ပန်းလိုလှတဲ့စိတ်

zaylayJune 12, 20101min450

www.myathwayyni.mylovecafe မှ ဆရာမမြသွေးနီရဲ့ ပို့စ်လေးတစ်ခုကောင်းလို့ ကူးယူပြီးသူငယ်ချင်းများအတွက်ပို့ပေးလိုက်ပါတယ်နော်…
ပန်းလိုလှတဲ့စိတ်
WP Greet Box icon
Hello there! If you are new here, you might want to subscribe to the RSS feed for updates on this topic.
Powered by WP Greet Box WordPress Plugin

တစ်နေ့မှာ ကောင်းပေ့ဆိုတဲ့ ပန်းတွေမှရောင်းတဲ့ ပန်းအရောင်းဆိုင်ကြီး တစ်ဆိုင်က အခုလို ကြော်ငြာလိုက်တယ်။

” ကျွမ်းကျင် အရောင်းဈေးသည် တစ်ဦး အမြန်အလိုရှိသည်။ လစာငွေ ကောင်းကောင်းပေးမည်။ “

..ဆိုပြီး ကြော်ငြာ လိုက်တယ်။ ကြော်ငြာတွေ့တယ်ဆိုရင်ဘဲ လာလျှောက်ကြတဲ ့သူတွေ မနည်းပါဘူး။ ဆိုင်ပိုင်ရှင်က အားလုံးကို အင်တာဗျုးပြီးတဲ့အခါ မိန်းကလေး (၃)ဦးကို ပဏာမ ရွေးချယ်လိုက်တယ်။ သူတို့ (၃) ဦးကို တစ်ဦးကို တစ်ပါတ်စီ ဆိုင်မှာ အစမ်းခန့် ကြည့်ပြီးမှ အဆင်ပြေဆုံး တစ်ဦးကို ဆိုင်အတွက်ရွေးချယ်ဘို့ ဆုံးဖြတ်လိုက်တယ်။ အရွေးခံရတဲ့ မိန်းကလေး (၃)ဦးကလည်း ပန်းကလေးလိုဘဲ လှပကြတယ်။

ပထမတစ်ဦးက ပန်းအလှပြင်ဆိုင်မှာ လုပ်ခဲ့ဖူးတော့ ပန်းတွေကို ဘယ်လိုပြင်ဆင်ရတယ်၊ ဘယ်လိုကိုင်တွယ်ရတယ်၊ ဘယ်လို ကြာကြာခံအောင် ထားသိုရတယ်ဆိုတာ ကျွမ်းကျင်နေတာပေါ့။ ဒုတိယတစ်ဦးကလည်း ပန်းအလှပြင် သင်တန်းဆင်း တစ်ဦးဖြစ်နေတဲ့အတွက် ဒီလုပ်ငန်းဟာ သူ့အတွက် မစိမ်းဘူးဖြစ်နေတော့တာပေါ့။ တတိယ မိန်းကလေးကတော့ ဘာအတွေ့အကြုံမှ မရှိတဲ့ အလုပ်ရှာနေသူ တစ်ဦးပါဘဲ။

ဆိုင်ရှင်က သူတို့(၃) ဦးကို တစ်ပါတ်စီ စမ်းသုံးကြည့်ပြီး ရတဲ့ရလဒ်ပေါ်မှာမှ ရွေးချယ်မယ်ဆိုတော့ အတွေ့အကြုံ ကောင်းကောင်းရှိတဲ့ ပထမမိန်းကလေးက စိတ်ထဲမှာ ကြိတ်ဝမ်းသာနေတာပေါ့။ ပန်းရောင်းတာ၊ ပန်းအိုးထိုးတာ၊ ပန်းတွေကိုင်တွယ်တာ အားလုံးက သူ့အတွက်အခက်ခဲမရှိ၊ တတ်သိပြီးသားတွေချည်း ဖြစ်နေတယ်။ လာသမျှ ဧည့်သည်တွေကို ပန်းအမျိုးမျိုးရဲ့ အခေါ်အဝေါ်၊ ပန်းတွေရဲ့ ရည်ညွှန်းတဲ့ အဓိပ္ပါယ်၊ ဘယ်လိုလူမျိုးဆို ဘာပန်းနဲ့ သင့်တော်မယ် ဆိုပြီင်္း ရွှန်းရွှန်းဝေအာင် ရှင်းပြတတ်တော့ ဝင်လာသမျှ ဧည့်သည်တွေက ပန်းတစ်စည်း ဒါမှမဟုတ် ပန်းတစ်ခြင်းလောက်ကတော့ ဝယ်သွားကြတာချည်းပါဘဲ။ ရက်သထ္ထ(၁)ပါတ် ပြည့်တော့ သူ့ရလဒ်က ဘယ်ဆိုးမလည်းနော်။ ဆိုင်ပိုင်ရှင်က သူမရဲ့ အရည်အသွေးကို တအားကို ကြိုက်နေပြီပေါ့။ သူ့ကိုသာခန့်ရင် ငါ့ဆိုင်ရဲ့ဝင်ငွေဟာ တရိပ်ရိပ်တက်လာမှာ အသေအခြာဘဲ လို့တွေးနေတော့တာပေါ့။

