားရွက်ကို တိတ်တိတ်လေးခိုးနမ်းရတဲ့အရသာကိုကြုံဖူးကြပါသလား။
တစ်ခုခု တိုးတိုးလေးပြောမယ်လို့ဟန်ဆောင်ပြီး သိချင်စိတ်စောနေတဲ့ချစ်သူကို
ရွရွလေးနမ်းတဲ့အနမ်းပါ။ သေချာတာကတော့ ချစ်သူဆီက မျက်စောင်းလေးတစ်ချက်
လက်ဆောင်ရမယ်ဆိုတာပါပဲ။

၆။ လည်ပင်းအနမ်း

ထိခိုက်ခံစားလွယ်ပြီး နူးညံ့ကျေနပ်စရာအနမ်းတစ်ခုလို့ဆိုပါတယ်။ ဒီအနမ်းကို
အနောက်တိုင်းက အထက်တန်းစားလူယဉ်ကျေးတွေ ကျင့်သုံးတတ်ကြပါတယ်။
ချစ်သူရဲ့ကိုယ်လုံးလေးကို ထွေးပွေ့ပြီး နမ်းတဲ့ အနမ်းဟာ
တစ်သက်လုံးမခွဲတမ်းတူနေသွားမယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ဖော်ဆောင်ပါသတဲ့။

၇။ လက်ရုံးအနမ်း

မိန်းကလေးတွေက ကိုယ့်ချစ်သူကို နမ်းတဲ့အနမ်းမျိုးပါ။ အားကိုးတာ၊
ယုံကြည်လေးစားတာကို အဓိပ္ပာယ်သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ ရှေးခေတ်က
ခရူးဆိတ်စစ်သည်တော်တွေ စစ်ထွက်ခါနီးရင် ချစ်သူတွေ၊ ဇနီးမယားတွေက
သူတို့ရဲ့ညာဘက်လက်မောင်းကို နမ်းရှုံ့ပြီး နှုတ်ဆက်ကြပါတယ်။ ဒါဟာ
မျှော်လင့်ခြင်းနဲ့ ကံကောင်းစေခြင်းကို ဖော်ဆောင်ပြီး
ချစ်သူရဲ့လွှမ်းမိုးနိုင်မှုနဲ့ ရဲစွမ်းသတ္တိကို လေးစားကြည်ညိုတဲ့နိမိတ်ကို
ဖော်ကြူးတဲ့သဘောမျိုးပါတဲ့။

ကဲသယ်ဂျင်းတို့ရေ ချစ်သူခင်သူများစွာမရှိရင်တောင့် ကိုယ်ချစ်တဲ့
ကိုယ့်ကိုချစ်တဲ့သူလေးနဲ့အတူ အနမ်းကလေးတွေ
ကြည်နူးစွာဝေဖြာနိုင်ပါစေကြောင်း ဆန္ဒပြုပါရစေ။

–@