နောက်.. ဒုတိယ ပန်းအလှပြင် သင်တန်းကျောင်းဆင်း မိန်းကလေးကြတော့လည်းှ စာအုပ်ထဲမှာ လေ့လာထားသမျှနဲ့ သင်တန်းမှာ လက်တွေ့ပန်းအလှပြင်နည်းတွေကို အစွမ်းကုန်အသုံးချ၊ ကျိုးသွားတဲ့ ပန်းတွေကို အလဟသ၁ မဖြစ်စေဘဲ သွားကြားထိုးတံနဲ့တမျိုးှ၊ သွပ်နန်းကြိုးလေးတွေနဲ့တစ်လီ ပြုပြင်လို့ ဖန်တီးထားတာဖြင့် မျက်စိပသာဒမှာ ရှုမငြီးအောင် ဖြစ်နေတော့တာပါဘဲ။ ဆိုင်ပိုင်ရှင်က သူမရဲ့ ဖြတ်ထိုးဉာဏ်၊ ဗဟုသုတရှိပုံနဲ့ ဖန်တီးနိုင်စွမ်းကို တော်တော့ကို သဘောကြသွားတယ်။ သူ့ကိုသာခန့်လိုက်ရင် ဆိုင်မှာ အလေအလွင့်နည်းပြီး ဒီဇိုင်းအသစ်အဆန်းတွေ ငါ့ဆိုင်မှာဖန်တီး ထုတ်လုပ်နိုင်မှာ သေခြာတယ်ဆိုပြီး ဘဝင်ကျနေပြန်တယ်။

တတိယ မိန်းကလေးကတော့ အလုပ်အတွေ့အကြုံမရှိရှာတော့ ပန်းတွေကို မထိရက် မကိုင်ရက်နဲ့ပေါ့။ သူလုပ်လိုက်လို့ အမှားတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်စိတ် အပြည့်လေးနဲ့ပေါ့။ ပန်းတွေကြားမှာ ရောရပ်နေရင်း သူမကိုယ်တိုင် ပန်းပွင့်လေးတစ်ပွင့်လို နူးညံ့ဖြူစင် နေတော့တယ်။ သူမရဲ့ ပင်ကိုယ်စိတ်ကိုက ပန်းပွင့်လေးလိုဘဲလှပတယ်။ သူမဟာ နာနေတဲ့ သုံးမရလို့စွန့်ပစ်ထားတဲ့ ပန်းပွင့်လေးတွေကို လွှင့်မပစ်ရက်ဘဲ ပွင့်ချပ်လေးတွေကို ဖြတ်ညှပ်ပြီး ဆိုင်ရှေ့ကဖြတ်သွားတဲ့ ကျောင်းသူ ကျောင်းသားလေးတွေကို လက်ဆောင်ပေးလိုက်တယ်။ ပန်းဝယ်ပြီး သူ့လက်ထဲက ပန်းစည်း ယူသွားတဲ့ လူတိုင်းကို..

” ပန်းလက်ဆောင်ပေး ကိုယ့်အတွက် မွှေးမြပါစေရှင်” ..လို့ချိုသာကြည်လင်တဲ့ အသံလေးနဲ့ ပြောတတ်တယ်။ အဲ့ဒီချိုမြတဲ့ စကားသံလေးက သူ့အတွက်လား၊ သူ့ဆိုင်အတွက်လား၊ ပန်းဝယ်သူတွေအတွက်ပြောတာလား၊ ဘာဘဲဖြစ်ဖြစ် ကြားလိုက်ရသူ အားလုံးအတွက်ကတော့ စိတ်နှလုံး ကြည်နူးချမ်းမြေ့ရတာ ချည်းပါဘဲ။ ဒါနဲ့ဘဲ သူမရဲ့ချိုသာတဲ့အပြောလေးကြောင့် ပန်းလေးတွေဝယ်သွားကြတယ်။ အဲ့လြိုကိုးစားခဲ့ပေမယ့် သူမဟာ ရက်သထ္ထ(၁)ပါတ် ပြည့်သွားတဲ့အခါ တခြားနှစ်ယောက်ရဲ့ ရောင်းအားအောက်မှာဘဲ သူမရဲ့ရှာတဲ့ငွေက ရှိနေခဲ့ပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာ ဆိုင်ရှင်က မထင်မှတ်ဘဲ တတိယမိန်းကလေးကို ဆိုင်အတွက် ရွေးချယ်ခန့်လိုက်ပါတယ်။ ဆိုင်မှာရှိနေတဲ့ ဝန်ထမ်းတွေက မရှင်းကြဘူး။ ဘာလို့ သူတို့ဆိုင်ရှင်က ပိုက်ဆံအရှာနိုင်ဆုံး အရောင်းကျွမ်းကျင်တဲ့ ပထမမိန်းကလေးကို မရွေးပါလည်း ဆိုပြီးတော့ပေါ့။ ဒီတော့ ဆိုင်ရှင်က အခုလို ရှင်းပြလိုက်တယ်။

”ပန်းရောင်းပြီး ရှာနိုင်တဲ့ငွေက အကန့်အသတ်ရှိပါတယ်။ ပန်းလိုလှတဲ့စိတ်ဓာတ်နဲ့ ရှာနိုင်တဲ့ ငွေက အကန့်အသတ်မရှိပါဘူး။ ပန်းအလှပြင်တဲ့ပညာကိုဘယ်သူမဆို ဘယ်နေရာမှာမဆို သင်ယူလို့ရပါတယ်။ ပန်းလိုလှတဲ့ စိတ်ဓာတ်ကိုတော့ သင်ယူလိုု့ မရနိုင်ပါဘူး.. အဲ့ဒီစိတ်ဓာတ်ထဲမှာ စိတ်နေစိတ်ထား၊ အကျင့်စာရိထ္ထ၊ ဝါသနာ၊ အနုပညာနဲ့ အလိမ္မာတရားတွေ ပါဝင်နေလို့ပါ ” …တဲ့။

ဆရာမရဲ့အမှာစကားလေးပါထည့်သွင်းကူးယူပေးလိုက်ပါတယ်……..

ကျွန်မတို့တွေလည်း မိမိမှာ လုပ်ငန်းခွင် အတွေ့အကြုံမရှိဘူးဆိုပြီး စိုးရွံ့အားငယ်စိတ်တွေ ဖြစ်တတ်ကြပါတယ်။ အလုပ်ဆိုတာက လုပ်ရင်းနဲ့ ဘယ်လိုလုပ်ရမယ်ဆိုတာကို လုပ်နေရင်းကဘဲ တဖြေးဖြေးနဲ့ သင်ပေးသွားမှာပါ။ ဒါပေမယ့် အလုပ်အပေါ်မှာ ယုံကြည်စိတ်အပြည့်၊ စေတနာအပြည့်အဝနဲ့ ဖြူစင်စွာထားပြီး လုပ်ရမှာကတော့ ကျွန်မတို့ကိုယ်တိုင်ကိုက လုပ်ယူမှသာ ရမှာပါ။ ဒီလိုသာဆိုရင်ဖြင့် ကျွန်မတို့အားလုံး အခွင့်ရေးကောင်းတွေနဲ့ မလွဲမသွေကြုံဆုံ ကြရမှာပါရှင်။

@